menu

Tuesday 3 September 2013

အာဆီယံသမိုင်းတွင် အရှည်ဆုံးဆောင်ပုဒ် ၂၀၁၄ အတွက် မြန်မာရွေးချယ်


ရန်ကုန်၊ စက်တင်ဘာ ၂

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးကို ပထမဦးဆုံး အလှည့်ကျ တာဝန်ယူမည့် မြန်မာအစိုးရက အာဆီယံ အဖွဲ့အစည်း ကိုယ်စားပြု အရှည်ဆုံး ဆောင်ပုဒ်တစ်ရပ်ကို ထုတ်ပြန် ကြေညာလိုက်သည်။

ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဆိုင်ရာ ဝန်ကြီးဌာနများ ထိပ်သီးအစည်းအဝေးတွင် မြန်မာအစိုးရက ယင်းသို့တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းပြီး၊ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်း တစ်ခုဆီသို့ တစ်စုတစ်စည်းတည်း ချီတက်ကြပါစို့” (“Moving forward in unity towards a peaceful and prosperous Community”) ဟူသော ဆောင်ပုဒ်တစ်ရပ်ကို မြန်မာအစိုးရက အကြိမ်ကြိမ်အခါခါ ဆွေးနွေးမှုများ၊ မူဝါဒဆိုင်ရာ ပညာရှင်၏ အကြံပြုချက်များ အပါအဝင် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပါဝင်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ကဝီက ရေးသားထားသည်။


မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် အာဆီယံဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်လွှဲပြောင်း ရယူတော့မည် ဖြစ်ပြီး အဆိုပါရာထူး ဆက်ခံရန်အတွက် ၂၀၀၈ ခုနှစ်မှစ၍ ယခင်အာဆီယံရာထူး ဆက်ခံခဲ့ဖူးသည့် အခြားအာဆီယံနိုင်ငံများမှ အတွေ့အကြုံများ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆောင်ပုဒ်ရွေးချယ်ပုံများကို လေ့လာ သုံးသပ်ခဲ့သည်။

ယခုလက်ရှိ ဥက္ကဋ္ဌ ရာထူးခံယူနေသည့် ဘရူနိုင်းနိုင်ငံ၏ ဆောင်ပုဒ်မှာ
“ကျွန်ုပ်တို့ ပြည်သူများနှင့် ကျွန်ုပ်တို့ အနာဂတ်များ အတူတူ ဖြစ်စေရမည်” ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်း ၁၆ နှစ် ကြာမြင့်ပြီးမှ ပထမဦးဆုံးအကြိမ် ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်လွှဲပြောင်းရယူမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis