menu

Monday 3 December 2012

လက်ပန်တောင်းတောင်သပိတ်စခန်း နှိမ်နှင်းရာမှာ သုံးခဲ့တဲ့ မီးလောင်ဗုံးတွေ ဘယ်က ရသလဲ

ကျမက လူက ဂျကာတာမှာ ရောက်နေချိန်ဖြစ်တဲ့အတွက် မြန်မာပြည်အကြောင်း သိချင်တိုင်း အချိန်တိုင်း နီးပါးကို အင်တာနက်ကို သုံးနေမိတယ်။
သိတဲ့ အတိုင်းပဲ ကျမ အများဆုံး သုံးတာ facebook ၊ ပြီးတော့ ဒီရက်ပိုင်းမှာ မြင်နေရတာတွေကလည်း ဒဏ်ရာရနေတဲ့ ပုံတွေချည်းပါပဲ။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း မြေစာပုံ သပိတ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်မှာ ရဲတပ်ဖွဲ့ကနေ စပြီး ဖြိုခွဲခဲ့ကြတယ်။ ဖြိုခွဲစဉ်တုန်းက မီးသတ်ပိုက်တင်မကဘူး မီးလောင်ဗုံးလက်နက်ကိုပါ ထုတ်သုံးခဲ့တာ တွေ့ရတယ်။
အဲဒီလို သပိတ်စခန်းဖြိုခွဲမှုနဲ့ ဒဏ်ရာရ သူတွေ အများစုက သံင်္ယာတော်တွေ အပါး ၃၀ ကျော် ရှိတယ်လို့ ကျမ သတင်းရေးသားဖြစ်ခဲ့တယ်။ အခု fb ပေါ်မှာ တက်လာတဲ့ ဓါတ်ပုံတွေကို ကြည့်ရတဲ့ အနေအထားမှာ ဒဏ်ရာအနေအထားတွေက တော်တော်ကို ဆိုးဆိုးဝါးဝါး အနေအထားတခုကိုတွေ့ရပါတယ်။ ပျောက်ကင်းအောင် မပြောပါနဲ့ ဦးလောလောဆယ် ခံစားနေရတဲ့ ဝေဒနာ သက်သာအောင်တောင်မှ ဘယ်လို ကုသကြမလဲ။ စိတ်ထိခိုက်ဖွယ်ရာပါပဲ။

ကျမက သာမန်သတင်းသမား၊ ပြည်သူ တယောက်သာ ဖြစ်တဲ့အတွက် ဒဏ်ရာရဲ့ အတိမ်အနက်နဲ့ လက်နက်မှာပါဝင်တဲ့ ဓါတုပစ္စည်းတွေအကြောင်းကိုတော့ မသိပါဘူး။

ဒါပေမဲ့ အဲဒီလောက် ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့ လက်နက်မျိုးကို ရဲတပ်ဖွဲ့က မသိဘဲနဲ့ သုံးခဲ့တယ် ဆိုတဲ့ သတင်းနဲ့ ထုတ်ပြန်ချက်တွေကိုလည်း ဖတ်ရတော့၊ ကျမ စိတ်ထဲ ဒေါသဖြစ်ခဲ့မိတယ်။ အံ့လည်း သြမိပါတယ်။

ကိုယ် မစမ်းသပ်ဖူးနဲ့ ကိုယ်မသိတဲ့ လက်နက် တခုကို ဘာကြောင့် ဒီလို အကြမ်းဖက်တဲ့ နေရာမှာ သုံးရသလဲ။

အဲဒီ လက်နက်ကို ဘယ်က ရသလဲ။

အဲဒီလက်နက် သုံးဖို့ ဘယ်သူက ဘယ်အချိန်ကတည်းက ပေးထားခဲ့တာလဲ။

အဲဒီလက်နက်က ဘာအမျိုးအစားလဲ၊ ဘယ်သူတွေ ထုတ်တာလဲ၊ ဘယ်နေရာမှာ ဘယ်လို အသုံးပြုဖို့ ထုတ်ကြတာလဲ။

ကျမ တွေးမိတာကတော့ မြန်မာပြည်က လက်နက် ထုတ်လုပ်နိုင်တဲ့ တိုင်းပြည်မဟုတ်တဲ့အတွက် ဒီလက်နက်ဟာ အနီးဆုံး အိမ်နီးချင်း နိုင်ငံကြီး ဆီကနေ ရရှိတာများ ဖြစ်နေမလားလို့လည်း တွေးမိပါတယ်။ အတိအကျပြောနိုင်အောင်တော့ ဆက်လျက် စုံစမ်းရပါဦးမယ်။

နောက်တချက် စိတ်ဝင်စားစရာကောင်းတာက မြန်မာပြည်က အာဏာပိုင်တွေနဲ့ လက်ရှိ ရဲတပ်ဖွဲ့ဝင်ရဲ့ ဦးဆောင်သူတွေကရော ကိုယ်မသိတဲ့ ကိုယ်တိုင် မစမ်းသပ်ဖူးတဲ့ လက်နက်ကို သုံးဖို့ ဘာကြောင့် အမိန့်ပေးခဲ့ရသလဲ။

သုံးလိုက်တာ ဘာကြောင့်လဲ။ သုံးပြီးမှ မသိဘူး ကြောင်နေတယ်ဆိုတာကရော...။ ကျမ ခေါင်းထဲမှာ မေးခွန်းတွေ အများကြီး ရှိနေတယ်။

လက်ရှိ ကြားနေရတဲ့ သတင်းတွေထဲမှာတော့ ကြေးနီတောင် စီမံကိန်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆောင်ရွက်မှာတွေကို ကြားရသိရတဲ့ အတွက် ၀မ်းသာ ကြိုဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကလည်း ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်စေလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

ကျမတို့ သတင်းသမားတွေက လက်ခုပ်တီးသင့်တဲ့အချိန်မှာ လက်ခုပ်တီးတတ်ကြသလို၊ပြည်သူ့အကျိုးစီးပွားကို ကြည့်ပြီး သတင်းရေးကြတာ ဖြစ်တဲ့အတွက် ပြည်သူကို အသိပေးဖို့ လိုအပ်တာမှန်သမျှ ကို အသိပေးနိုင်အောင် ကြိုးစားသွားကြမှာပါ။ ကျမတို့မှာ တခြား ကြည့်စရာ မျက်နှာတွေ မရှိပါဘူး။ ပြည်သူ့ မျက်နှာပဲ ရှိပါတယ်။

အဲဒါကြောင့် ကျမတို့ ဒီကိစ္စကိုလည်း စိတ်ဝင်စားလျက်ပါပဲ၊ စောင့်ကြည့်ရေးသားဖို့လည်း အဆင်သင့်ပါပဲ။
by May Thingyan Hein on Sunday, 2 December 2012 at 22:56 ·
မေသင်္ကြန်ဟိန်(မြစ်မခ)
ဒီဇင်ဘာ ၃၊ ဂျကာတာမြို့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis