menu

Wednesday 21 August 2013

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လိုင်ဇာသို့ သွားရောက် ထောက်ပံ့ရန် ကေအိုင်အို လက်မခံ

Photo: မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လိုင်ဇာသို့ သွားရောက် ထောက်ပံ့ရန် ကေအိုင်အို လက်မခံ

မြစ်ကြီးနား၊ သြဂုတ် ၂၀

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာ နယ်မြေရှိ စစ်ရှောင် စခန်းများ တွင် နေထိုင်လျက် ရှိသော ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် ထောက်ပံ့ရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက လိုင်ဇာသို့ သွားရောက်မည်ကို ကေအိုင်အိုဘက်က လက်မခံခဲ့ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဂဲနက်စ်က The Voice သို့ ပြောကြားသည်။

“လိုင်ဇာသွားပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ သွားရောက် ထောက်ပံ့ပေးနိုင် ဖို့အတွက် နိုင်ငံတော် သမ္မတ ရုံးက ခွင့်ပြုချက်ရော ကချင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်ရော ရရှိပြီး ဖြစ်ပါတယ်။ ကေအိုင်အိုဘက်က ခွင့်မပြုတော့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ဦးဂဲနက်စ်က ဆိုသည်။

လိုင်ဇာသို့ သွားရောက် ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေး ပစ္စည်းများကို စင်ကာပူနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီ အသင်း တို့က ပံ့ပိုးပေးထားခြင်း ဖြစ်ပြီး ဒုက္ခသည် အိမ်ထောင်စု ၁၃၀၀ ကျော်ခန့် ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း၊ လိုင်ဇာသို့ သွားရောက်မည့် ကြက်ခြေနီ အဖွဲ့တွင် နိုင်ငံခြားသားများ မပါဝင်ကြောင်း၊ လိုင်ဇာသို့ သွားရောက်နိုင်ရန်အတွက် ကေအိုင်အို ဘက်သို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ တစ်ဆင့် ဆက်သွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ဦးဂဲနက်စ်က ဖြည့်စွက် ပြောကြားသည်။

ကေအိုင်အို အဖွဲ့အစည်းသည် အစိုးရနှင့် ခိုင်မာ ပီပြင်သော ငြိမ်းချမ်းရေး မရရှိသရွေ့ အစိုးရထံမှ ဒုက္ခသည်များအတွက် မည်သို့သော ထောက်ပံ့မှုမျိုး ကိုမျှ မရယူ ဟူသော မူဝါဒ ချမှတ်ထားသဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ အထောက်အပံ့ကို လက်မခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြောင်း၊ စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့က ကိုယ်တိုင် ကိုယ်ကျ လာရောက်မည်ဆိုလျှင် ကေအိုင်အိုဘက်က ခွင့်ပြု လက်ခံသွားမည်ဟု ဆိုကြောင်း ကေအိုင်အိုနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ အကြား တစ်ဆင့်ခံ ဆက်သွယ်ပေးခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက The Voice သို့ ပြောဆိုသည်။

“ကေအိုင်အိုဘက်က ပြောတာက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကိုလည်း နိုင်ငံတော် အစိုးရက ဖွဲ့စည်းထားတာ ဖြစ်လို့ လက်မခံခဲ့တာလို့ ဆိုတယ်။ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) အနေနဲ့ လိုင်ဇာကို လာရောက်ပြီး ထောက်ပံ့ဖို့ ကေအိုင်အိုဘက်ကို အကြောင်းကြားထားတယ်။ အဲဒါကိုတော့ လက်ခံသွားမယ်လို့လည်း သိရတယ်” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ကြက်ခြေနီအသင်း အနေနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင် စခန်းများမှ ဒုက္ခသည် အိမ်ထောင်စုများကို ကယ်ဆယ်ရေး ပစ္စည်း ထောက်ပံ့ပေးခဲ့ပြီး ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် များကို သွားရောက် ထောက်ပံ့ပေးနိုင်ရန် ကေအိုင်အိုဘက်သို့ ကမ်းလှမ်းခြင်း မှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီ အသင်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis