menu

Thursday 26 September 2013

ပျက်စီးမှုများမည့် အင်အားပြင်းငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေရှိဟု ပညာရှင်များသတိပေး


စစ်ကိုင်းပြတ်ရွေ့တွင် ငလျင်လှုပ်နိုင်သည့်အပိုင်းများအနက် တောင်ဘက်ပဲခူးအပိုင်း၌ အင်အားကြီးငလျင်များ လှုပ်နိုင်ခြေရှိပြီး အကယ်၍ လှုပ်ခတ်ခဲ့ပါက ၁၉၃၀ခုနှစ်ကလှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်ထက်အပျက်အစီး ပိုမိုများပြာနိုင်သည် ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက သတိပေးပြောကြားလိုက်သည်။
တစ်ပိုင်းချင်းဆီက ပမာဏ ၇အဆင့် လောက်ရှိတဲ့ ငလျင်တွေ လှုပ်လေ့ရှိတယ်။ တစ်ခါလှုပ်ပြီးသွားရင် နှစ်(၁၀၀) ၀န်း ကျင် လောက်ဆိုရင် တစ်ကျော့ပြန်လှုပ်တတ်တယ်။ ပဲခူးအပိုင်းက၁၉၃၀တုန်းက လှုပ်ခဲ့တယ်။ သူ့မြောက်ဘက် ဖြူး အပိုင်းကလည်း ၁၉၃၀ကပဲ လှုပ်ခဲ့တယ်။ ပြတ်ရွေ့တစ်ခုလုံးလှုပ်ခဲ့တဲ့ ငလျင်တွေက နှစ်ပေါင်း(၈၀)ကျော်နေပြီ။ အခု နေ လှုပ်ရင် အင်အားပြင်း ငလျင်တွေ ဖြစ်နိုင်တယ်ဟုဦးစိုးသူရထွန်းကပြောသည်။

ငလျင်ကြီးများနှင့်အင်အားပြင်းငလျင်များလှုပ်နိုင်ခြေ အများဆုံးမှာ မန္တလေးမှရန်ကုန်အထိ ဖြစ်နိုင်ပြီးမည်သည့်အချိန်တွင် လှုပ်ခတ်မည်ကိုမူ ခန့်မှန်းရခက်ကြောင်း ဦးစိုးသူရထွန်းက ဆက်လက်ပြောသည်။
ထို့အပြင်သပိတ်ကျင်းမြို့၌ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး၏ နောက်ဆက်တွဲ လှုပ်ခတ်မှုဖြစ်လျှင် စိုးရိမ်စရာမရှိသော် လည်း မြောက်ဘက်ပိုင်းတကောင်းဘက်ခြမ်းရှိသည့် စစ်ကိုင်းပြတ်ရွေ့ပိုင်းနှင့် ဆက်စပ်နေသည်ဆိုပါက စိုးရိမ်ရသည့် အခြေအနေ ဖြစ်သည်ဟု ငလျင်ကော်မတီမှ သိရသလို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းအနေဖြင့်လည်း လေ့လာဆန်းစစ်မှုများ ပြုလုပ်နေ သည်ဟု သိရှိရသည်။

ဖြစ်နိုင်ခြေများတယ်ဆိုတာတော့ဟုတ်တယ်။ ဘယ်တော့လည်းဆိုတာအတိအကျ မပြောနိုင်ဘူး။ စစ်ကိုင်းပြတ်ရွေ့ မှာ ငလျင်ကြီးတွေ လှုပ်ခဲ့တာကြာပြီလေ။ တော်တော်လေးစိုးရိမ်ရလို့ လေ့လာမှုတွေ တောက်လျောက် လုပ်နေပါ တယ် ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဦးကြိုင်စိန်က ပြောသည်။
လက်ရှိအချိန်တွင် ငလျင်လှုပ်ခတ်ခဲ့ပါကဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကိုသိရှိနိုင်ရန် ပဲခူး၊ တောင်ငူနှင့်စစ်ကိုင်းအနီးပတ်ဝန်းကျင်ဒေသများ၌ ဘူမိပညာရှင်များအနေဖြင့် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက် နေကြောင်း၊ အဆောက်အအုံအခြေအနေနှင့် လူဦးရေအနေအထားများကိုလည်း သုံးသပ်လေ့လာလျက်ရှိသည်ဟု မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ သိရှိရသည်။
ထိုသို့လေ့လာဆောင်ရွက်ရာ၌ မြန်မာနိုင်ငံဘူမိဗေဒပညာရှင်များနှင့် ယူအင်န်အဖွဲ့များ၊ စင်္ကာပူပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းတွင်မူ ၁၉၃၀ခုနှစ်က အင်အားရစ်ခ်ျစတာစကေး ၇ဒသမ၃အဆင့်ရှိ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့သည့် အတွက် ပဲခူးမြို့တွင် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည့်အပြင် စေတီပုထိုးသာသနိက အဆောက်အအုံများ များစွာပျက်စီးခဲ့ရပြီး ပဲခူးရွှေမော်ဓောစေတီ၏ ထီးတော်မြေခခဲ့ရသည်။
စစ်ကိုင်းပြတ်ရွေ့၏ မြောက်ဘက်ပိုင်း၌လည်း ၁၉၅၆ ခုနှစ်က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် လူအသေ အပျောက် များခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စစ်ကိုင်းခရိုင်နှင့် ရွှေဘိုခရိုင်ကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအသေ အပျောက်ရှိခဲ့ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းတွင်မူ ၁၉၃၀ ခုနှစ်က အင်အား ၇ ဒသမ ၃ အဆင့်ရှိ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်များ ထပ်မံ မလှုပ်ခတ်တော့ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီး တောင်ဘက်မှ ရန်ကုန်မြို့ သုံးခွမြို့နယ်အထိ အင်အား ၇ အဆင့်ရှိ ငလျင်များ လှုပ်ခတ်နိုင်ခြေ မြင့်မားနေကြောင်း သိရသည်။
အပျက်အစီးကတော့ ဘယ်အတိုင်းအတာအထိဖြစ်မယ်လို့ မပြောနိုင်သေးဘူး။ အသေးစိတ် သိနိုင်ဖို့ ကွင်းဆင်း လေ့လာမှု တွေလုပ်နေတယ်။ သေချာတာကတော့ ၁၉၃၀ ငလျင်ထက် အပျက်အစီးပိုများနိုင်ပါတယ် ဟု ဦးစိုးသူရ ထွန်းက ဆိုသည်။
ထိုသို့ခန့်မှန်းရခြင်းမှာ ၁၉၃၀ခုနှစ်တွင်လူဦးရေသည် ယခုလောက်ထူထပ်များပြားခြင်းမရှိသေးဘဲယခုအချိန်တွင် လူဦး ရေထူ ထပ်များပြားလာသည့်အပြင် တိုက်တာအဆောက်အအုံများလည်း ယခင်ထက် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းကိုလည်း သိရ သည်။
ငလျင်လုပ်နိုင်ခြေများတယ်လို့ ခန်းမှန်းထားတော့ အားလုံးသတိထားနေကြတယ်။ ရှေ့မှာလည်းဖြစ်ခဲ့ဖူးတာရှိခဲ့တော့ စိုးရိမ်မှု တွေတော့ ရှိကြတာပေါ့ဟု ပဲခူးမြို့  ဥဿာရပ်ကွက်နေထိုင်သူ ဦးဗိုလ်မြင့်က ပြောသည်။
စက်တင်ဘာ ၂၀ရက် ၊ ညနေ ၅ နာရီ ၅၈ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၄ အဆင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီး ညနေ ၆ နာရီ ၂၃ မိနစ်တွင် သပိတ်ကျင်းမြို့၏ တောင် ဘက် ၅မိုင်ခန့် အကွာ ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ မြေငလျင်ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း၊ယင်းနောက် ညနေ ၆ နာရီ ၅၅ မိနစ်တွင် သပိတ်ကျင်းမြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့သည်ဟု သိရသည်။

Post 26 September 2013
By မျိုးသူ(မြစ်မခ)
Myit Ma Kha News Agency

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis