menu

Thursday 26 September 2013

အစိုးရနှင့် ကေအိုင်အို အပစ်အခတ် ရပ်စဲရေး သုံးရက်ကြာ ဆွေးနွေးမည်


ရန်ကုန်၊ စက်တင်ဘာ ၂၅

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်း ရေးကော်မတီတို့သည် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ၏ အကြီးတန်း အကြံပေးဖြစ်သူ ဦးလှမောင်ရွှေက ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်မည် ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများကို စက်တင်ဘာ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ကြိုတင်ညှိနှိုင်းမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အစိုးရဘက်က အပစ်အခတ် ရပ်စဲနိုင်ဖို့ကို အဓိကထား ဆွေးနွေးသွားမယ်” ဟု ၎င်းကဆိုသည်။

ကေအိုင်အို ငြိမ်းချမ်းရေး အလုပ်အဖွဲ့မှ ဆရာဒေါင်းခါးကမူ “ခိုင်မာတဲ့ နိုင်ငံရေး အဖြေရဖို့ ကျွန်တော်တို့ နှစ်ဖက်စလုံး ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။


အစိုးရသည် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသဖြင့် အဆင့်ဆင့် ညှိနှိုင်း သဘောတူခဲ့ကြသော် လည်း ကေအိုင်အိုနှင့်မူ ပြည်ထောင်စုအဆင့်ကို တိုက်ရိုက် ဆွေးနွေးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

အစိုးရနှင့် ကေအိုင်အိုတို့သည် ပြီးခဲ့သည့် မေလနောက်ဆုံး ပတ်တွင် မြစ်ကြီးနားမြို့ မနောကွင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်သော အချက်ခုနစ်ချက်ကို သဘောတူညီခဲ့သော်လည်း ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိပေ။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများ ရပ်နားထားသော်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်း ပူတာအိုခရိုင်နှင့် ဗန်းမော်ခရိုင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis