menu

Tuesday 3 September 2013

ကုသိုလ်တော်ဘုရားအနီး တောင်းရမ်းနေသူ တရုတ်နိုင်ငံသား နေရပ်ပြန်ပို့


မန္တလေး၊ စက်တင်ဘာလ ၂

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော အသက် ၆၂ နှစ်အရွယ် တရုတ်နိုင်ငံသားကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တရားစွဲဆိုခြင်းမပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၇ (၂) အရ လာရာလမ်းအတိုင်း ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ ထပ်မံစုံစမ်းသိရှိရသည်။

“အဲဒီတရုတ်နိုင်ငံသားက ကုသိုလ်တော် ဘုရားနားမှာ နေလာတာတော့ ကိုးလကျော်လောက်ပြီ။ သူက ဗမာစကားလည်း တတ်တယ်။ တရုတ်လိုလည်း ငါးမျိုးလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ သူ့တို့တရုတ် လူမျိုးချင်းတွေ့ရင်လည်း သူ့ဘဝအကြောင်းလေးတွေ ပြောပြတယ်။ အဲဒီတရုတ်တွေက သူ့ကို ပိုက်ဆံတွေ ပေးသွားကြတယ်။ သူက အစတုန်းက အေးအေးဆေးဆေးပါပဲ။ ဘုရားနားမှာရှိတဲ့ ရေချိုးခန်းနားမှာ အိပ်လိုက်၊ ဇရပ်ထဲတွေမှာ အိပ်လိုက်ပါပဲ။ နောက်တော့ ဆိုင်ကယ် တက္ကစီသမားတွေနဲ့ပေါင်းပြီး အရက်တွေဘာတွေ သောက်တတ်လာတယ်။ အခုသူ့ကို မတွေ့တာတောင် ကြာလှပြီ” ဟု ကုသိုလ်တော် ဘုရားရှေ့တွင် ပန်းရောင်းသော မိသားစုမှ ဦးဝင်းကျော်က ပြောဆိုသည်။


အဆိုပါ တရုတ်နိုင်ငံသားသည် Wu Kyaung Shin ၆၂ နှစ် (ဘ) ဦးထွန်းရွှေ (မိ) လောင်ချုံလျန်း၊ ဗမာ/တရုတ်၊ သံဂဟေ လုပ်ငန်း၊ လုလျံခရိုင်၊ ကူမင်းမြို့၊ ယူနန် ပြည်နယ်၊ တရုတ်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ၂၀၁၂ခုနှစ် ဇွန်လပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် မုံတာမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ပန်ဆိုင်းမြို့သို့ ကားဖြင့် ရောက်ရှိခဲ့ကာ ပန်းဆောင်မြို့တွင် အလုပ်လုပ်ရန် လားရှိုးမြို့သို့ ရောက်ပြီးနောက် ရန်ကုန်မြို့ရှိ အစ်မဖြစ်သူ ဒေါ်ဟော်ရီရှုအား သွားရောက် ရှာဖွေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

၎င်းသည် ရန်ကုန်မှ မန္တလေးမြို့သို့ ရထားဖြင့် ပြန်လာစဉ် မန္တလေးဘူတာတွင် ခရီးဆောင်အိတ် ပျောက်ဆုံးသွားရာ တရုတ်နိုင်ငံသား လက်မှတ်နှင့် နိုင်ငံကူးလက်မှတ်များပါ ပျောက်ဆုံးသွားသောကြောင့် မန္တလေးမြို့ ကုသိုလ်တော်ဘုရားအနီးရှိ ဇရပ်တွင် ခိုကပ်နေထိုင်ကာ တောင်းရမ်း စားသောက် နေထိုင်ခဲ့ကြောင်း တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis