menu

Saturday 28 September 2013

အိန္ဒိယတွင် ငါးထပ်တိုက်ပြိုကျ၊ လူ ၇၀ ဦးအထိ ပါဝင်သွားဖွယ်ရှိ

Photo: အိန္ဒိယတွင် ငါးထပ်တိုက်ပြိုကျ၊ လူ ၇၀ ဦးအထိ ပါဝင်သွားဖွယ်ရှိ

မွန်ဘိုင်း၊ စက်တင်ဘာ ၂၇

အဆောက်အအုံ ဟောင်းများ မကြာခဏ ပြိုကျသည့် သတင်းများ ထွက်လာလေ့ရှိသည့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် ငါးထပ်တိုက်တစ်လုံး ပြိုကျ ပျက်စီးသွားခဲ့ရာ အပျက်အစီးများ အောက်တွင် လူ ၇၀ ဦးခန့် ပိတ်မိ ပါဝင်သွားဖွယ် ရှိကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

မြို့တော် အရှေ့ပိုင်းရှိ ယင်းအဆောက်အအုံကို ဘီဟာမွန်ဘိုင်း မြူနီစီပယ် ကော်ပိုရေးရှင်း၏ လူထုစီမံ အုပ်ချုပ်ရေးဌာနက ပိုင်ဆိုင်ခြင်း ဖြစ်သည်။
“ကျွန်မသားလေးက အထဲမှာ ရှိပါတယ်။ သူတို့ ပြန်ထုတ်ပေးမယ့် အချိန်ကို စောင့်နေတာပါ” ဟု ကယ်ဆယ်ရေး လုပ်သားများက အလေးချိန် အလွန်စီးသော အပျက်အစီးများကို ဖယ်ရှားနေစဉ် အသက် ၆၂ နှစ်အရွယ် မီသီဆိုလာကာနီက ဝမ်းနည်းစွာဖြင့် AFP ကို ပြောကြားသည်။
မြေတူးစက်များ၊ ဝန်ချီစက်များစွာ အသုံးပြုပြီး အလွန်ကြီးမားသော ကွန်ကရစ် အလွှာကြီးများကို ဖယ်ရှားနေစဉ် ကယ်ဆယ်ရေး လုပ်သားများက ခက်ခက်ခဲခဲဖြင့် အလောင်းများကို ဆွဲထုတ်နေကြသည်။

ကျန်ရစ်သူ မိသားစုများက စိတ်ပူပန်စွာဖြင့် စောင့်ဆိုင်း နေကြပြီး တွေ့ ရှိသော ခန္ဓာကိုယ်များကို အဝတ်များဖြင့် ပတ်ပြီး နီးစပ်ရာ လူနာတင်ယာဉ်များပေါ် တင်သွားကြကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

ပြိုကျသွားသည့် အဆောက်အအုံတွင် စုစုပေါင်း အိမ်ထောင်စု ၂၂ စု ယင်းငါးထပ်တိုက်တွင် နေထိုင်ကြသည်ဟု အမျိုးသား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေး အာဏာပိုင် (NDMA) က ပြောကြား ခဲ့သည်။
“အထဲမှာ လူ ၇၀ လောက် ပိတ်မိ ပါဝင်သွားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ယင်းအဖွဲ့အစည်းမှ ဝန်ထမ်းတစ်ဦးဖြစ်သူ အလော့အဗက်စ်သီက အခင်းဖြစ် နေရာတွင်ပင် AFP ကို ပြောကြားခဲ့သည်။

ကနဦးပိုင်းက ပျောက်ဆုံးနေသော လူဦးရေ ၂၀ ခန့် ရှိသည်ဟု မြို့တော် အုပ်ချုပ်ရေးမှ အရာရှိမာနီရှာမဟစ်စ်ကာက ပြောကြားခဲ့သေးသည်။

အသက်ရှင်လျက်ဖြင့် လူခုနစ်ဦးကို ဆွဲထုတ်ပေးနိုင်ခဲ့သည်ဟု ယင်းအမျိုးသမီး အရာရှိက ဆိုသည်။

ပြီးခဲ့သည့် လများအတွင်းက မွန်ဘိုင်းအတွင်း တိုက်များပြိုကျမှု ငါးကြိမ် ဖြစ်ခဲ့ပြီး ဧပြီလအတွင်းက ဖြစ်ရပ်တွင်မူ စုစုပေါင်း ၇၄ ဦးတိတိ သေဆုံးခဲ့ရသည်။

အရည်အသွေး ညံ့ဖျင်းသော ဆောက်လုပ်ရေးများနှင့် အဆောက်အအုံများအတွက် စည်းမျဉ်းများကို ချိုးဖောက်စေသည့် အိုးအိမ်ဌာန၏ အကျင့်ပျက် လာဘ်စားမှုများကို ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis