menu

Monday 3 December 2012

အာဆီယံဟာ ဘယ်သူ့အတွက်လဲ .. .. . (၂)( နေထွန်းနိုင်)



 thn-26-11-12-4
နိုဝင်ဘာလ ၁၆ ရက်နေ့က ဆန္ဒပြသူများ ကိုင်ဆောင်ခဲ့သော တောင်းဆိုမှု

(၄)
နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့ အာဆီယံခေါင်းဆောင်တွေ ရောက်လာခဲ့ပါပြီ။ အာဆီယံ နိုင်ငံတိုင်းမှာ နိုင်ငံတွင်းပြဿနာ ကိုယ်စီရှိနေပါတယ်။ ဝေဖန်မှုတွေ ဘယ် လောက်ပဲ ရှိနေပါစေ အပြုံးမပျက်  လက်ချင်းချိတ်ဖို့ အာဆီယံခေါင်းဆောင်တွေ အမြဲလို အဆင်သင့်ဖြစ်နေပါတယ်။
ဆွေးနွေးပွဲမစခင် နိုဝင်ဘာလ ၁၆ ရက်နေ့က ကမ္ဘောဒီးယားပါလီမန်ရှေ့မှာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။  ဆွေးနွေးပွဲကာလအတွင်း ဆန္ဒပြရင်ဖမ်းမယ်လို့ ဖနွမ်းပင်မြို့တော်ဝန်က ကြေညာထားပါတယ်။ဆန္ဒပြသူတွေက ခွင့်ပြုချက်နဲ့ လုပ်ခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်မယ့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းကို အကြောင်းပြုပြီး ဆန္ဒပြသူတွေ လမ်းပေါ်ထွက်လာခဲ့ကြတာပါ။
သူတို့တောင်းဆိုတာတွေက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးပါပဲ။ အခုတလော မြန်မာနိုင်ငံမှာ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေလိုပါပဲ။ မြေယာသိမ်းခံခဲ့ရတဲ့ ကိစ္စရပ်တွေ၊ အလုပ်သမားတွေ နှိမ့်ချဆက်ခံခဲ့ရတာ၊ ၀င်ငွေနည်းပါးတာ စတဲ့အချက်တွေကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ သွားရောက် အရေးဆိုမယ့်ဆန္ဒပြသူတွေရဲ့ ရည်ရွယ်ချက် က ပါလီမန်ရှေ့အရောက်မှာ တားမြစ်မှုတွေကြုံခဲ့ပြီး ရပ်တန့်သွားပါတယ်။
(၅)
အသက် ၉၀ မရောက်မချင်း ရာထူးကမဆင်းပေးနိုင်ဘူးလို့ ကြွေးကြော်ထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံခေါင်းဆောင်တွေကို တစ်ယောက်ချင်းစီအလိုက် ကြိုဆိုခဲ့ပါတယ်။Peace Palace အဆောက်အအုံရဲ့ အဓိက ၀င်ပေါက်မှာရပ်ပြီး ဟွန်ဆန်က ကြိုခဲ့ပါတယ်။ ရှစ်ဦးမြောက် ခေါင်းဆောင်ကို ကြိုပြီးတဲ့အခါ နားနေဆောင်ထဲကို ဟွန်ဆန် ပြန်ဝင်သွားပါတယ်။ သိပ်မကြာပါဘူး။ ကသောကမျော ပြန်ထွက်လာပါတယ်။ နောက်ကျနေတဲ့ အာဆီယံ ခေါင်းဆောင်တစ်ဦးကို ကြိုဆိုဖို့ ဖြစ်ပါတယ်။ နောက်ကျနေသူက ဖိလစ်ပိုင် သမ္မတ အကွီနိုဖြစ်နေပါတယ်။ ရယ်ကျဲကျဲနဲ့ ၀င်လာတဲ့ အကွီနိုကို ဟွန်ဆန်က အပြုံးမပျက်ကြိုခဲ့ပါတယ်။ နှစ်နိုင်ငံ အကြား နောက်ကွယ်မှာရှိနေတဲ့ တင်းမာမှုတွေကို တဒင်္ဂဖုံးကွယ်နိုင်ဖို့ သူတို့ရဲ့အပြုံးတွေကို ကောင်းကောင်း အသုံးချခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်ရဲ့ နောက်ကွယ်က တင်းမာမှုဆိုတာ တောင်တရုတ်ပင်လယ် အရေးပါပဲ။ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးရာမှာ ကမ္ဘောဒီးယားက တရုတ်ဘက်က ရပ်တည်ပါတယ်။ ဖိလစ်ပိုင်က ဆန့်ကျင်ဘက်မှာရှိပါတယ်။                        
ဇူလိုင်လတုန်းက အစည်းအဝေးမှာ ဖိလစ်ပိုင်ရဲ့ ကန့်ကွက်မှုက ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်အောင် အဓိကကျခဲ့ပါတယ်။ အာဆီယံဒေသတွင်း ခေါင်းဆောင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ အထူးချွန်ဆုံးလို့ သတ်မှတ်ခံထားရတဲ့  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နာတလီဂါဝါက ကြားဝင်စေ့စပ်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဖနွမ်းပင် ထိပ်သီးဆွေးနွေးပွဲ မစခင်အချိန်မှာလည်း အာဆီယံဒေသတွင်း နိုင်ငံတွေအကြား အငြင်းပွားမှုတွေကို စေ့စပ်မှုရနိုင်အောင် နာတလီဂါဝါက ကြိုးစားခဲ့ပါတယ်။
(၆)
တောင်တရုတ်ပင်လယ်အရေးက အရှေ့တောင်အာရှမှာ ပထ၀ီနိုင်ငံရေးအရ၊ မဟာဗျူဟာအရ အရေးပါခဲ့တာ ကြာခဲ့ပါပြီ။ အကယ်၍များ အရှေ့တောင်အာရှမှာ မငြိမ်းနိုင်သော စစ်မီးလျံများပေါ်လာခဲ့ပြီဆိုရင် အဲဒီ မီးလျံရဲ့ အစဟာ တောင်တရုတ်ပင်လယ်အရေးပဲ ဖြစ်လာမှာပါ။ တောင်တရုတ်ပင်လယ်အရေးကို ပြဿနာစလာခဲ့သူက တရုတ်နိုင်ငံဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ ရှိနေတဲ့ ကျွန်းစုငယ်တွေကို သူပိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်နှစ်က စတင်ပြောလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပြဿနာတွေ စလာတာပါ။တောင်တရုတ်ပင်လယ်ထဲမှာ Spratlys ကျွန်းစု၊ Paracel ကျွန်းစုနဲ့ Macclesfield Bank ကျွန်းစုတွေဟာ တရုတ်နဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေအကြား ရှိနေခဲ့ပါတယ်။ ဒီ ကျွန်းစုတွေထဲက  Spratlys နဲ့ Paracel ကျွန်းစုတို့ကို အကြောင်းပြုပြီး ဗီယက်နမ်၊ မလေးရှား၊ဖိလစ်ပိုင်၊ ထိုင်ဝမ် အစရှိတဲ့ နိုင်ငံတွေက နယ်မြေပိုင်နက်အတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေ ဖြစ်လာပါတယ်။
(၇)
တောင်တရုတ်ပင်လယ် အရေး အငြင်းပွားမှုဟာ နိုင်ငံတကာအသိုက်အ၀န်းအတွက် စိုးရိမ်စရာဖြစ်ပြီး အာရှပစိဖိတ်ဒေသ တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်မှု ရှိနိုင်တယ်လို့ ဂျပန် အစိုးရက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။  ဒီထုတ်ပြန်ချက်က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ ဆက်စပ်နေပါတယ်။ အဲဒီအစီရင်ခံစာမှာတော့ တောင်တရုတ်ပင်လယ်အရေးကို နိုင်ငံတကာ အရေးကိစ္စအဖြစ် မဆွေးနွေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဖိလစ်ပိုင်သမ္မတ အကွီနိုက ကန့်ကွက်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အာဆီယံနိုင်ငံတွေအကြား သဘောတူညီချက် မရခဲ့ဘူးလို့ အကွီနိုက ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့မှာပဲ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွေအတွက် Code of Conduct(CoC) ကိစ္စကို စတင်ဆွေးနွေးဖို့ တောင်းဆိုပါတယ်။ ကမ္ဘောဒီယားနိုင်ငံကတော့ တရုတ်ရဲ့ သဘောထားကို စောင့်ခဲ့ပါတယ်။ ဖိ လစ်ပိုင်ကတော့ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန် ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။ အမေရိကန် သမ္မတ အိုဘားမားက အာရှရဲ့ အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ ကိစ္စဖြစ်တဲ့ တောင်တရုတ်ပင်လယ် အရေးငြိမ်းချမ်းစွာ ဖြေရှင်းစေချင်ပါ တယ်။ တရုတ်ဘက် နိုင်ငံတစ်နိုင်ငံချင်းစီနဲ့ သီးခြားဆွေးနွေးဖို့ ဆန္ဒရှိနေပါတယ်။
ဒီ ကြားထဲမှာ ပြဿနာတစ်ခု ပေါ်လာခဲ့ပါတယ်။ အာဆီယံ(+၃) ဆွေးနွေးပွဲလုပ်ဖြစ်မလား၊ မလုပ်ဖြစ်ဘူးလားဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့မှာပဲ တောင်ကိုရီးယားနဲ့ ဂျပန်ကထုတ်ဖော်ပြောဆိုခဲ့တာတွေ ရှိပါတယ်။ ဒီနှစ် အတွက် အာဆီယံ (+၃) ဆွေးနွေးပွဲရဲ့ ဥက္ကဋ္ဌဟာ တရုတ်နိုင်ငံဖြစ်တယ်။ အခုချိန်ထိတော့ တရုတ်ကသူတို့ကို ဖိတ်ကြားခြင်း မရှိသေးဘူးဆိုတဲ့ ပြောဆိုမှုတွေ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ကွန်ဂရက်နဲ့ပတ်သက်ပြီး သူတို့ အလုပ်များနေတယ်လို့ တရုတ်ဘက်က ပြောခဲ့တာတွေ ရှိပါတယ်။

၄၅ နှစ်တာ အာဆီယံရဲ့ ဖြတ်သန်းမှုတွေမှာ သဘောတူညီချက် များစွာကို လက်မှတ်ရေးထိုးပြီးဖြစ်ပေမယ့် အများစုဟာ စက္ကူကျားတွေလိုပဲ အသက်မဲ့ နေတာတွေ ရှိနေပါတယ် . . .
(၈)
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ အာဆီယံမှာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေကို ကမ္ဘာ့အဆင့်နဲ့ ရင်ပေါင်တန်းနိုင်အောင် အမီလိုက်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဟွန်ဆန်ရဲ့ မိန့်ခွန်းထဲမှာပါခဲ့တဲ့ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ (AC) ၊ အာဆီယံ စီးပွားရေး အသိုက်အမြုံ(AEC) မျှော်မှန်းချက်တွေက၂၀၀၈ခုနှစ် နောက်ပိုင်း အာဆီယံမှာ ပုံမှန်ဟောနေကျ ရွှေပြည်အေးတရားတွေပဲ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ (EU) လို ဖြစ်ချင်တဲ့ အာဆီယံရဲ့ ပေါင်းစည်းမှုတွေဟာ ၀ါးအစည်းပြေလိုက်၊ ပြန်စုလိုက်နဲ့ ထင်သလောက်တော့ ခရီးမပေါက်ခဲ့ပါဘူး။ ပေါင်းစည်းမှု ရလဒ်အနေနဲ့ အာဆီယံဘုံငွေကြေးသုံးစွဲမှု ကိစ္စမဆိုထားနှင့်၊ အာဆီယံ နိုင်ငံတိုင်းကို သွားလို့ရတဲ့ အာဆီယံ ဗီဇာစနစ်မှာတောင် အဖွဲ့ဝင်နိုင်ငံတိုင်းနဲ့ လိုက်လျောညီထွေမဖြစ်သေးပါဘူး။ ၄၅ နှစ်တာ အာဆီယံရဲ့ ဖြတ်သန်းမှုတွေမှာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးပြီး ဖြစ်ပေမယ့် အများစုဟာ စက္ကူကျားတွေလိုပဲ အသက်မဲ့နေတာတွေ ရှိနေပါတယ်။
အာဆီယံအသိုက်အမြုံ (AC)နဲ့အတူ တွဲပါလာမယ့် အာဆီယံစီးပွားရေး အသိုက်အမြုံ (AEC) ဆိုတာ ဒေသတွင်းနိုင်ငံတွေထဲက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေကပိုပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ တရွတ်တိုက်လိုက်ရမယ့် အခြေအနေ ရှိပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ အာဆီယံ စီးပွားရေး အသိုက်အမြုံ(AEC) အတွက် ငွေကြေး အများကြီးသုံးပြီး ပြင်ဆင်ထားတဲ့နိုင်ငံက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသား စီးပွားရေး လုပ်ငန်း ရှင်တိုင်းရဲ့ နှုတ်ဖျားမှာ AEC ကို အချိန်ပြည့် ရွတ်နေတဲ့အထိ ရေပန်းစားမှုတွေ ရှိနေပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ AC နဲ့ AEC ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ စတင်မလား၊ ဒီဇင်ဘာ လ ၃၁ ရက်နေ့မှာ စတင်မလားဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis