Wednesday 21 August 2013
လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော် ဆန္ဒပြသူတစ်ဦး ချက်ချင်းထိန်းသိမ်းခံရ
လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော် ဆန္ဒပြသူအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က လက်ပံတောင်းတောင် အရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြသူ တစ်ဦးအား ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသဖြင့် စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ကျောက်တံတား ရဲစခန်းမှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
တစ်ကိုယ်တော် ဆန္ဒပြသူဖြစ်သည့် Generation Youth အဖွဲ့မှ ကိုကျော်သူက လက်ပံတောင်းရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်အား မူလအခြေအနေအတိုင်း မပျက်စီးအောင် ထိန်းသိမ်းရေး၊ လက်ပံတောင်းတောင်တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ရုပ်သိမ်းပေးရေး၊ ဒေါ်နော်အုန်းလှ အပါအ၀င် မတရားအကြမ်းဖက် ဖမ်းဆီးထားမှုများကို ချက်ချင်းရပ်နှင့် ပြည်သူကို ဖိနှိပ်နေသော စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဟု ရေးသားထားသော စက္ကူပြားကို ကိုင်ဆောင်ကာ မြို့တော်ခန်းမရှေ့၌ ကြွေးကြော်ဆန္ဒပြခဲ့သည်။
"ပထမ တစ်ခေါက်ကလည်း ဆန္ဒပြတဲ့အတွက် သူ့ကိုခံဝန်နဲ့ လွှတ်ပေးထားရတာပါ။ ခွင့်ပြုမိန့်နဲ့ စာတင်ပြီး ပြလို့ရရဲ့သားနဲ့ စာမတင်ခဲ့တဲ့အတွက် ဥပဒေကြောင်းအရ ဆက်လုပ်သွားဖို့ ရှိပါတယ်" ဟု ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ကျောက်တံတားရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။
တစ်ကိုယ်တော် ဆန္ဒပြသည့် ကိုကျော်သူသည် မြို့တော်ခန်းမရှေ့တွင် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်းတို့ကို အဖမ်းခံရသည့် ကျောက်တံတား ရဲစခန်းရှေ့အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment