menu

Saturday 28 September 2013

‘လူဖြူမုဆိုးမ’ အကြမ်းဖက်သမား ဖမ်းဆီးပေးရန် အင်တာပို ကမ္ဘာလုံးချီ တပ်လှန့်မှု ပြုလုပ်

Photo: ‘လူဖြူမုဆိုးမ’ အကြမ်းဖက်သမား ဖမ်းဆီးပေးရန် အင်တာပို ကမ္ဘာလုံးချီ တပ်လှန့်မှု ပြုလုပ်

နိုင်ရိုဘီ၊ စက်တင်ဘာ ၂၇

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဈေးဝယ်စင်တာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယ ရှိနေသော လူဖြူမုဆိုးမဟု အမည်ပေးခြင်းခံရပြီး ခင်ပွန်းသည် ကွယ်လွန်သွားပြီ ဖြစ်သည့် ဗြိတိန်အမျိုးသမီး အကြမ်းဖက်သမားကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုက ကမ္ဘာလုံးချီ တပ်လှန့်နှိုးဆော်မှု ပြုလုပ်လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

နာတာလီဝဘ်ဟု နာမည်အတု အသုံးပြုထားသော ၂၉ နှစ်အရွယ် ဆမန်သာလုသ်ဝိတ် အမျိုးသမီးကို ဖောက်ခွဲရေး ပစ္စည်းများ ပိုင်ဆိုင်မှု၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်ရန် ကြံစည်မှုများဖြင့် ကင်ညာနိုင်ငံက အလိုရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ‘အနီရောင် သတိပေးချက်’ ထုတ်ပြန်ခဲ့သည်။

ကင်ညာနိုင်ငံက အနီရောင် သတိပေးချက် ထုတ်ပြန် လိုက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင် တရားခံပြေး နာတာလီဝဘ်နှင့် သတိပေးချက်များ ရောက်ရှိမည် ဖြစ်သည်။

နိုင်ရိုဘီ ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် ‘လူဖြူမုဆိုးမ’ ဟု ခေါ်ဝေါ်နေကြသည့် ဗြိတိန် အမျိုးသမီး အကြမ်းဖက်သမား တစ်ဦး ပါဝင်ကြောင်း ခန့်မှန်း ပြောကြားမှုများ ပေါ်ထွက်လာပြီးနောက် ကင်ညာ နိုင်ငံ၏ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း အရပ်သား ၆၁ ဦး၊ လုံခြုံရေး တပ်ဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ၆၇ ဦး သေဆုံးပြီး လူပေါင်း ၁၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် အမျိုးသမီး တစ်ဦးမျှ ပါဝင်ခြင်း မရှိကြောင်း အယ်လ်ကေဒါ အဖွဲ့နှင့် ပတ်သက်မှု ရှိသည့် အယ်ရှာဘတ် အဖွဲ့က အခိုင်အမာ ပြောကြားလိုက်သည်။

ဈေးဝယ်စင်တာ တိုက်ခိုက်မှုမှ လွတ်မြောက်လာသူ တစ်ဦးကမူ အသားအရောင် ဖျော့သည့် အမျိုးသမီးတစ်ဦးက မိမိကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

လူဖြူမုဆိုးမဟု အမည်ပေးထားသည့် ထိုအမျိုးသမီးသည် အရှေ့အာဖရိက နိုင်ငံများအတွင်း လှုပ်ရှားလျက်ရှိသော အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဟု ရဲတပ်ဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

ထို့အပြင် ၂၀၀၅ ခုနှစ် လန်ဒန်မြို့ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော ဗုံးဖောက်ခွဲရေးသမား လေးဦးအနက် တစ်ဦးဖြစ်သော ဂျာမိန်းလင်ဆေး၏ အမျိုးသမီးမှာ နာတာလီဝဘ် ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

အနီရောင် သတိပေးချက် ထုတ်ပြန်လိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ တရားခံပြေးများကို ခြေရာခံနိုင်ရေးတွင် အင်တာပိုအဖွဲ့၏ ထိရောက်မှု ပြင်းထန်သော နည်းလမ်းတစ်ရပ် ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ တွင် သတိပေးချက်များ ပေါ်ပေါက်လာမည် ဖြစ်သည်။

သို့သော်လည်း ကမ္ဘာအရပ်ရပ်ရှိ လေဆိပ်များ၊ နယ်စပ်ဖြတ်ကျော်ရေး စခန်းများတွင် နှစ်စဉ်လူပေါင်း သန်းရာပေါင်းများစွာ ဖြတ်သန်း သွားလာ နေကြခြင်းကြောင့် သံသယ ရှိနေသော တရားခံများ ဖမ်းဆီးမိနိုင်ရေးတွင် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရေးမှာ အရေးကြီးကြောင်း အင်တာပိုအဖွဲ့ အထွေထွေ အတွင်းရေးမှူးက ပြောကြားသည်။

နာတာလီဝဘ်ကို ယခင်က တရားမဝင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်မှု၊ အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုများဖြင့် ပြည်တွင်း တရားခံပြေး တစ်ယောက်အဖြစ် အလိုရှိနေသော်လည်း ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာ တရားခံပြေး တစ်ယောက်အဖြစ် အင်တာပိုက သတ်မှတ်လိုက်ပြီ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis