menu

Saturday 28 September 2013

ငိုရတယ်... ၀ါးဟားဟား

Photo: ငိုရတယ်... ၀ါးဟားဟား
-------------------
ရေးသားသူ- ဘစီ

အခုတစ်လော သမိန်ပေါသွပ်ရဲ့ “ရယ်ရတယ်..ဗြဲ”ဆိုတဲ့ စကားလေးက လူကြီးတွေကြားထဲမှာ တစ်ပတ်လည်ပြီး ခေတ်စားနေ
တဲ့ အချိန်ဆိုတော့ဗျာ ကျုပ်ကလည်း ကပြောင်းကပြန်လုပ်ပြီး“ငိုရတယ်... ၀ါးဟားဟား”လို့ ဆိုလိုက်ချင်တယ်ဗျို့။ ပြီးရင် ကျုပ် နာမည်ကိုလည်း ပြောင်းပစ်မယ်။ ကလိန်ဘစီလို့။ သမိန်ပေါသွပ်နဲ့ မတူတဲ့ ကလိန်ဘစီရဲ့ထွင်လုံး လေးတစ်ခု ဆိုပါတော့လေ။
	
တစ်လောက သမိန်ပေါသွပ် စကားငှားသုံးသွားတဲ့ ဖေ့စ်ဘွတ်ခ်ပျော် အစိုးရပိုင်းက လူကြီးမင်းတစ်ဦးကို သမိန်ဘယ်သူဘယ်ဝါ ဆိုပြီး နာမည်ပြောင်ပေးကြတာတွေ့လို့ခင်ဗျ။ နောင် ကျုပ်ရဲ့ ဒီစကားလုံး ငှားသုံးတဲ့ လူကြီးမင်းများရှိခဲ့ရင် ကလိန်ဘစီရဲ့ စကား ငှားသုံးသွားတဲ့ ကလိန်ဘယ်သူ ဘယ်ဝါလို့ အလွယ်နာမည်ပေးလို့ရတာပေါ့ဗျာ။
	
အခုတစ်လော ကျုပ်အူမြူးနေတယ်ဗျာ။ မမြူးလည်းခံနိုင်ပါ ရိုးလား။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေကြတဲ့ အစိုးရလူကြီးမင်း များထဲမှာ တချို့သော လူကြီးတွေက သိပ်ပြီး ဟာသတွေ ပြောနေသ ကိုးဗျ။ သြော်.. ၀န်ကြီးလည်း လူပဲဗျာ။ ရယ်စရာပြောတာ ကျုပ် ကတော့ အပြစ်မတင်ရက်ပါဘူး။ ပြည်သူအားလုံးကို ပျော်စေချင် တဲ့သူတွေအဖြစ် အနှီလူကြီးများကို ကျုပ်လွှတ်ပြီး အသိအမှတ်ပြု ပါတယ်။
	
အခုဆိုရင် ပြည်သူတွေဟာ ၀န်ကြီးတွေ၊ တချို့ခရိုနီဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ နှုတ်ထွက်စကားတွေကြားရပြီး အလွန်တရာ ရယ်မောပျော်ရွှင်ရတဲ့အကြောင်း ကျုပ်မောင်ဘစီက ပြည်သူတို့ ကိုယ်စား အသိပေးပါတယ်။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် လက်တွေ့အလုပ်မဖြစ်သေးခင်မှာ စိတ်ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် ရှေးဦးစီမံချက်နဲ့ အခုလို ရယ်စရာ မောစရာများကို ၀န်ကြီး မင်းများက အလျဉ်းသင့်တဲ့အခါ မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ် နေတယ်လို့ မှတ်ပါတယ်။
	
ပြည်ထောင်စုဝန်ကြီးတစ်ဦးကတော့ ကျုပ်တို့ကို ပျော်တော်ဆက်ဖို့ ဘယ်လောက်များ စိတ် အားထက်သန်နေသလဲဆိုရင် အ ငြိမ့်စင်ပေါ်တောင်မှ ရောက်နေ ပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် တုန်းက မြန်မာ့ငြိမ်းချမ်းရေး တံခွန်စိုက်အငြိမ့်ပြိုင်ပွဲမှာ နာမည် ကျော်ဟာသလူရွှင်တော် သီးလေး သီးနဲ့တွဲပြီး ပြက်လုံးတွေထုတ်နေ လေရဲ့။ အနှီဝန်ကြီးက “ဆိုင်းသံ ကြားရင် ကချင်တယ်”ဆိုပဲ။ သီးလေးသီးထဲမှာ နောက်ထပ် အသီးတစ်လုံး ထပ်တိုးပြီလို့တောင်မှ အပြင်မှာ ပြည်သူတွေက ပြောနေကြတယ်။ သြဇာသီးတဲ့။
	 
တချို့ ၀န်ကြီးမင်းများကျတော့လည်း အတည်ပေါက်နဲ့ နောက်တဲ့သူတွေခင်ဗျ။ သူတို့က အတည်ပေါက်ပြောပေမယ့် ကျုပ်တို့အကြား ရယ်စရာဖြစ်သွားတာ မျိုးဗျ။ ဟာသ၊ အတတ်ပညာ တစ်မျိုးပေါ့လေ။ တစ်လောက လျှပ်စစ်စွမ်းအားဝန်ကြီးမင်းတစ်ပါးက ခပ်တည်တည်နဲ့ပြောတယ်။ စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေကို ဆိုးဆိုးရွားရွားထိခိုက်စေမယ်ဆိုရင် ချက်ချင်းရပ်ဆိုင်းပစ်မှာပါတဲ့ခင်ဗျ။ “ရယ်ရတယ်နော်..ဗြဲ” အဲ.. အဲ.. “ငိုရတယ်နော်. ၀ါးဟားဟား” ။ မပြုံးဘဲ ၀ါးလုံးကွဲရယ်ရမယ့် အတည်ပေါက်နဲ့နောက်တဲ့ သူတစ်ယောက်ပဲဗျ။
	 
ဘယ့်နှယ် အခုရခိုင်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့၊ လက်ပံတောင်းက ကြေးနီတောင် စီမံကိန်းတို့ စသဖြင့် စသဖြင့် ပေါ့ဗျာ။ အနှီစီမံကိန်းတွေကျတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံ ပြည်သူတွေကို ဆိုးဆိုးရွားရွား မထိခိုက်လို့ ချက်ချင်းရပ်ဆိုင်းမပေး တာလို့ပဲ ကျုပ်တို့ဖြင့် သဘောပေါက်ရမလိုလို ဖြစ်မနေဘူးလား။ ဧရာဝတီမြစ်ဆုံ စီမံကိန်းဟာလည်း ဒေသခံတွေနဲ့ တစ်တိုင်း ပြည်လုံးကို ဆိုးဆိုးရွားရွား ထိခိုက်တယ်လို့ ယူဆထားပုံမရသေးဘူး။ ဘာကြောင့်ဆို ချက်ချင်းရပ်ဆိုင်းတာမဟုတ်ဘဲ ရွှေ့ဆိုင်းထားတာသာကြည့်။ ငိုရတယ် .. ၀ါး ဟားဟားပဲဗျာ။
	
သူ့ထက်သူ ခရိုနီကသာစမြဲ ဆိုရမလိုပဲဗျာ။ မနေ့တစ်နေ့က ခရိုနီတစ်ယောက်ကလည်း ကျုပ်တို့ကို အတည်ပေါက်နဲ့ လာပြီး နောက်ပြန်တယ်။ သူဟာ သစ်ပင် တွေအများကြီး ခုတ်ခဲ့ပါသတဲ့။ အဲဒီအတွက် အခုအချိန်မှာ ပြန် လည်ပေးဆပ်ပါမယ်တဲ့။ ပြောမှ ပြောရက်ပလေတယ်။ တစ်နိုင်ငံ လုံးမှာ သစ်တောတွေလည်း သူ့လို ခရိုနီတွေနဲ့ အာဏာရအလိုတူ အလိုပါတွေ အပြောင်ရှင်းကြလို့ ပြောင်သလင်းခါချိန်ရောက်မှ အ နှီခရိုနီဟာသမင်းသားကြီးက မိကျောင်းမျက်ရည်ကျပြနေတယ်။ ငိုရတယ်ဗျာ... ၀ါးဟားဟားလို့ တောင်မှ ကျုပ်မယ် မပြောနိုင်လောက်အောင်ပါပဲဗျာတို့။
	
ဘာပဲပြောပြောပါ။ ရယ်သောသူ အသက်ရှည်၏လို့ ဆိုကြရဲ့ မဟုတ်လားဗျာ။ ထမင်းနပ်မှန်အောင်၊ အာဟာရပြည့်ဝအောင် မစားရရှာတဲ့ လုပ်သားပြည်သူ များလည်း ဘာမှမပူကြနဲ့ခင်ဗျ။ ရယ်သောသူအသက်ရှည်၏လို့ ဆိုထားကြရဲ့မဟုတ်လား။ ၀န်ကြီး မင်းတချို့ရဲ့ ဟဒယရွှင်ဆေးသာ များများနားထောင်ခင်ဗျ။ ထမင်းမ၀ပေမယ့် ရယ်ရတာမို့ အသက်ရှည်နိုင်ဖွယ်ရှိတယ်။
	 
ကျုပ်ဆိုရင် အခုအိမ်မှာ ထမင်းတစ်နပ်ကို လက်တွေ့ လျှော့စားနေပြီ။ ကြွေးမြီကလေး ကျေဖို့တင်မကဘူး။ ညနေစာ ထ မင်းစားရင်း လူဝမယ်။ ၀ိတ်တက်ချင်တက်ဦးမှာ။ ချက်ရပြုတ်ရ အလုပ်ရှုပ်တယ်။ ငွေကုန်တယ်။ ဒါကြောင့် ညနေမှာ ဘယ်ဝန်ကြီး မင်းက ဘယ်နေရာမှာ ဘာကိုအ ကြောင်းပြုပြီးသကာလဟဒယ ရွှင်ဖွယ်ရာ ပြုံးရယ်ဟားရမယ့် စကားများ ဆိုလာပါ့မလဲလို့ ဖေ့စ် ဘွတ်ခ်ဆိုတာကြီးပေါ် တက်ကြည့်ရတာ အမောသားကလားဗျ။
	
တစ်ခွန်းတစ်စ ဟိုဟိုဒီဒီမှာ ၀န်ကြီးတစ်ဦးက ဟာသပြက်လုံး တစ်ခုလောက်များ ပြောတာကြား ရပြီလားဆို ထမင်းမစားရပေမယ့် ရယ်ရတာကြောင့် ဗိုက်ဝသွားတာ ပဲ။ ၀န်ကြီးမင်းများရဲ့ ဟဒယရွှင် ဆေးတစ်ခွက်ဟာ ကျုပ်တို့ကို တစ်ရက်လောက်ပဲ အသက်ပို ရှည်ဦးတော့ တွက်ခြေကိုက်ပါတယ်။ ဒါကြောင့် ၀န်ကြီးမင်းများခင်ဗျ။ ပြည်သူတို့အကျိုးငှာ ရယ်စရာလေးများ မကြာမကြာ ပြော ပေးကြပါ။
	
ကြုံတုန်းမှာ လက်ရှိသမ္မတနဲ့ အစိုးရကိုရော၊ ၂၀၁၅ အလွန်မှာ တာဝန်ထမ်းမယ့် အစိုးရသစ်ကိုရော တိုက်တွန်းစကားလေး တစ်ခွန်းလောက် ပြောပါရစေခင်ဗျ။ အနှီစိတ်ကူးက တခြားမဟုတ် ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အစိုးရ အဖွဲ့ထဲမှာ “ပျော်တော်ဆက်” ၀န် ကြီးဌာနဆိုတာလေးတစ်ခု ထပ်တိုးပေးရင် သိပ်ကောင်းမှာပဲ။ ကမ္ဘာမှာ ပထမဆုံးပေါ်ပေါက်တဲ့ ၀န်ကြီးဌာနအဖြစ် နောင်အခါမှာ ဂင်းနစ်စံတော်ချိန်ထဲ ၀င်ချင်လည်းဝင်သွားနိုင်တာပေါ့။
	
ဒီနေ့ ၀န်ကြီးမင်းတွေထဲမှာအနှီပျော်တော်ဆက်ဝန်ကြီးဌာနရဲ့ ၀န်ကြီးအဖြစ် တာဝန်ယူဖို့ အသင့်တော်ဆုံးသူတွေ အများကြီး ရှိနေပါတယ်ခင်ဗျ။ ပြီးတော့ ၀န်ကြီးဌာနရဲ့ ဆောင်ပုဒ်ကလေးလည်း ဒီလိုထုတ်လိုက်ရရင် မကောင်းလား။ “၀န်ကြီးမင်းများရဲ့ ဟာသအစွမ်းနဲ့ တိုင်းပြည်အ၀န်းရယ်သံများ လွှမ်းမိုးစေရမယ်” ပေါ့လဗျာ။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးတည်ဆောက်ခဲ့သလိုပဲ ဟာသဖြင့် ပျော်ရွှင်သော နိုင်ငံတော်သစ်ကြီးသို့ ရောက်ရမည်ပေါ့ဗျာ။ 
	
ကျုပ်ကို ပေါက်တက်ကရ ပြောတယ်လည်း မထင်နဲ့ခင်ဗျ။ ကျုပ်မှာ အထောက်အထားတွေ ရှိတယ်။ ဟိုး.. ကျုပ်တို့နဲ့မလှမ်း မကမ်းက ဟိမ၀န္တာတောင်စွယ်တောင်တန်းပေါ်မှာတည်ရှိတဲ့ ဘူတန်ဆိုတဲ့ ဘုရင့်နိုင်ငံကလေးမှာ သူတို့လူမျိုးရဲ့ ဖွံ့ဖြိုးရေးကို ဂျီဒီပီဆိုလား ပီဒီဂျီဆိုလားဗျာ၊ ထားပါတော့။ အဲဒီတိုင်းပြည်မှာ သူတို့ ပြည်သူတွေရဲ့ တိုးတက်မှုကို အ ကဲဖြတ်တာဟာ အနှီစီးပွားရေး၊ ထုတ်ကုန်စတဲ့ ဘောဂဗေဒ အညွှန်းကိန်းတွေနဲ့ မဟုတ်ဘူးတဲ့။ သူတို့လူမျိုးတွေ ဘယ်လောက် ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆို တဲ့ စိတ္တဗေဒနဲ့ တိုင်းတာသတဲ့ဗျာ။
	
ဒါကြောင့် ကျုပ်တို့ဆီမှာလည်း ပြည်သူတွေကို စီးပွားရေး တိုးတက်နှုန်းတွေနဲ့ တိုင်းတာမယ်ဆိုရင် စိတ်ညစ်စရာ ဖြစ်နေမှာ။ ဘောလုံးစကားနဲ့ ပြောရရင်“တန်းဆင်းဇုန်” ထဲ ရောက်နေတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးအညွှန်းကိန်းတွေကို မေ့ပစ် 
လိုက်ဗျာ။ ဒီတိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်မယ်ဆိုရင် ဒီခေတ်ဒီအခြေ ဒီလူတွေ နဲ့ “တန်းဆင်းဇုန်” ထဲက ကိန်း ဂဏန်းတွေ “အုပ်စု ဗိုလ်လောက်” ရောက်အောင် လုပ်ဖို့တောင်မှ သိပ်ကြာသွားမယ်။
	
အဲဒီတော့ လက်တွေ့ကျကျ ပွဲ တွေးပြီး ရယ်မောခြင်းဖြင့် အသက်ရှည်ကျန်းမာတဲ့ ပျော်ရွှင် ခြင်းနိုင်ငံတော်ကိုပဲ တည်ထောင် ကြပါစို့ဗျာ။ ကျုပ်တို့ရဲ့ တချို့သောဝန်ကြီးများဟာ ဘောဂဗေဒပညာထက် ဟာသဗေဒမှာ ပါရဂူ မြောက် ထူးချွန်ကြပုံရတော့ ဟာ သနဲ့သာ သူတို့ကို တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲခွင့်တွေ ပေးလိုက်စမ်းပါ။ အာရှမှာ မြန်မာဆို တာ “ဟာသကျား” တစ်ကောင် နေ့ ချင်းညချင်းဖြစ်လာမှာ မလွဲဧကန် အမှန်ဖြစ်ကြောင်း ကျုပ်ပြောရဲပါသဗျ။
	
ပြီးရင် အနှီဟာသ၀န်ကြီး မင်းတချို့နဲ့သာဆိုရင် ကျုပ်တို့ဟာ ဖယောင်းတိုင်နဲ့အမှောင်ထဲမှာလည်း နေနိုင်ပါတယ်။ ထမင်း တစ်နပ်လျှော့စားဆိုလည်းစား နိုင်ပါတယ်ဗျာ။ တရုတ်ကိုလည်း ကြောက်ချင်ကြောက်ရပါစေ။ ကျုပ်တို့ ဖြတ်သန်းရဲပါတယ်ဗျာ။ ဒါပေမဲ့ ၀န်ကြီးများရဲ့ ဟာသစကားလုံးများကိုသာ ကျုပ်တို့ ကြား ခွင့်မရရင်တော့ ဟိုပါတီကြီးတစ်ခုက မြို့တော်ဝန်ဟောင်းက ပေါက်ဖော်ကြီးသတင်းစာမှာ ပြောဖူးသလို ကျုပ်တို့ဟာ တကယ် ရူးချင်လည်း ရူးသွားနိုင်တာပေါ့လေ။
	
ဒါကြောင့် အခု ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့်သော်လည်းကောင်း၊ အငြိမ့်စင်ပေါ်ကနေသော်လည်းကောင်း၊ လွှတ်တော်
ထဲမှနေ၍လည်းကောင်း၊ ပြည်သူများကို အခွင့်အခါသင့်တိုင်း မိမိတို့ရဲ့ ဟာသစွမ်းရည်နဲ့ပြည်သူများကိုဟဒယရွှင်ဆေးတိုက်ကျွေးပေး
တဲ့ ၀န်ကြီးမင်းများကို ကျုပ်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ၀န်ကြီးမင်းများပါတဲ့ ဒီမိုကရေစီအစိုးရဆိုတာ မောင်ဘစီတို့လို ပြည်သူများ
အတွက်တော့ သိပ်ပြီးရယ်စရာကောင်းတဲ့ အစိုးရပါပဲခင်ဗျာ။ နောင်လာမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီလူရွှင်တော်အဖွဲ့
ချုပ်အဖြစ်နဲ့ ၀င်ရောက်အရွေးခံမယ်ဆိုရင် ကျုပ်တို့ရဲ့ အသည်းကြားက မဲတစ်ပြားကိုတဟားဟားရယ် ပြီးတော့ပေးပါ့မယ်ခင်ဗျ။
	
ဘာပဲပြောပြောပါ။ ၀န်ကြီး မင်းအချို့ရဲ့ နှုတ်ထွက်စကား ဟာသများကို ကြားပြီးတိုင်း စိတ်ဘ၀င်မှာ ရွှင်လန်းနေရပါတယ်။ ကျုပ်တို့ကို ပျော်ရွှင်အောင်ထား နိုင်တဲ့အတွက်လည်း အနှီဝန်ကြီးမင်းတချို့ကို သိပ်သိပ်ပြီးတော့ကိုမှ အလွန့်အလွန် ကျေးဇူးတင်ရ ကြောင်းလည်း ပြောလိုပါတယ်ခင်ဗျ။
	
ရယ်ရွှင်ရတယ်ဆိုတော့ တစ် ခါက ဟာသကြော်ငြာလေးတစ်ခု လည်း အမှတ်ရမိပါတယ်။ အဲဒါ ကတော့ “ရယ်သောသူအသက် ရှည်၏။ ဒါပေမဲ့ အာမပြဲအောင် တော့ သတိထားကြ” တဲ့ခင်ဗျ။ ပျော်တတ်သော ၀န်ကြီးမင်းတချို့ရဲ့ ရယ်စရာများကို ရယ်တာလည်း ရယ်ကြပါ။ ဒါပေသိ အာမပြဲ အောင်လည်း သတိဆောင်ကြ ပေါ့ ကိုယ့်လူတို့ရာ။ သတိဆိုတာ ပိုတယ်မရှိဘူး။ တော်ကြာသမိန် ပေါသွပ်လိုပဲ ရယ်ရတယ်ဗြဲဆိုပြီး အာပြဲအောင် အဖြဲခံနေရဦးမယ်။ 
	
အဲ...၀န်ကြီးမင်းများ လည်း ပြည်သူများကို ဟဒယရွှင်ဆေးတိုက်ကျွေးတာလည်း ကျွေးကြပါခင်ဗျာ။ ဟာသဆိုတာ ပြည်သူ့ဘ၀နဲ့ “ဟပ်” မိမှလည်း တော်ပါတယ်။ ပြောသမျှလက်ခုပ်သံရတယ်ဆိုပြီး စွတ်ရွတ်ပြီးတော့ လည်း လုပ်လို့ ဖြစ်တာမဟုတ်ဘူးရယ်။ 
	
ဟာသဆိုတာ ဒူးနေရာဒူး၊ တော်နေရာတော် ကာလံဒေသံနဲ့ အညီပြောမှ ကောင်းတာကလား။ တော်ကြာ ဟာသဆိုပြီး စွတ်ပြော ရာက ကိုယ့်စကားက ဟာသမဖြစ်ဘဲ ကိုယ်ပဲ “ငပေါ” ကြီး ဖြစ်သွား တာမျိုးတွေ ရှိသဗျ။ အဲဒီအခါ ကျုပ်တို့က အနှီလူကြီးမင်းများကို ကြည့်ပြီး “ငိုရတယ်.. ၀ါးဟားဟား” လုပ်နေရရင်လည်း တစ် ဒုက္ခ။  (ဖော်ပြပါ သရော်စာသည် စာရေးသူဘစီ၏ အာဘော်သာ
ဖြစ်သည်။)

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis