menu

Tuesday 3 September 2013

ရေဆင်းကူးသည့် သားခြေဖဝါး ဖခင်က ဓားလှီးဆားသိပ်

ရန်ကုန်၊ စက်တင်ဘာ ၂

ရပ်ကွက်တွင်းရေကန်မှ ရေကူးပြီး ပြန်လာသော အသက် ၁၁ နှစ်အရွယ် သား၏ခြေဖဝါး နှစ်ဖက်ကို ဖခင်ဖြစ်သူက ဓားဖြင့်လှီးကာ ဆားသိပ်ခဲ့မှု သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ရွှေပြည်သာမြို့နယ် ၅/၂ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အောင်က The Voice သို့ ပြောကြားသည်။

သားသမီးလေးဦး ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သူသည် အကြိမ်ကြိမ်ပြောဆို ဆုံးမသော်လည်း နားမထောင်သဖြင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၂ နှစ်အရွယ်ရှိ ဖခင် ဦးဇော်မင်းဦးက နယ်ထိန်းရဲကို ပြောကြားခဲ့ကြောင်း ၎င်းကိုလိုက်လံ ဖမ်းဆီးသူများထဲတွင် ပါဝင်သူ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

ကလေး၏ ခြေဖဝါးနှစ်ဖက်ကို ကြက်သွန်လှီးဓားဖြင့် လှီးပြီး ဆားသိပ်မှုကို မိထွေးဖြစ်သူက မြင်သော်လည်း ဝင်ရောက် မဟန့်တားရဲသောကြောင့် နောက်တစ်ရက် (သြဂုတ်လ ၃၁ ရက်) ညနေပိုင်းတွင် ကလေး၏ အဘိုးအဘွားများ နေထိုင်သော သီရိမင်္ဂလာပတ်လမ်းရှိ အိမ်သို့ သွားရောက် အသိပေးခဲ့သဖြင့် ရပ်ကွက် တာဝန်ရှိသူများနှင့် နယ်ထိန်းတို့က ကလေး၏ဖခင်ကို သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ရပ်မိရပ်ဖဖြစ်သူက ဆိုသည်။

“ခြေဖဝါးတစ်ဖက် ဓားဒဏ်ရာက လေးလက်မကျော်တယ်။ ကလေးကို ရပ်ကွက်ကပဲ ဆေးကုပေးထားတယ်။ လူမဆန်တဲ့ လုပ်ရပ်မို့ ရပ်ကွက်ထဲကလူတွေ တော်တော် စိတ်ဆိုးနေကြတယ်” ဟု ရပ်ကွက်တွင်းနေထိုင်သူ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ရှင်းပြသည်။

ကလေး၏ ခြေဖဝါးကို ဓားဖြင့်ခွဲ၍ ဆားသိပ်သူ ဖခင်ကို (ပ) ၆၃၈/၁၃၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis