menu

Tuesday 3 September 2013

MPT ကို အသွင်ပြောင်းရန် ကန်ဒေါ်လာ နှစ်သန်း သုံးမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အပြိုင်အဆိုင် ပေးအပ်လာတော့မည့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရေး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အသွင်ပြောင်း ဖွဲ့စည်းရန် အမေရိကန်ဒေါ်လာ နှစ်သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်အတွင်း နည်းပညာနှင့် ဓနအင်အား တောင့်တင်းလှသည့် ပြည်ပကုမ္ပဏီနှစ်ခု ဝင်ရောက်လာတော့မည်ဖြစ်၍ ယင်းကုမ္ပဏီများနှင့် အဓိက ယှဉ်ပြိုင်နိုင်ရန် ဌာနမှဝန်ထမ်းများကို လေ့ကျင့်သင်တန်းများနှင့် လိုအပ်သည့် စက်ပစ္စည်းဆိုင်ရာ ဖြည့်တင်းမှုများအတွက် ယင်းငွေကို အသုံးပြုမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကမ္ဘာ့ဘဏ်က ဆက်သွယ်ရေးဝန်ကြီးဌာနကို ဒေါ်လာသန်း ၅၀ ချေးဖို့ ပြောထားတာရှိတယ်။ အဲဒီအထဲက ယူသုံးမှာ” ဟု ၎င်းကဆိုသည်။

လက်ရှိဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် MPT ကို ပထမအဆင့်၌ ကော်ပိုရေးရှင်းအဖြစ် အသွင်ပြောင်းမည်ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲဖွဲ့စည်းမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားထားသည်။

MPT ကို အသွင်ပြောင်း ဖွဲ့စည်းမည့် အစီအစဉ် အသေးစိတ်ကို ယနေ့အထိ တိတိကျကျ မသိရသေးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရုံးများကိုမူ ဆက်ထားသွားဖွယ် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဘက်စုံပြုပြင် ပြောင်းလဲရေးအတွက် ကမ္ဘာ့ဘဏ်ထံမှ အတိုးမဲ့ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ တင်ပြ တောင်းခံထားပြီး ပထမအဆင့် ၃၁ ဒသမ ၅ သန်းခွင့်ပြုထားကာ လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်၍ သန်း ၅၀ အထိ တိုးမြှင့်ချေးယူမည် ဖြစ်ကြောင်း ဦးသောင်းတင်က ပြောကြားထားသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis