menu

Thursday 26 September 2013

“မြန်မာဟာ ရင်းနှီးမြှုပ်နှံမှုတွေကိုစုပ်ယူနိုင်ဖို့ စွမ်းဆောင်ရည်ကောင်းတွေ လိုအပ်နေပါတယ်” (စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနှင့် တွေ့ဆုံခြင်း)

Photo: “မြန်မာဟာ ရင်းနှီးမြှုပ်နှံမှုတွေကိုစုပ်ယူနိုင်ဖို့ စွမ်းဆောင်ရည်ကောင်းတွေ လိုအပ်နေပါတယ်”
-----------
စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနှင့် တွေ့ဆုံခြင်း
-------
တွေ့ဆုံမေးမြန်းသူ- အားမာန်

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက  မြန်မာအပါအ၀င် အာဆီယံနိုင်ငံများမှ သတင်းထောက် ၁၅ ဦးနှင့် စက်တင်ဘာ ၁၇ ရက်တွင် သမ္မတအိမ်တော်၌ သီးသန့်တွေ့ဆုံပြီး မေးခွန်းများကို ဖြေကြားပေးခဲ့သည်။ တောင်တရုတ်ပင်လယ်အရေး၊ အာဆီယံစီးပွားရေးအသိုက်အ၀န်း၊ ၂၀၁၄ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့်မြန်မာ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသောမေးခွန်းများကို ၀န်ကြီးချုပ်က တစ်နာရီကျော်ကြာ ဖြေကြားပေးခဲ့သည်။ တွေ့ဆုံပွဲမှ အမေးအဖြေအချို့ကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

7Day- ၀န်ကြီးချုပ်ခင်ဗျာ မြန်မာအကြောင်းမေးပါရစေ။ မြန်မာဟာခုဆိုရင် အပြောင်းအလဲကာလထဲကို ရောက်နေပါတယ်။  ဒီအချိန်မှာလည်း စီးပွားရေးဖွံ့ဖြိုးမှုနည်းပါးမှုနဲ့ အကျင့်ပျက်ခြစားမှုဟာဆိုရင် နိုင်ငံအတွက် အကြီးဆုံးပြဿနာတွေထဲက တစ်ခုဖြစ်နေဆဲပါ။ ဒီပြဿနာတွေဖြေရှင်းဖို့အတွက် အကြံဉာဏ်ပေးနိုင်မလား။
ဖြေ- တစ်ဆင့်ချင်းသွားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာဟာ အချိန်တွေဆုံးရှုံးခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းများစွာ ဒီဒေသက တိုးတက်နေချိန်မှာ မြန်မာက အချိန်ပြောင်းဆေးတစ်လုံးလိုဖြစ်နေတယ်။ အဲဒီဆေးက ပြင်ပကမ္ဘာကနေ သူ့ကိုဖယ်ထားခဲ့တယ်။ ဘာမှမပြောင်းလဲသလို ဖြစ်နေခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း  ၅၀၊ ၆၀ လောက်က မြန်မာကို ပြန်ကြည့်မယ်ဆိုရင် ရန်ကုန်ဟာ ဘန်ကောက်နဲ့ စင်ကာပူနဲ့ ယှဉ်လို့ရတယ်။ ကွဲပြားခြားနားမှုက သိပ်မကြီးဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ အရှေ့တောင်အာရှတစ်ခုလုံးက ရွေ့လျားသွားပြီ။ မြန်မာကလည်း အခုဆိုရင် ရွေ့လျားချင်လား၊ ပါဝင်ချင်လားဆိုတာကို ဆုံးဖြတ်ရတော့မယ်။

7Day- ခုဆိုရင် မြန်မာမှာ စင်ကာပူရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာနှစ်ဘီလီယံကျော်နေပါတယ်။ အနာဂတ်မှာရော မြန်မာမှာ ဘယ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားပါသလဲ။
ဖြေ- ဟုတ်ကဲ့။ အဲဒါက မြန်မာ့စီးပွားရေးက ဘယ်ကဏ္ဍတွေဖွံ့ဖြိုးသလဲ၊ ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးကို ခင်ဗျားတို့က အားပေးသလဲဆိုတဲ့အပေါ် မူတည်တာပေါ့။ ဥပမာ ခင်ဗျားတို့ အခြေအနေကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် စက်မှုဇုန်တွေ၊ ဆိပ်ကမ်းတွေ စတဲ့အခြေခံအဆောက်အအုံကဏ္ဍတွေမှာ စိတ်ဝင်စားဖို့ကောင်းလာမှာပါ။ ကုန်ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံဖို့လည်း စိတ်ဝင်စားဖို့ ကောင်းလာနိုင်ပါတယ်။ တစ်ခါထပ်ပြီး ခင်ဗျားတို့ကသာ အခြေအနေတွေကို ကောင်းအောင်ပြင်ဆင်ထားရင် ခရီးသွားလုပ်ငန်း၊ ဟိုတယ်နဲ့ ဧည့်သည်ကြိုဆိုရေးကဏ္ဍတွေမှာလည်း စိတ်ဝင်စားလာမယ်ဆိုတာ သေချာပေါက်ပြောရဲပါတယ်။ မြန်မာဟာ ဒီရင်းနှီးမြှုပ်နှံမှုတွေကို စုပ်ယူနိုင်ဖို့ စွမ်းဆောင်ရည်ကောင်းတွေ လိုအပ်နေပါတယ်။ ဒါတွေကို စီမံခန့်ခွဲဖို့၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း ဒါတွေက ဥပဒေစည်းမျဉ်းတွေ၊ ဒါတွေကတော့ အကန့်အသတ်တွေ၊ ဒါကဖြင့် ကိုယ်လုပ်နိုင်တာ စသည်ဖြင့် လိုအပ်နေပါတယ်။ ဥပဒေစည်းမျဉ်းတွေ ရှင်းရှင်းလင်းလင်းဖြစ်သွားရင် ၀င်လာမယ့်သူတွေအတွက် အလွန်ကောင်းတဲ့ မက်လုံးဖြစ်လာမှာပါ။

7Day- ၂၀၁၄ မှာ မြန်မာအာဆီယံဥက္ကဋ္ဌရာထူး တာဝန်ထမ်းဆောင်နေတုန်းမှာ အဓိကကြုံတွေ့ရမယ့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ဘာများဖြစ်မလဲ။
ဖြေ- ကျွန်တော်မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံနိုင်ငံအများစုဟာ ဥက္ကဋ္ဌရာထူးယူဖူးကြလို့ပါ။ နိုင်ငံငယ်တစ်ခုအတွက်ဆိုရင် ဒီအလုပ်က တောင်းဆိုမှုများတာပေါ့။ ဘရူနိုင်းဆိုရင် ဒီနှစ်ထဲမှာ ထိပ်သီးအစည်းအဝေးနှစ်ခုအပါအ၀င် အစည်းအဝေးအသေးအကြီးတွေ ရာနဲ့ချီပြီး အရမ်းအလုပ်များခဲ့မယ် ထင်ပါတယ်။ မြန်မာကတော့ ဒါကို စီမံခန့်ခွဲနိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်။

လှလှဋ္ဌေး(အေအက်ဖ်ပီ)- မြန်မာဟာ နောက်နှစ်ဆိုရင် အာဆီယံဥက္ကဋ္ဌဖြစ်တော့မှာပါ။ မြန်မာဟာ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေပြီလို့ လူကြီးမင်းထင်ပါသလား။ ပြီးတော့ အာဆီယံရဲ့အနှစ်သာရကို လူကြီးမင်း ဘယ်လိုမြင်ချင်ပါသလဲ။
ဖြေ- မြန်မာဟာ ဒါကိုအချိန်တချို့ယူပြီးတော့ ပြင်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစောပိုင်း ၂၀၀၆ မှာ မြန်မာအလှည့်ကျကတည်းက မြန်မာတွေးတဲ့ပုံက “ကျွန်တော်တို့ကို အလှည့်ကျော်ခွင့်ပေးပါ။ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးဘူး။ အသင့်ဖြစ်ရင် ကျွန်တော်တို့ တာဝန်ယူပါမယ်”လို့ပြောခဲ့တာပါ။ ဒါကြောင့် မြန်မာဟာ အခုတော့ အဆင်သင့်ဖြစ်ပြီ။ မြန်မာရဲ့ဥက္ကဋ္ဌရာထူးကို ကျွန်တော်တို့ရှေ့ဆက်မြင်ရဖို့ရှိပါပြီ။ မြန်မာရဲ့ဥက္ကဋ္ဌရာထူးအတွက် အာဘော် theme တစ်ခုရထားပြီးပြီလို့ ကျွန်တော် ထင်ပါတယ်။ ညီညွတ်မှုနဲ့ ရှေ့ဆက်စို့၊ ငြိမ်းချမ်းကြွယ်ဝသော အသိုင်းအ၀ိုင်းဆီသို့”လို့ ဖြစ်မယ်ထင်ပါတယ်။ ဒါက သင့်လျော်တဲ့အာဘော်လို့ ကျွန်တော်ထင်ပါတယ်။ အာဆီယံရဲ့အလုပ်က ဆက်လုပ်နေရဆဲအလုပ်ပါ။ ဒါကြောင့် နှစ်တိုင်းပဲ ဒါကိုနည်းနည်းစီထပ်ဖြည့်ရတာပေါ့။ ဒါပေမဲ့ အစကစဖို့မလိုပါဘူး။

ဖနွမ်းပင်ပို့စ်- ၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အ၀န်း အောင်မြင်မှုရှိမယ်ဆိုရင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့လို အာဆီယံနိုင်ငံသစ်တွေအတွက် အကျိုးအမြတ်ရှိလာနိုင်မယ် ထင်ပါသလား။
ဖြေ- ဟုတ်ကဲ့။ အရင်ဆုံး အာဆီယံစီးပွားရေး ပိုပြီးပေါင်းစပ်လာတယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံသစ်တွေဖြစ်တဲ့ အင်ဒိုချိုင်းနားဒေသ နိုင်ငံတွေအတွက် ဈေးကွက်တွေ ပိုပွင့်လာမယ်လို့ ထင်မိပါတယ်။ မလေးရှား၊ ထိုင်းနဲ့ စင်ကာပူဈေးကွက်တွေကို ပိုပြီးကောင်းကောင်းချိတ်ဆက်လာနိုင်မယ်။ ဒုတိယတစ်ချက်က ကျွန်တော်တို့ ဥပဒေစည်းမျဉ်းကောင်းကောင်းလုပ်ထားမယ်၊ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကောင်း ရှိထားမယ်ဆိုရင် တခြားနိုင်ငံတွေက ကုမ္ပဏီတွေကို ဒီအင်ဒိုချိုင်းနားနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တွန်းအားပေးနိုင်မှာဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်မှာပါ။ တတိယအချက်ကတော့ ကျွန်တော်တို့မှာ ၀န်ဆောင်မှုတွေ တိုးမြှင့်ထားရင် ဒါက အာဆီယံချိတ်ဆက်မှုနဲ့ အာဆီယံအသိုင်းအ၀ိုင်းစီမံကိန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်တာပါ။ ဒီတော့ အဲဒါတွေက အင်ဒိုချိုင်းနားနိုင်ငံတွေ ဖွံ့ဖြိုးရေးကို ကြီးမားစေမှာပါ။ သူတို့အလုပ်တွေ ပိုလုပ်နိုင်ပြီး သူတို့နိုင်ငံတွေအတွက် ကောင်းသွားစေမှာပါ။ စတုတ္ထအချက်ကတော့ အာဆီယံအသိုင်းအ၀ိုင်းမှာ နိုင်ငံသစ်တွေ ဖွံ့ဖြိုးရေးကူညီဖို့၊ အစီအစဉ်တွေလည်း ပါဝင်ပြီးသားပါ။ အဖွဲ့ဝင်နိုင်ငံသစ်တွေကိုကူညီဖို့ အစီအစဉ်သစ်တွေရှိပါတယ်။ IAI လို Initiative for ASEAN Integration လိုမျိုးပေါ့။

အေအမ်စီရုပ်သံ- အာဆီယံဟာ အဖွဲ့သုံး တစ်ခုတည်းသောငွေကြေးကို သုံးစွဲမယ့်ပုံတော့မရှိပါဘူး။ လာမယ့် အာဆီယံစီးပွားရေးအသိုက်အ၀န်း(AEC)က အကြီးမားဆုံးအန္တရာယ်က ဘာများဖြစ်နိုင်မယ်ထင်ပါသလဲ။
ဖြေ- ကျွန်တော်တို့မှာ တစ်ခုတည်းသောငွေကြေး ရှိလာမယ်လို့လည်း ကျွန်တော်မထင်ပါဘူး။ ဆိုလိုတာက အီးယူရဲ့နမူနာမပါဘဲတောင်မှ ကျွန်တော်တို့မှာ တစ်ခုတည်းသော ငွေကြေးအတွက် ကြိုတင်ပြဋ္ဌာန်းထားတဲ့ အခြေအနေတွေမရှိပါဘူး။ ဆိုလိုတာက ကျွန်တော်တို့မှာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဆယ်ခုရှိတယ်။ နိုင်ငံရေးအရ ကျွန်တော်တို့မှာ ပေါင်းစပ်မှုရှိမထားဘူး။ ကျွန်တော်တို့စနစ်တွေက အရမ်းကွာခြားပြီး ဖွံ့ဖြိုးမှုအဆင့်တွေကလည်း ကွာလွန်းကြတယ်။ ဒါပေမဲ့ ဥရောပမှာဖြစ်ခဲ့သလိုမျိုးက ကျွန်တော်တို့ကို သက်ရောက်မှုရှိတယ်ဆိုရင် ဒါဟာ ဥရောပမှာ ဘာဖြစ်သလဲဆိုတာအပေါ်မှာ မူတည်ပါလိမ့်မယ်။ ပြီးခဲ့တဲ့တစ်နှစ်၊ ၂ နှစ်လောက်ကတော့ ဥရောပမှာ ဘဏ္ဍာရေးကျိုးပျက်မှုဖြစ်တာ လူတွေစိုးရိမ်ခဲ့ကြတယ်။ ဥပမာပြရရင် ဂရိက အီးယူထဲကထွက်သွားရင် (သို့မဟုတ်) စပိန်မှာ၊ အီတလီမှာ ယုံကြည်မှုပျောက်ဆုံးနေခဲ့တယ်ဆိုရင် အဲဒါ စင်ကာပူနဲ့အာဆီယံအပါအ၀င် တစ်ကမ္ဘာလုံးကို အကျိုးဆက်တွေ ဖြစ်လာစေပါလိမ့်မယ်။ အရင်ဆုံးတစ်ချက်က အီးယူဟာ ကျွန်တော်တို့ရဲ့ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်တွေထဲက တစ်ခုဖြစ်လို့ပဲ။ စင်ကာပူအတွက်ဆိုရင် အီးယူဟာ တစ်ဖွဲ့လုံးအနေနဲ့ အကြီးဆုံးကုန်သွယ်ဖက်ပဲ။ ကျွန်တော်တို့နဲ့ ကပ်လျက်နိုင်ငံဖြစ်တဲ့ မလေးရှားထက်တောင်မှ ပိုကြီးပါတယ်။ ဒါပေမဲ့ ဒုတိယတစ်ချက်ကတော့ ဒါလည်း အာဆီယံနိုင်ငံတွေ အတော်များများအတွက်လည်း ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အီးယူဘဏ်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတော်တော်များများဟာ ဒီဒေသထဲမှာ တော်တော်လေးတက်ကြွပြီး အခြေခံအဆောက်အအုံစီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းပရောဂျက်တွေကို သူတို့က ရန်ပုံငွေထောက်ပံ့ပေးထားတာပါ။ ဒီတော့ သူတို့မတည်မငြိမ်ဖြစ်သွားရင် ကျွန်တော်တို့ရဲ့ဘဏ္ဍာရေးကဏ္ဍကို ထိခိုက်နိုင်ပြီး သူတို့ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပရောဂျက်တွေ၊ ကုမ္ပဏီတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကံကောင်းထောက်မစွာပဲ အဲဒါဟာမဖြစ်ခဲ့ဘူး။ အဲဒါဖြစ်နိုင်သလားဆိုရင် ဘယ်အချိန်ပြဿနာက နောက်တစ်ကြိမ်ထပ်ဖြစ်မလဲဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ရှေ့ဆက်တိုးတက်မယ့်ခြေလှမ်းတွေကို ထူးထူးခြားခြားလုပ်ထားပေမယ့်လည်း အခြေခံအားဖြင့် ပဋိပက္ခတွေကိုဖြေရှင်းမထားဘူး။ ပြီးတော့ အားနည်းချက်တွေကလည်းရှိတာမို့ အဲဒါတွေက ၂၀၀၈၊ ၀၉၊ ၁၀ က ဖြစ်ခဲ့တာမျိုးတွေလို အကျပ်အတည်းဆီ ဦးဆောင်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သတိရှိရှိစောင့်ကြည့်ရပါမယ်။

လှလှဋ္ဌေး(အေအက်ဖ်ပီ)- လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီပါတီအနိုင်ရသွားခဲ့ရင် အာဆီယံရဲ့ကျန်တဲ့နိုင်ငံတွေ ဘယ်လိုခံစားရမလဲ။ သူနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ရော လူကြီးမင်းတို့အဆင်သင့်ရှိပါသလား။
ဖြေ- နိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ ဘယ်အစိုးရနဲ့မဆို ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်နိုင်တယ် ထင်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့မှာ မဲပေးဖို့မရှိပါဘူး။ မှတ်ချက်ပေးပိုင်ခွင့် အခွင့်အရေးမရှိပါဘူး။ နိုင်ငံတွေကြားမှာ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်က ဘာကိုပဲထုတ်လုပ်နေပါစေ၊ ကျွန်တော်တို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လက်ခံထားပါတယ်။ ဒါဟာ ကျွန်တော်တို့ထိတွေ့ရမယ့် နိုင်ငံနဲ့ခေါင်းဆောင်မှုပိုင်းပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်တင်မြှောက်ခံခဲ့ရရင်ဖြင့် သူ့နိုင်ငံကို ဦးဆောင်နိုင်တဲ့သူဖြစ်မယ်လို့ ကျွန်တော်ယုံကြည်မှုရှိပါတယ်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis