menu

Wednesday 21 August 2013

အပြတ်ရှင်း ကြရမည့် ယဉ်ကျေးမှု နယ်မြေမှ သိုးမည်းများ

Photo: အပြတ်ရှင်း ကြရမည့် ယဉ်ကျေးမှု နယ်မြေမှ သိုးမည်းများ

ပုဂံ-ညောင်ဦး ဒေသသည် (AD-၉ဝဝ) ခန့်တွင် ပုဂံဝန်းကျင် ကျေးရွာရှိ ရွာကြီး ၁၉ ရွာ၊ ကျေးလက် ၁ဝဝဝ ကျော် တို့ကို စုစည်းပြီး ပထမ နန်းမြို့အဖြစ် တုရင်းတောင် အရှေ့ဘက် ယုန်လွှတ်ကျွန်း၌ လည်းကောင်း၊ ဒုတိယ နန်းမြို့ကို သီရိပစ္စယာ အရပ်၌ လည်းကောင်း၊ တတိယ နန်းမြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီ ဟူ၍ လည်းကောင်း တည်ထောင်ခဲ့ကြသည်။

ပုဂံမင်းဆက် ၅၅ ဆက် ရှိသည့်အနက် ၄၂ ဆက်မြောက် အနော်ရထာမင်းက (AD -၁ဝ၄၄-၁ဝ၇၇)၊ (မြန်မာသက္ကရာဇ် -၄ဝ၆-၄၃၉)တွင် ပုဂံ-ညောင်ဦး ဒေသကို ပထမ မြန်မာနိုင်ငံ အဖြစ် စတင် တည်ထောင်ခဲ့ပြီး အဖိုး မဖြတ်နိုင်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများစွာ တည်ထား ကိုးကွယ်ခဲ့ကြသည်။

ထို့ကြောင့် ပုဂံဒေသသည် မြန်မာတို့၏ နှစ်ပေါင်း(၁ဝဝဝ)ခန့် ရှည်ကြာသော ရှေးဟောင်း သမိုင်း အမွေအနှစ်မြို့တော် ဖြစ်သည့်အပြင် ဗုဒ္ဓ ယဉ်ကျေးမှု၏ ပြယုဂ်စေတီ ပုထိုးများစွာ ယနေ့တိုင် တည်ရှိနေသော ဒေသဖြစ်သည့် အလျောက် ရှေးဟောင်း အမွေအနှစ်ကို တန်ဖိုး ထားကြသော ကမ္ဘာလှည့် ခရီးသည်များ မပြတ်ဝင်ထွက် သွားလာနေသည့် ဒေသတစ်ခု ဖြစ်လေသည်။

အဆိုပါ ပုဂံ-ညောင်ဦး ဒေသသို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ ၂ဝ၁၁ ခုနှစ်တွင် ၁ဝ၂၅၈၇ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၁၆၂၉၄၆ ဦးနှင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ သြဂုတ် ၁ဝ ရက်ထိ ၁ဝ၇၅၅၄ ဦး ဝင်ရောက်ခဲ့သည်။

ဧည့်သည်များ ဝင်ထွက်မှု များပြား လာသည်ကို အခွင့်ကောင်း ယူ၍ မြန်မာ့ လူ့ဘောင်စရိုက်နှင့် ဆန့်ကျင်စွာ သည်းခံနိုင်ဖွယ် မရှိသော ရိုင်းစိုင်းလှသည့် ရာဇဝတ်မှုခင်း များလည်း ဖြစ်ပွား လာခဲ့ကြောင်းတွေ့ရသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီမှ သြဂုတ်အတွင်း ၎င်းတို့၏ခရီးဆောင် အိတ်ငယ်နှင့် လက်ဆွဲအိတ်များကို စက်ဘီးရှေ့ ခြင်းထဲတွင် ထည့်၍ စီးနင်း သွားလာနေသော ကမ္ဘာလှည့် ခရီးသည် နိုင်ငံခြားသူ အမျိုးသမီးများအား ပြစ်မှုကျူးလွန်သူ တို့က ဆိုင်ကယ်ဖြင့် လိုက်ကာ ခရီးဆောင် အိတ်ငယ်ကို လုယူထွက်ပြေးသည့် ဖြစ်စဉ်

ငါးကြိမ်နှင့် လူသူ အရောက်အပေါက် နည်းသည့် ရှေးဟောင်း ဘုရားများ အကြားတွင် တစ်ဦးတည်း လှည့်လည် လေ့လာ စဉ် အကြမ်းဖက်၍ လုယက်သည့် ဖြစ်စဉ်နှစ်ကြိမ် စုစုပေါင်း မှုခင်း ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသည်များ ပုဂံ-ညောင်ဦး ဒေသသို့ လာရောက် လေ့လာ လည်ပတ်ရာတွင် ကုမ္ပဏီ အစီအစဉ်ဖြင့် အုပ်စုလိုက် လာရောက်သူ (Packaged Tour) များထက် မိမိ အစီအစဉ်ဖြင့် လွတ်လွတ်လပ်လပ် သွားလာသူ (Forigen Independent Tour(F.I.T) များမှာ အများဆုံး ဖြစ်သည်။

F.I.T များမှာ တစ်ဦးချင်းစီ လမ်းလျှောက်၍ လည်းကောင်း၊ စက်ဘီးများဖြင့် လည်းကောင်း ထင်ရှားသည့် စေတီပုထိုးများ အပြင် လူသူ သွားလာမှု နည်းသည့် ရှေးဟောင်းဘုရား နေရာများ၊ ညအချိန် မီးရောင်မရှိသည့် လမ်းများသို့ပါ သွားလာတတ်ကြပြီး စက်ဘီးများဖြင့် သွားလာရာတွင် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများနှင့် လက်ဆွဲအိတ်များကို စက်ဘီးရှေ့ ခြင်းထဲတွင် ထည့်၍ စီးနင်း သွားလာ လေ့ရှိကြသည်။

ထိုသို့ နိုင်ငံခြား ခရီးသည်များ စက်ဘီးစီး သွားလာစဉ် ပြစ်မှု ကျူးလွန်သူများက ဆိုင်ကယ်စီးနင်း၍ စက်ဘီးရှေ့ခြင်းထဲမှ လက်ဆွဲအိတ်နှင့်အသုံးအဆောင် ပစ္စည်းများအား လုယူ ထွက်ပြေးသည့် ဖြစ်စဉ်များနှင့် ရှေးဟောင်း ဘုရားများ ကြားတွင် တစ်ဦးတည်း လှည့်လည် လေ့လာစဉ် လူသူ အရောက်အပေါက် နည်းသည့် နေရာများ၌ တစ်ဦးချင်း အကြမ်းဖက်၍ ပစ္စည်းလုယူသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သာဓကအားဖြင့် သြဂုတ် ၃ ရက် ည ၆ နာရီ မိနစ် ၅ဝ တွင် ညောင်ဦးမြို့ ညောင်ဦး-ပုဂံမြို့သစ်သွား ကားလမ်း တောင်ဘက်ခြမ်းရှိ ဆူးလေကုန်း ဘုရားအနီးတွင် ပြင်သစ်နိုင်ငံသူ တစ်ဦးထံမှ ခါးပတ်အိတ် ကို မြန်မာ အမျိုးသား တစ်ဦးက လုယူစဉ် ရုန်းရင်းဆန်ခတ် ဖြစ် ပွားခဲ့ပြီး ပြင်သစ် နိုင်ငံသူတွင် ဝဲမျက်စိ ဖူးရောင်ညိုမည်း၊

လည်ပင်း၊ ဝဲလက်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကာ ပတ်စ်ပို့တစ်အုပ်၊ အမေရိကန် ဒေါ်လာနှင့်မြန်မာငွေများ၊ Credit Card နှင့် လေယာဉ် လက်မှတ်တို့ ပါသွားခဲ့ သဖြင့် ညောင်ဦးမြို့မ ရဲစခန်းမှ(ပ) ၉၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (ပုဂံ)မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် ပုဂံမြို့ဟောင်းမှ ချောက်သို့ သွားသော လမ်းဆုံတွင် ပြစ်မှု ကျူးလွန်ခဲ့သူ မြောက်ဦးမြို့နယ် မီးလောင်းဖျား မြောက်ရွာနေ ရဲမင်းစိုး(ခ) မျိုးမင်းဦးအား ဖမ်းဆီး ရမိခဲ့သည်။

စစ်ဆေးချက် အရ ရဲမင်းစိုးသည် အခင်းဖြစ်နေ့က ဆူးလေကုန်း ဘုရားအနီးတွင် နိုင်ငံခြားသူ တစ်ဦးအား တွေ့ရှိ၍ အနီးရှိ တုတ်တစ်ချောင်းဖြင့် သုံးချက်ရိုက်ပြီး အိတ်အား လုယူ ထွက်ပြေးခဲ့ကြောင်းနှင့် အိတ်အတွင်း၌ ပါသော အမေရိကန် ဒေါ်လာများ ကို ညောင်ဦးမြို့ ဈေး အတွင်း၌ ငွေလဲလှယ် ခဲ့ကြောင်း သိရသဖြင့် သက်သေခံ ပစ္စည်းများကို ပြန်လည် သိမ်းဆည်း ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ကဲ့သို့ လုယက်မှု ကျူးလွန်ခံရသူ အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူက ၎င်းတို့အား ပြန်လည်ခုခံခြင်း မပြုနိုင်စေရန် အတွက် ၎င်းတို့ တစ်ဦးတည်း သွားလာ လည်ပတ်စဉ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

ပြစ်မှု ကျူးလွန် ခံရသူ နိုင်ငံခြားသူများက အကူအညီ တောင်းခံသည့်အခါ ဘာသာစကား မကျွမ်းကျင်မှုကြောင့် ပတ်ဝန်းကျင်ရှိ လူများက အလွယ်တကူ မသိရှိနိုင်ခြင်း၊ ကမ္ဘာလှည့် ခရီးသည်များ ပိုင်ဆိုင်သည့် ကင်မရာ၊ အိုင်ဖုန်း၊ လက်ပ်တော့နှင့် နိုင်ငံခြား သုံးငွေ စသည့် တန်ဖိုး များပြားသော အသုံးအဆောင် ပစ္စည်းများအား အချိန်တို အတွင်း လုယက်နိုင်ခြင်းဖြင့် ငွေရလွယ်ခြင်း၊

နိုင်ငံခြားသား များ၏ ပစ္စည်းများကို လုယက်ပြီးနောက် ထွက်ပြေး တိမ်းရှောင်နိုင်ရန် လမ်းသွယ်၊ လမ်းကြားများ၊ ချုံပင်ငယ်များ ပေါများခြင်းနှင့် နေရာ အများစုမှာ လူသူ အရောက်အပေါက် နည်းပါးခြင်း စသည်တို့မှာ ပြစ်မှု ကျူးလွန်ရန် အတွက် အခွင့်အရေး ပေးနေ သကဲ့သို့ ဖြစ်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ကမ္ဘာလှည့် ခရီးသည်များ သွားလာ နေထိုင် လည်ပတ်ရာတွင် လုံခြုံအဆင်ပြေ ချောမွေ့ စေရေး အတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့အား မတ် ၁၂ ရက်တွင် စတင် တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များ အများဆုံး လာရောက်ရာ ဒေသ များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ညောင်ရွှေ ဒေသများတွင် ကမ္ဘာလှည့် ခရီးသည်များ ၏ လုံခြုံရေး ကို ဆောင်ရွက်ပေးလျက် ရှိသည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့စုရှိ တပ်ဖွဲ့ဝင်များက နိုင်ငံခြားသား ခရီးသည်များထံမှ ပစ္စည်း လုယက်ခံရမှု များအား စုံစမ်း ဖော်ထုတ်ခဲ့ရာ လုယက်ခံရမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့သည့် အနက်အမှုနှစ်မှုမှ ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ် အရေးယူ နိုင်ခဲ့သည်။

ဘာသာတရား ကိုင်းရှိုင်းလျက် ယဉ်ကျေး သိမ်မွေ့၍ ဖော်ရွေ ပျူငှာသော လူမျိုးဟူ၍ လည်းကောင်း၊ စိတ်ထား ရိုးရှင်း၍ ပွင့်လင်း ဖြူစင်ကြသည်ဟု လည်းကောင်း မြန်မာတို့၏ ရာစု နှစ်နှင့်ချီကာ တည်ရှိခဲ့သည့် ကောင်းမြတ်သော ဂုဏ်သတင်း တို့သည် ယခုအခါ ပုဂံမြေပြင်၌ ဖြစ်ပွားခဲ့သော မှုခင်းများကြောင့် အမည်းစက်များ စွန်းထင်းခဲ့ရပြီ ဖြစ်သည်။

ပွင့်လင်းလာသော ခေတ်ကာလနှင့် အတူ ကမ္ဘာလှည့် ခရီးသည် အများအပြားသည် ယဉ်ကျေးမှုဟောင်းတို့ တည်ရှိရာ မြန်မာ့မြေသို့ အလုအယက် တိုးဝင် လာကြတော့မည် ဖြစ်ရာ ဤအကျည်းတန် အရုပ်ဆိုးလှသော ဖြစ်စဉ်များက ကမ္ဘာလှည့် ခရီးသည်တို့ကို တောခြောက်သည့် ပမာ ဖြစ်သွားနိုင် သည်ကို သတိပြုကြဖို့ လိုပါသည်။

ထို့ကြောင့် ပုဂံ-ညောင်ဦး ဒေသတွင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ ရဲချုပ်ရုံး၏ အစီအမံဖြင် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ ပါဝင်သည့် အဖွဲ့သည် ပုဂံ-ညောင်ဦး ဒေသရှိ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊

ဟိုတယ် လုပ်ငန်းရှင်များ အသင်း၊ ဧည့်လမ်းညွှန်များ အသင်း၊ ခရီးသွား လုပ်ငန်းရှင်များ အသင်း၊ အနှေးယာဉ် လုပ်ငန်းရှင်များ အသင်းနှင့် လူမှုရေး အဖွဲ့အစည်းများ ပါဝင်သည့် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ကမ္ဘာလှည့် ခရီးသည် များ၏လုံခြုံရေး၊ သွားလာရာတွင် လုယက်မှု မခံရစေရေး အပြည့်အဝ လုံခြုံမှု ဆောင် ရွက် ပေးနိုင်ရန် သုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့စုသို့ လှည့်ကင်း/ဝပ်ကင်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ဘီးများ လိုအပ်ကြောင်း သုံးသပ်ချက် အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် ၁ဝ စီး၊ စက်ဘီး ၁ဝ စီး၊ လက်ကိုင်ဖုန်းများ၊ ဆက်သွယ်ရေး စကားပြောစက်များနှင့် တပ်ဖွဲ့ဝင် အင်အား များကိုပါ ထပ်မံဖြည့်ဆည်း ပေးခဲ့သည်။

ထိုသို့ဖြည့်ဆည်း ပံ့ပိုးပေးမှုများဖြင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့က မှုခင်းများ ထပ်မံ မဖြစ်ပွား စေရေးနှင့် ကမ္ဘာလှည့် ခရီးသည်များ၏ လုံခြုံမှု အပြည့်အဝ ရရှိရေးအတွက် လှည့်ကင်း/ဝပ်ကင်း/ရပ်ကင်းများဖြင့် လုံခြုံရေး တာဝန်များကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခုအခါ ပုဂံ-ညောင်ဦး ဒေသတွင် ကမ္ဘာလှည့် ခရီးသည်များမှာ လုံခြုံမှု ရရှိနေပြီ ဖြစ်သဖြင့် စိတ်ချမ်းမြေ့စွာ သွားလာလည်ပတ် နေသည်ကို တွေ့ရှိ နေရပေပြီ။

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေရန် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုများ ပိုမိုအောင်မြင် စေရန်နှင့် ရိုးရှင်း ဖြူစင်သော မြန်မာ့ ယဉ်ကျေးမှု မြို့ဟောင်း ပုဂံနယ်မြေ၌ ကမ္ဘာလှည့် ခရီးသည်များ အားလုံး အေးချမ်းစွာ လည်ပတ် လေ့လာနိုင်ရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ မိဘပြည်သူများ အားလုံးကပါ ဝိုင်းဝန်းပါဝင် ကာကွယ် စောင့်ရှောက် ပေးကြရန် လိုအပ်သည်။

သို့မှသာ ကမ္ဘာလှည့် ခရီးသွားတို့ အဖို့ မြန်မာနိုင်ငံသည် လုံခြုံမှု အပြည့်အဝရှိပြီး စိတ်ချမ်းမြေ့စွာ သွားလာ လည်ပတ်နိုင်သော ယဉ်ကျေးပျူငှာသည့်မြေ ဖြစ်သည်ဟု ခံစားရလျက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာနိုင်မည် ဖြစ်သည့်အပြင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်၌ မှီခို နေကြရသည့် ပုဂံနယ်မြေမှ လူမှု အသိုက်အဝန်း၏ အခြေခံ စီးပွားရေး လုံခြုံမှုကိုပါ ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြလိုက် ရပေသည်။

အေးချမ်းမွန် Credit To >မြ၀တီ  < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia

သို့မှသာ ကမ္ဘာလှည့် ခရီးသွားတို့ အဖို့ မြန်မာနိုင်ငံသည် လုံခြုံမှု အပြည့်အဝရှိပြီး စိတ်ချမ်းမြေ့စွာ သွားလာ လည်ပတ်နိုင်သော ယဉ်ကျေးပျူငှာသည့်မြေ ဖြစ်သည်ဟု ခံစားရလျက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာနိုင်မည် ဖြစ်သည့်အပြင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်၌ မှီခို နေကြရသည့် ပုဂံနယ်မြေမှ လူမှု အသိုက်အဝန်း၏ အခြေခံ စီးပွားရေး လုံခြုံမှုကိုပါ ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြလိုက် ရပေသည်
 
မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis