menu

Thursday 29 November 2012

ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန်





မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ည နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဖြိုခွင်း ခဲ့ခြင်းသည် ရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်တစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး လက်သင့်ခံနိုင်ဖွယ် မရှိဟု နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက တုန့်ပြန် ပြောဆို လိုက်သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာလ၂၉ ရက်နေ့  နံနက် ၃နာရီအချိန်မှစတင်၍  လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ အင်အားသုံးပြီး ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ အင်အားသုံး ဖြိုခွင်းခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာနေရာများသို့ မီးလောင်စေသော ဓါတု ပစ္စည်းပါဝင်သည့် လက်နက် (ဓါတုလက်နက်) ဖြင့် အင်အားသုံးနှိမ်နင်းခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။
ယခုကဲ့သို့သော အကြမ်းဖက်မှုများက ဆန္ဒပြသူများဘက်သို့ ပြည်သူလူထုအားလုံး ရောက်ရှိသွားစေသည့် အနေအထား သို့ ရောက်ရှိ သွားနိုင်ကြောင်း ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။
"အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ လုံးဝ ကျွန်တော်တို့ လက်မခံနိုင်တဲ့ ကိစ္စပါ။ မှားယွင်းတယ်လို့ ထင်တယ်။ ဒါတွေအတွက် လည်း ဖြေရှင်းရန် အမြန်ဆုံးလိုအပ်တယ်လို့ ထင်တယ်။ ဖြိုခွင်းတာကတော့ ကြမ်းတယ်။ တော်တော်ကြမ်းတယ်တောင် ထင်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့်ဆိုရင် မြို့ပေါ်မှာလောက် ဆိုရင်ကို မျက်ရည်ယိုဗုံး သုံးတယ်ဆို တာတောင် အလွန်အကျွံပဲလေ။ အခုဟာက မီးလောင်ဗုံးတို့၊ မီးလောင်ဗုံးသုံးတယ်ဆိုတာကလည်း ငြင်းလို့မရဘူး။
ဆရာ တော် သံဃာတော် တော်တော်များများက မီးလောင်ဒဏ်ရာတွေ ရပြီးတော့ ဆရာတော် တစ်ပါးဆိုရင် မန္တလေးဆေးရုံ တောင် ရောက်နေပြီဆိုတော့ တော်တော်လေး ထင်ရှားတဲ့ ကိစ္စပေါ့။ ကျွန်တော်တို့က ဘာစိုးရိမ်လဲဆိုတော့ ဒီလိုသာ အကြမ်းဖက်ရင် ပြည်သူတွေ အကုန်လုံးက ဆန္ဒပြတဲ့သူတွေဘက်က ပါ လာမယ်"ဟု ဦးဝင်းတင်က ပြောပါသည်။
ထို့အပြင် ယခုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို အကြပ်အတည်း တစ်ခုအတွင်းသို့ တွန်းပို့လိုက်သည့် ပုံစံသို့ ရောက်ရှိ သွားစေ သည့်အပြင် အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုများကိုပါ အနှောက်မယှက် ဖြစ်သွားစေနိုင်ကြောင်း နိုင်ငံရေးဆောင်း ပါးများ ရေးသားနေသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။
"ဒီလို အင်အားသုံးတဲ့ နည်းနဲ့ ဖြေရှင်းတာက တစ်ဖက်က ဒေါ်အောင်ဆန်းစုကြည်ကိုရော အကြပ်တွေ့စေမယ့် အနေအထား ကို တွန်းပို့လိုက်တဲ့ သဘောရှိ တယ်။ ဒေါ်အောင်ဆန်းစုကြည်က စေ့စပ် ငြှိနှိုင်းဖြေရှင်းတဲ့ဘက်ကို သွားနေတဲ့ အချိန်မှာ ဒီလိုပုံစံမျိုး တစ် ဖက်က အင်အား သုံးပြီး ဖြေရှင်းလိုက်တယ် ဆိုတာဟာ ရေရှည် မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ကောင်းတဲ့ စံနမူ နာလို့ ပြောလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီဒေသကို ရောက်သွားတဲ့အခါ တော်တော်ကို အခက်အခဲဖြစ်တဲ့  အနေ အထားကို ရောက်သွားပြီးတော့ မူလပြောနေတဲ့ လမ်းကြောင်းတွေနဲ့တောင်မှ မလုံလောက်တဲ့ အနေအထားလို့ ပြောနိုင်တယ်။ ဒါကြောင့် အခုဟာက မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြု အမူတစ်ခု ဖြစ်သွားတယ်လို့ သုံးသပ် နိုင်တယ်"ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
လက်ပံတောင်းတောင် သပိတ်စခန်းအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် အဆိုပါ ရုပ်ဆိုးအကျည်းတန်မှု အပေါ် ပြန်လည်အဖတ်ဆယ်ရန် လိုအပ်မည်ဖြစ်ကြောင်း လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့ ပါသည်။

"ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စတစ်ခုလုံးကို လုံးဝရှုတ်ချ ကန့်ကွက်တယ်ဗျ။ ဒီလို လုပ်နည်း လုပ်ငန်တွေက ဒီမိုကရေစီ အစဉ်အလာ ကျင့်သုံးနေသူတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ခေတ်ဟောင်း စနစ်ဟောင်း လူဟောင်း မူဟောင်းတွေရဲ့ အရိပ်အငွေ့တွေ လက်ရာ တွေက ပေါ်လွင်နေသေးတယ်ဆိုတာပဲ။ ဒီကိစ္စမှာ အရေးယူတဲ့ဘက်က လွန်တယ်ဆိုတာကို ၀န် ချတောင်းပန်သင့်တယ်။ ကျွန်တော့် အမြင်မှာ။ ပြီးတော့မှ စီးပွားရေးအရ နှိုင်းယှဉ်ပြီးတော့ သဘောပေါက်တဲ့အထိ ရှင်းလင်းပြသရလိမ့်မယ်။ တောင်းပန်ရမယ်။ စီးပွားရေး အရ ဂုဏ်သိက္ခာကို ရှင်းလင်းပြသရလိမ့်မယ်။ ဖမ်းဆီးထားသူတွေ ကို ပြန်လွှတ်ပေးရလိမ့်မယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ပြေလည်မှုပေါ့ဗျာ။ ဒဏ်ရာကတော့ ဖြစ်သွားပြီ။ အနာပြန်မဖြစ်အောင် လုပ်ပေးရလိမ့်မယ်။ ဒီကိစ္စက အလွန်အရုပ်ဆိုး အကျည်းတန်ပြီးတော့ အမြန်အဖတ်ဆယ်ဖို့ လိုတယ်ဗျာ" ဟု ဦးကြည်မြင့်က ပြောသည်။
အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သည်များကို သတင်းထုတ်ပြန်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် မကျေနပ် သူများ၊ တိုင်တန်းသူများရှိလာပါက တာဝန်ယူလုပ်ဆောင်သူ တာဝန်ခံဖြေရှင်းရမည်ဟု ဘလောဂါ နေဘုန်းလတ်က ပြောပါသည်။
ဆန္ဒပြသူများကို ဖြေရှင်းလိုက်သည့်နည်းမှာ အရုပ်ဆိုးသော နည်းလမ်းတစ်ခုဖြစ်ပြီး သူ့အနေဖြင့် ဆန္ဒပြသူများဘက်မှ ရပ်တည်သွားမည် ဟု အသက် ၈၀ အရွယ်ရှိ သဘာဝပတ်ဝန်းကျင် ထိမ်သိန်းရေး ပညာရှင် ဦးအုန်းက ပြောသည်။
"အများကြီး စိတ်မကောင်းဘူး။ ကျွန်တော်တို့ကတော့ လုံးဝ မလျော့ဘူး။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်သွားမယ်။ ကျွန်တော် တောင် အသက် ၈၀ကျော် ဖြစ်လို့ပဲ၊ နို့မိုဆို ကျွန်တော်ကိုယ်တိုင် လိုက်သွားတယ်။ ဆန္ဒြ့ပသူတွေနဲ့ အတူပါဝင်လိုက်မယ်။ သေနတ်နဲ့ ပစ်ချင်လည်း ပစ်၊ အသေခံပစ်လိုက်ချင်တယ်"ဟု ဦးအုန်းက ပြောသည်။
ညှိနှိုင်းမှုများမပြုလုပ်ဘဲ အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်ဟု ၈၈မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဌေးကြွယ်က ပြောပါသည်။
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့အနေဖြင့် မည်သည့်အကြမ်းဖက်မှုမျိုးကိုမှ မလိုလားကြောင်း၊ ပြည်သူနှင့် အစိုးရအကြား ယုံကြည်မှု တည်ဆောက်နေသည့် အသွင်ကူးပြောင်းရေးကာလတွင် အစိုးရဘက်မှ စိတ်ရှည်မှုကို ပြသရမည် ဖြစ်ကြောင်းနှင့် ယခုအကြမ်းဖက်မှုဖြစ် စဉ်က တိုင်းပြည်ရှေ့ရေးအတွက် ရင်လေးစရာ ဖြစ်ခဲ့ရသည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုဂျင်မီက ပြောသည်။
ပြည်သူလူထုဘက်မှ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခြင်းသည် အစိုးရအတွက် အကြပ်ရိုက်စေသည်မှာ မှန်သော်လည်း အစိုးရအနေဖြင့် ခြေလှမ်းမမှားသင့်ကြောင်း၊ ယခုဖြစ်ရပ်သည် သင်ခန်းစာ ယူရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟု အငြိမ်းစား ပါမောက္ခ ဒေါ်လှမြင့်က သုံးသပ်ပါသည်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများ စောင့်ကြည့်နေသည့် ယခုအချိန်တွင် အကြမ်းဖက် ဖြိုခွင်းမှုကို မပြုလုပ်သင့်ကြောင်းနှင့် ပွင့်လင်းမြင်သာ မှုမရှိဘဲ စတင်ခဲ့သော စီမံကိန်းကြောင့် ဒေသခံများ အကျိုးစီးပွားနည်းခဲ့သည်ကို ပြန်လည် သုံးသပ်သင့်သည်ဟု အမျိုးသား လူမှုရေးနှင့် စီးပွားရေး အကြံပေးကောင်စီဝင် ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့သည်။
ရခိုင်အရေး အဓိကရုဏ်းတွင် တည်တည်ငြိမ်ငြိမ်ဖြင့် စိတ်ရှည် လက်ရှည် ဖြစ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယခုအရေး ကိစ္စတွင် စိတ်လိုက်မာန်ပါ လုပ်ခဲ့ခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်ဟု The Voice Weekly ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားပါသည်။
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း  သိရသည်။ လတ်တလော ရရှိ ထားသော သတင်းများအရ မုံရွာဆေးရုံတွင် ရောက်ရှိ  ကုသခံနေရသူ ၅၀ကျော်ခန့်ရှိပြီး အများစုမှာ မီးလောင် ဒဏ်ရာ များ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာအခြေအနေ ပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။ အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူ ရာဂဏန်း ခန့်ရှိပြီး အတည်မပြုနိုင်သော သတင်းများအရ ယခုဖြစ် စဉ် ကြောင့် သေဆုံးသူများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများလည်း ရှိနေကြောင်း သိရှိရသည်။
"သပိတ်စခန်းမှာ ညအိပ်စောင့်နေတဲ့ ကျွန်တော်တို့ သတင်းထောက်နှစ်ယောက်ရဲ့ မြေပြင်အချက်အလက်နဲ့ မျက်မြင် သက် သေတွေအရ အစိုးရဟာ လိုတာထက် အင်အားကို အလွန်အကျွံသုံးစွဲခဲ့တယ်။ တရုတ်ရဲ့ ရေအားလျှပ်စစ် စီမံကိန်း တွေကို ကာကွယ်ဖို့ KIA ကို သွားတိုက်လို့ မဆုံးနိုင်တဲ့ စစ်ပွဲတွေ ဖြစ်ရတယ်။ တပ်မတော်သားတွေ ထောင်ချီ သေကြေ ဒဏ်ရာ ရတယ်။ KIA ဘက်ကလည်း အများကြီး ထိခိုက်ကျဆုံးတယ်။ ဒေသခံ သိန်းနဲ့ချီပြီး ဒုက္ခရောက်ရတယ်။ ကြေးနီစီမံ ကိန်းဟာ မရပ်သင့်ဘူးဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ မြစ်ဆုံဆည်ကို ဆောက်ခဲ့ရင် တရုတ်ကျွန် ဖြစ်မယ့် ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကားလမ်း ဖောက်ခဲ့ရင် မြန်မာနိုင်ငံဟာ မီးဟုန်းဟုန်း တောက်ပြီး တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားမယ်ဆိုတာကို ကြိုတင် သတိပေးပါတယ်။ တရုတ်ရဲ့ အကျိုးစီးပွားကို အလွန်အကျွံ ကာကွယ်ပေး နေတာကြောင့် လူထုအတွင်းမှာ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ အမြစ်တွယ်လာပြီ”ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင် က ပြောကြားခဲ့သည်။
အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ တုံ့ပြန်မှုများ
"အခုဟာကတော့ ကျွန်တော်တို့ လက်မခံနိုင်တဲ့ နည်းပေါ့ဗျာ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းညီညွတ်ရေးနဲ့ အန္တာရယ်တွေနဲ့ ပတ်သက်လို့ တိုက်ခိုက်မှုတွေ ပဋိပက္ခတွေနဲ့ ပတ်သက်လို ညှိနှိုင်းဖြေရှင်းနေတဲ့ အချိန်မှာ အခုလို ငြိမ်း ချမ်းစွာ ဆန္ဒပြပြီး တောင်းဆိုနေတဲ့ဟာတွေကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ လုံးဝလက်မခံတဲ့ နည်းပေါ့ဗျာ။ အထူး သဖြင့်ကတော့ မကျေနပ်သူတစ်စုကနေ ဆန္ဒပြသူတွေကို ဖြိုခွင်းတယ်လို့ ပြောလို့ မရဘူးဗျ။ သီးခြားအဖွဲ့အစည်းသာ မကဘူး။ လူပေါင်းများစွာ၊ သံဃာတွေရော၊ ကျောင်းသားတွေပါ ပြည်သူတွေရော အားလုံးပါပြီးတော့ ပြည်သူ့ ညီလာခံဆို တဲ့ အဆင့်ထိ လုပ်နိုင်ခဲ့တဲ့ လှုပ်ရှားမှု၊ ဒီလှုပ်ရှားမှုရဲ့ နောက်ဆုံးအဆင့် သပိတ်စခန်းကဖြစ်လာပြီးတော့ ဒီသပိတ်စခန်းကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ လုံးဝ ကျွန်တော်တို့ လက်မခံနိုင်တဲ့ ကိစ္စပါ။ မှားယွင်းတယ်လို့ ထင်တယ်။ ဒါတွေအတွက် လည်း ဖြေရှင်းရန် အမြန်ဆုံးလိုအပ်တယ်လို့ ထင်တယ်။ ဖြိုခွင်းတာကတော့ ကြမ်းတယ်။ တော်တော်ကြမ်းတယ်တောင် ထင်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့်ဆိုရင် မြို့ပေါ်မှာလောက် ဆိုရင်ကို မျက်ရည်ယိုဗုံး သုံးတယ်ဆို တာတောင် အလွန်အကျွံပဲလေ။ အခုဟာက မီးလောင်ဗုံးတို့၊ မီးလောင်ဗုံး သုံးတယ် ဆိုတာကလည်း ငြင်းလို့မရဘူး။ ဆရာ တော် သံဃာတော် တော်တော်များများက မီးလောင်ဒဏ်ရာတွေ ရပြီးတော့ ဆရာတော် တစ်ပါး ဆိုရင် မန္တလေးဆေးရုံ တောင် ရောက်နေပြီ ဆိုတော့ တော်တော်လေး ထင်ရှားတဲ့ ကိစ္စပေါ့။ ကျွန်တော်တို့က ဘာစိုးရိမ်လဲဆိုတော့ ဒီလိုသာ အကြမ်းဖက်ရင် ပြည်သူတွေ အကုန်လုံးက ဆန္ဒပြတဲ့သူတွေဘက်က ပါလာမယ်။ စနစ်နဲ့လူနဲ့ နားလည်ဖို့ ကောင်းတယ်။ ခံစားချက်တွေကို နားလည်ဖို့ ကောင်းတယ်။ ဘာဖြစ်လို့ နားလည်ဖို့ ကောင်းလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီနယ်မြေကို လာပြီးတော့ ပြည်သူတွေနဲ့ တွေ့မယ်ဆိုပြီးတော့ လုပ်နေတယ်ဆိုကတည်းက ကြိုတင်ပြီး အားဖြင့်လည်း ဖြေရှင်း မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ ပြည်သူလူထု ပါဝင်လာပြီးတော့ ဒုတိယ မြစ်ဆုံလို ဖြစ်လာလိမ့်မယ်လို့ မှန်းပါတယ်” (ဟံသာဝတီ ဦးဝင်းတင်)

"ဒီလို ဖြေရှင်းတယ်ဆိုကတော့ လက်မခံနိုင်ဘူးလေ။ ဖြစ်သင့်တာကတော့ နှစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပြီး ဖြေရှင်းတာတော့ ဖြစ်သင့်တယ်လေ။ တကယ်တန်းက ဒီစီမံကိန်းကို ခဏရပ်ပြီးတော့ သေချာပြန်ပြီးတော့ ဘက်ပေါင်းစုံ Assessment ပြန်လုပ်ရမယ်။ Assessment လုပ်ပြီးတော့မှ အဲဒီက ထွက်လာတဲ့ Report အပေါ် မူတည်ပြီးတော့ သက် ဆိုင်ရာ လူတွေက ငြှိနှိုင်းရမယ်။ ဒေသခံတွေ ရှိမယ်။ ကုမ္ပဏီရှိမယ်။ နောက် မြန်မာဘက်က ပါတနာရှိမယ်။ အားလုံးငြှိနှိုင်း ပြီးတော့ ဒီ Report ထဲက ဖော်ပြတဲ့အတိုင်း လုပ်နိုင် မလုပ်နိုင် ငြှိနှိုင်းပြီးတော့ အဲလိုမျိုး ဆက်သင့်တယ်လို့ ထင်တယ်။ အဲ လို ဖြေရှင်းနည်းကပဲ သဘာဝကျမယ်။ အခုလို အကြမ်းသုံးပြီး ဖြေရှင်းလိုက်လို့ ဒီပြဿနာက ပြီးသွားမှာမှ မဟုတ်တာ။ မပြီးတဲ့ အပြင်ကို ပြေပြေလည်လည် ဖြေရှင်းနိုင်မယ့် အနေအထားကို ပိုပြီးတော့ ရှုပ်ထွေးသွားစေမယ်လေ။ ယေဘုယျအား ဖြင့် အဲလိုအမှန်တကယ်လုပ်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ လုပ်ထုံးလုပ် နည်းအရ လည်း ဒါ မှားယွင်းတယ်လို့ ပြောရ မယ့် အနေထားရှိတယ်လေ။ ကျွန်တော့်အမြင်ကတော့ EIA Report က အရေးကြီးတယ်။ Investigation ဆိုတဲ့ နေရာမှာ အစိုးရက ဦးဆောင်တဲ့ Investigation တစ်ခုတည်းကို တည်မှီလို့ မရဘူး။ လွတ်လပ်တဲ့ Investigation Report တစ်ခု အပေါ်မှာ မူတည်ပြီးတော့ စဉ်းစားတာက ပိုပြီး သဘာဝကျတယ်။ အဲဒီ Investigation ထဲမှာ နစ်နာတဲ့ သူတွေဘက်က ဘယ်လို ရပိုင်ခွင့်တွေ ရှိမယ်။ ဒါတွေပါ အသေးစိတ် ဖော်ပြပြီးတော့ အဲတာတွေကို ဒေသခံတွေ၊ ကုမ္ပဏီ ရော၊ သက်ဆိုင် ရာ မြန်မာဘက်က ပါတနာတွေရော အားလုံးက သဘောတူညီကြောင်း လက်မှတ်ထိုးထားရမယ်။ အဲဒီသဘောတူညီချက် အတိုင်း လုပ်ရမယ်။ ဒါပေမဲ့ အဲတာကို အားလုံးက သဘောတူရမယ်။ သဘောတူအောင်လည်း ငြှိနှိုင်းဖြေရှင်းတဲ့ နည်းကိုပဲ သုံးပြီးတော့ ရောက်အောင် သွားရမယ်။ အဲလိုမဟုတ်ဘဲနဲ့ အင်အားသုံးပြီးတော့ ဖြေရှင်းမယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့ လမ်းကြောင်းမှာလည်းပဲ ဒါက unconscious ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲ မှုတွေကို နိုင်ငံတကာက သတ်မှတ်တဲ့ အဆင့်အတန်းကလည်း အများကြီး နိမ့်ကျသွားနိုင်တယ်။ နိုင်ငံ တကာရဲ့ ယုံကြည်မှု လည်း ကျဆင်းသွားနိုင်တယ်။ အဲဒီထက် ပိုဆိုးတာက ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူ လူထုရဲ့ ပြုပြင်ပြောင်းလဲမှု အပေါ် မှာ ယုံကြည်မှု ကျဆင်းလာလို့ရှိရင် အဲဒီရဲ့ သက်ရောက်မှုက အစိုးရ အပေါ်မှာရော၊ ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်နေတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာရော ပြည်သူလူထုရဲ့ ယုံကြည်မှုက ကျဆင်းသွားနိုင်တယ်။ ဒီလို အင်အားသုံးတဲ့ နည်းနဲ့ ဖြေ ရှင်းတာက တစ်ဖက်က ဒေါ်အောင်ဆန်းစုကြည်ကိုရော အကြပ်တွေ့စေမယ့် အနေအထားကို တွန်းပို့လိုက်တဲ့ သဘောရှိ တယ်။ ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ငြှိနှိုင်းဖြေရှင်းတဲ့ဘက်ကို သွားနေတဲ့ အချိန်မှာ ဒီလိုပုံစံမျိုး တစ်ဖက်က အင်အားသုံးပြီး ဖြေရှင်းလိုက်တယ် ဆိုတာဟာ ရေရှည် မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ကောင်းတဲ့ စံနမူနာလို့ ပြောလို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီဒေသကို ရောက်သွားတဲ့အခါ တော်တော်ကို အခက်အခဲဖြစ်တဲ့  အနေအထားကို ရောက်သွားပြီးတော့ မူလပြောနေတဲ့ လမ်းကြောင်းတွေနဲ့တောင်မှ မလုံလောက်တဲ့ အနေအထားလို့ ပြောနိုင်တယ်။ ဒါကြောင့် အခုဟာက မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြု အမူတစ်ခု ဖြစ်သွားတယ်လို့ သုံးသပ်နိုင်တယ်" (နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာ ရန်မျိုးသိမ်း)


"ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စတစ်ခုလုံးကို လုံးဝရှုတ်ချ ကန့်ကွက်တယ်ဗျ။ ဒီလို လုပ်နည်း လုပ်ငန်တွေက ဒီမိုကရေစီ အစဉ်အလာ ကျင့်သုံးနေသူတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ခေတ်ဟောင်း စနစ်ဟောင်း လူဟောင်း မူဟောင်းတွေရဲ့ အရိပ်အငွေ့တွေ လက်ရာတွေက ပေါ်လွင်နေသေးတယ်ဆိုတာပဲ။ ဒီကိစ္စမှာ အရေးယူတဲ့ဘက်က လွန်တယ်ဆိုတာကို ၀န် ချတောင်းပန်သင့်တယ်။ ကျွန်တော့် အမြင်မှာ။ ပြီးတော့မှ စီးပွားရေးအရ နှိုင်းယှဉ်ပြီးတော့ သဘောပေါက်တဲ့အထိ ရှင်းလင်းပြသရလိမ့်မယ်။ တောင်းပန်ရမယ်။ စီးပွားရေးအရ ဂုဏ်သိက္ခာကို ရှင်းလင်းပြသရလိမ့်မယ်။ ဖမ်းဆီးထားသူတွေ ကို ပြန်လွှတ်ပေးရလိမ့်မယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပြေလည်မှုပေါ့ဗျာ။ ဒဏ်ရာကတော့ ဖြစ်သွားပြီ။ အနာပြန်မဖြစ်အောင် လုပ်ပေးရလိမ့်မယ်။ ဒီကိစ္စက အလွန်အရုပ်ဆိုး အကျည်းတန်ပြီးတော့ အမြန်အဖတ်ဆယ်ဖို့ လိုတယ် ဗျာ။ မနေ့ကပဲ ညနေပိုင်းမှာ ဧရာဝတီ သတင်းဌာနက မေးတယ်။ မေးတဲ့အခါမှာ ကျွန်တော်က ပြောတယ်။ ကျွန်တော်လေး ချက် ပြောပြပေးလိုက်တယ်။ ပထမအချက်အနေနဲ့က အစိုးရက ဒီကိစ္စမှာ ကိုယ်ယောင် ဖျောက်လိုက်ရမယ်။ သူတို့ရဲ့ အရိပ် အယာင်တောင်မှ မမြင်စေနဲ့တော့လို့။ ဘာလို့လဲဆိုတော့ ဒီတင်းမာမှုတွေက သူ့ဟာသူ လျော့ကျသွားလိမ့်မယ်လေ။ အဲဒီ သဘောတရားကို ကျွန်တော် ပြောချင်တယ်။ နောက်တစ်ချက်အနေနဲ့ ကတော့အဲဒီ နောက်မှာမှ ဆန္ဒပြသူတွေကို ရိုး သားတယ်ဆိုတဲ့ အကြောင်း ကိုယ်က ပြောပြရမယ်။ လုပ်ပြရမယ်လေ။ ဆန္ဒပြတယ်ဆိုတာကလည်း ကိုယ်ကျိုးစီးပွားအတွက် ဘာညာ သွားပြီးတော့ လက်ညိုးထိုးပြလို့ မရဘူးဗျ။ လူတွေက အပင်ပန်းခံပြီးတော့ ဒီမှာ လာရပ်နေကြတယ်။ ကာ နေကြတယ်ဆိုတာဟာ သူတို့ရဲ့ တစ်ဖက်ကနေ ပင်ပန်း ဆင်းရဲခံမှုကိုလေ လူသားချင်းစာနာတဲ့ ပုံစံမျိုးနဲ့ ခံယူပြီးတော့ ပြသ ပြီးတော့ ရိုးသားမှုကို ပြရမယ်လေ။ ပြီးတော့မှ ဆွေးဆွေးနွေးနွေး ပြောဆိုရမယ်။ အဲဒီအခါမှာပဲ ဖြောင်းဖြပြောဆိုရမယ်။ ဖြောင်းဖြမှုဆိုတဲ့အခါမှာ လုပ်ခဲ့တာက ပြီးတဲ့ တောင်နှစ်တောင်တောင်မှ တူးပြီးသွားပြီ။ ဒီတောင်ကျမှ ဒီမိုကရေစီခေတ်နဲ့ ပတ်သက်လာပြီ။ ပတ်သက်လာတဲ့ အချိန်ဆိုပေမဲ့လည်း အရင်တုန်းက ဥရောပနဲ့ အမေရိကားစတဲ့ အနောက်နိုင်ငံတွေက မြန်မာပြည် စီးပွားရေးကို ရောက်မလာသေးဘူး။ အဲဒီအခါမှာ တရုတ်က သူ့ရဲ့ ပြိုင်ဘက်တွေလို့ ခေါ်ရမဲ့ အိန္ဒိယတို့ စင်ကာ ပူတို့ထက်ပိုပြီး အမြင့်ဆုံးဈေး ပေးထားပြီးသားတွေ။ စီးပွားရေးလုပ်တယ်ဆိုတဲ့ နေရာမှာ ဒဏ်ကြေး၊ လျော်ကြေးဆိုတာ ရှိ တယ်လေ။ တရုတ်လက်ကနေပြီးတော့ အနောက်ဘက်နိုင်ငံက ကုမ္ပဏီကို ပေးမယ်။ ခုနပြောတဲ့ ဒဏ်ကြေး၊ လျော်ကြေး တွေနဲ့ ပေါင်းလိုက်လို့ရှိရင် အနောက်ကလည်း ဒီအလုပ်ကို ၀င်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ဒီအချက်ကို ကျွန်တော်တို့က ရှင်းပြရမယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ စီးပွားရေးပညာမှာ Depletion Theory ဆိုတာ ရှိတယ်။ ကုန်ဆုံးသွား တဲ့ သယံဇာတတွေကို ချိုင့်ဝှမ်းကြီးဖြစ်သွားတယ် ထားဦးဗျာ။ အဲဒီကောင်ကို သာယာလှပတဲ့ Tourist Resort ဖြစ်အောင်  ပုံမှန်ဝင်ငွေရတဲ့နေရာ ဖြစ်အောင် ပြင်ပေးရမယ်ဆိုတာ ကုမ္ပဏီကို စာချုပ်ချုပ်ရတယ်ဗျ။ အဲဒီလို စာချုပ်ချုပ်ပြီးမှ အမျိုးသား သယံဇာတပစ္စည်းကို ထုတ်လုပ်ဖို့ ရောင်းချဖို့ ခွင့်ပြုရတယ်ဗျ။ အဲဒီအဆင့်တွေ ကျွန်တော်တို့ လုပ်ပါမယ်ဆိုတဲ့စကား ပြောပြီးတဲ့အခါမှ ပြည်သူလူထု နားလည် သဘောပေါက်အောင် ကျွန်တော်တို့ရဲ့ အပေးအယူက ပြည်သူ့အကျိုးကို ကြည့် ထားပါတယ်ဆိုတဲ့ အချက်မျိုး ပေါ်လွင်အောင် ပြောရမှာဗျ။ ကျွန်တော် အဲဒီအချက်လေးတွေကို ပြောနေဆိုနေရင်း တန်း လန်းကနေ ညဘက် ဒီလိုလုပ်ချလိုက်တာ မကောင်းဘူးဗျ။ အရာရာမှ လက်နက်နဲ့ ဖြေရှင်းမယ်ဆိုတာမျိုးက အခုချိန်ထိ ရှိနေတုန်းပဲ ဆိုတဲ့ သဘောပဲ" (လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်)

" ကျွန်တော်တို့ မူဝါဒက အကြမ်းဖက် ဖြေရှင်းမ ဆိုရင် ဘယ်ဖြေရှင်းမှုမှ သဘောမတူဘူးဗျာ။ နောက်တစ်ခုက ဘာလဲ ဆိုတော့ အသွင် ကူးပြောင်းရေး ကာလမှာ ပိုပြီးတော့ သတိထားရမယ်။ ပိုပြီးတော့ သတိထားရမယ် ဆိုတာက ကျွန်တော် တို့ ပြည်သူနဲ့ အစိုးရ ကြားမှာ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလဖြစ်တယ်။ အဲဒီကာလ ဖြစ်နေတဲ့ အတွက် စိတ် ရှည်မှုကို အတက်နိုင်ဆုံး ဖြစ်ရင်လည်း အစိုးရဘက်က ဖြစ်ရလိမ့်မယ်။ ယနေ့ ပြည်သူ့လူထုက ကျွန်တော် မြင်တာက တော့ လွှတ်တော်မှာ ပြဋ္ဌာန်းထားတဲ့ ဆန္ဒပြမှု ဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောမယ်ဆိုလို့ ရှိရင်လည်း ပြောလို့ရပါ တယ်။ သို့ သော်လည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အလေ့အကျင့် မရှိသေးတာရယ်။ နောက်တစ်ချက်က ဘာလဲဆို တော့ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ခံစားချက်ကို သူတို့က လက်ရှိဖြစ် ပေါ်လာတဲ့ ပွင့်လင်းလာတယ်လို့ ပြောတဲ့ အစိုးရ လက်ထက်မှာ ဖော်ထုတ်တာ။ ပြီးတော့ သူတို့ရဲ့ ပွင်းလင်းလာတယ်လို့ ပြောတဲ့ ဒီမိုကရေစီ အစိုးရလို့ ပြောတဲ့ အရပ်သား အစိုးရ အရပ်သား လွှတ်တော်ပေါ့။ အရပ်သား လွှတ်တော် ကိုယ်စားလှယ်ပေါ့ဗျာ။ လွှတ်တော်နဲ့ အစိုးရပေါ်လာပြီ ဆိုတော့ သူတို့က အားကိုးတာ။ ကျွန်တော် မြင်တာကတော့ သူတို့ဟာ အစိုးရကို ကန့်လန့်တိုက်နေတာ ဆန့်ကျင် နေတာ စသည့် ဖြင့် အဲဒီ သဘောမျိုးမဟုတ်ဘဲနဲ့ အားကိုးနေတာ။ သူတို့ ရဲ့ဖြစ်စဉ်တွေကို တင်ပြနေတာ။ အားကိုးပြီးတော့ ဖြစ်စဉ်တွေ ကို တင်ပြတဲ့ အခါမှာ လွှတ်တော်က ယနေ့ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေပေါ့ဗျာ။ ဆန္ဒပြမှု ဥပဒေများနဲ့ လွဲချော်ကောင်းလွဲ ချော်နိုင်တယ်။ ဒါကို အစိုးရ စိတ်ရှည်သင့်တယ်လို့ ထင်တယ်။ အခုလို ဖြေရှင်းမှုဟာ အကြမ်းဖက်ဖြေရှင်းတဲ့ ပုံစံ တစ်ရပ် ဖြစ်တယ် ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့မှာ ဒီလိုဖြေရှင်းမှုတွေ ရှိနေတုန်းပဲလား ဆိုတာကို တွေးရင်းနဲ့ စိတ်မကောင်း စရာတော့ ကောင်းတယ်။ တိုင်းပြည်ရှေ့ရေးအတွက်တော့ တစ်ကယ် ရင်လေးစရာ ကောင်းတယ်" (ကိုဂျင်မီ၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)
"လက်ပန်းတောင်း ကြေးနီတောင်အရေးကို ရုပ်သံသတင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်  ကိုယ်တိုင်ရှင်းလင်းချက်များ ကို ကြား လိုက်ရ ပါသည်။ ရှင်းလင်းချက်အတိုင်းဆိုလျှင် မည်သည့် ပြဿနာမျှ မရှိဆိုသည့် သဘောသက် ရောက်ပါသည်။ ထို့ပြင် နားလည်မိသည်က (၁)ထိုစီမံကိန်းသည်တရုတ်နှင့် ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး မျက်နှာမပျက်လိုကြောင်း (၂) တပ်မတော် သားစစ်သည်များနှင့် မိသားစုများ ခံစားပိုင်ခွင့်အကျိုးအတွက် ဖက်စပ်လုပ်ကိုင်နေသည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း နားလည်မိသည်။ အမှန်တော့ လွှတ်တော်ထဲတွင် စစ်သားအကျိုးနှင့် အရပ်သားအကျိုးတို့ ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး အနေဖြင့် အရပ်သား (ပြည်သူ) များ၏အကျိုးကိုကြည့်မလား၊ တပ်မတော် သားတို့၏ အကျိုးကိုကြည့်ပြီး စီမံကိန်းကို ခွင့်ပြုမလား စောင့်ကြည့်ရမည် ဖြစ်သည်။ လက်ပန်းတောင်းနှင့် ကြေးနီတောင် တို့တွင် ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းကြောင်း ကြားရသည့် အတွက် စိတ်မကောင်းဖြစ်မိပါသည်။ ဒီမိုကရေစီ အရေး တစ်ဖက်က ကြွေးကြော်နေပြီး စစ်အာဏာရှင်တို့၏ ကိုင်တွယ်ဖြေရှင်းနည်းကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိပါ။ ထို့ပြင် ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုပြဿနာဖြစ်နေသည့် နေရာသို့ သွားရောက် လေ့လာမည်ကို သိလျက်နှင့် ဒေါ်အောင်ဆန်းစုကြည် မလာမီ ကြိုတင် ရှင်းလင်း နှိမ်နင်း လိုက်ခြင်း ကလည်း စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ကိုင်တွယ် ဖြေရှင်းပုံကို စောင့်ကြည့် သင့်သည်ဟုထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မလာမီ ဤသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းက (၁) ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်သောကြောင့်လား (၂) ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်မှုကြောင့် ပြဿနာ အားလုံး ပြေလည်သွားမည်ကို စိုးရိမ်သော ကြောင့်လား (၃) ဒေါ်အောင်ဆန်းစုကြည်ကြောင့် သပိတ်မှောက်နေသော အဖွဲ့များ ပြန်သွားကြပြီး အခြေအနေက အေးချမ်းသွားလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အနေအထား ပိုမိုမြင့်တက် သွားမည် ကို စိုးရိမ်သော ကြောင့်လားဟု စဉ်းစားစရာဖြစ်ပါသည်။ တရုတ်နှင့်ယခုဖြစ်နေသော ပြဿနာများသည် လက်ရှိ အစိုးရလက်ထက်တွင် သဘောတူညီပြီး လုပ်ဆောင် ထားချက်တစ်ခုမျှ မဟုတ်ပါ။ စစ်တပ်အုပ်စိုးစဉ်ကာလ စစ်ခေါင်း ဆောင်များနှင့် တရုတ်တို့ သဘောတူပူးပေါင်း ဆောင်ရွက်ချက်များသာဖြစ်ပါသည်။ မြစ်ဆုံကိစ္စတွင် သမ္မတကြီး ဦးသိန်းစိန်က သူ့သမ္မတ သက်တမ်းကာလ အတွင်း ဤစီမံချက်ကို ဆက်မလုပ်ပါဟု ရှောင်လွှဲခဲ့ပါသည်။ နောက်အစိုးရ နောက်သမ္မတလက်ထက်သို့ လမ်းကြောင်းလွှဲချလိုက်ခြင်းဖြစ်သည်။ ထို့ပြင်လက်ရှိ လက်ပန်းတောင်း ကြေးနီတောင် ကိစ္စကို လည်း ယခုမှ ပြည်သူတွေက သိကြရခြင်းဖြစ်သည်။ ခေတ် အဆက်ဆက် မည်သူ့အကျိုးအတွက် လုပ်ဆောင နေကြောင်း ပြည်သူတွေသိသော်လည်း ယခုလိုမဖော်ထုတ်ဝံ့ သဖြင့် ငြိမ်ခံခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လွှတ်တော်ထဲတွင်  ရှင်းလင်းချက်များသည် ပြည်သူကို တင်ပြခြင်း၊ ဖြေရှင်းခြင်းထက် စိန်ခေါ်ခြင်း အသွင်ဆောင် နေပါသည်။ ထို့ပြင် နောက်ထပ် ၀န်ကြီးတစ်ဦးကလည်း တရုတ်များကျေးဇူးရှိသည်ဆိုသည့် စကားကို ပြောသွား ကြောင်း ကြားသိရသဖြင့် စိတ်မချမ်းသာဖြစ်မိသည်။ အမှန်တော့ “ဆန်ပေးလို့ ဆေးရ” သည့် ဆိုသည့်အတိုင်း အသွား အပြန်တွေ အများကြီးရှိခဲ့သောကြောင့်သာ ပေးသူကလည်းပေး၊ ယူသူကလည်းယူ သဘောတူကြည်ဖြူနေချိန်တွင် အသံမကြားရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ယခင်စစ်အစိုးရလက်ထက် သဘောတူညီချက်များ၊ စာချုပ်များ၊ အပေးအယူများ မည်မျှ ရှိသေးကြောင်း ပွင့်လင်းစွာ မသိနိုင်သေးပါ။ လက်ပန်းတောင်း ကြေနီတောင် ကိစ္စများတွင်လည်း ယခင်က တည်းက ပွင့်လင်းပြီး ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်ဆိုလျှင် ဤမျှ ပြဿနာ ကြီးမည်ဟု မထင်ပါ။ အစိုးရအနေဖြင့် တရုတ်ကို အကာအကွယ်ပေးပြီး၊ ပြည်သူကို ဖိနှိပ်ရေးအသွင်ရောက်သွားဆိုလျှင် အစိုးရအပေါ်တွင်သာမက တရုတ်အပေါ်တွင်ပါ ပြည်သူတို့ နာကြည်းမုန်းတီးသွားနိုင်ပါလိမ့်မည်" (ဦးတင်ညွန့်၊ နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ)

"ဒီဟာက သူတို့ နိုင်ငံရေး ကစားကွက်ပေါ့ဗျာ။ အဲတာကြီးကို ဖော်ဖို့ ကောင်း၊ မကောင်းဆိုတာ ရှိသေးတယ်လေ။ အမှန်က တော့ ဒေါ်အောင်ဆန်းစုကြည် မလာခင် ကန်တဲ့သဘောပါပဲ။ ကျွန်တော် နားလည်တဲ့ ကစားကွက်ကတော့ အဲတာပဲ။ ယေ ဘုယျအားဖြင့်တော့ နိုင်ငံရေး သဘောထားတွေကို ကျွန်တော် ပြောလေ့ ပြောထ မရှိလဘူး။  ဖြစ် စဉ်အပေါ်မှာ ပြောရင် နိုင်ငံရေး သဘောထား ပြောရတော့မယ်။ ကျွန်တော်က သိပ်မပြောချင်ဘူး" (စာရေးဆရာ မောင်မိုးသူ)
"အရင်လို လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အခုဖြိုခွင်းမှုမှာ ဘယ်သူ တာဝန်ခံပြီး လုပ်သလဲပေါ့။ တာဝန်ခံပြီးလုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ နောက်ပိုင်းဖြစ်လာမယ့် ကိစ္စတွေကို။ အရင် စစ်အစိုးရလက်ထက်တုန်းကလို ဆန္ဒပြမှုဖြစ်လာပြီဆို ဒီလို အင်အားသုံးဖြိုခွင်းတာကို အဲလောက် လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အဲတာကို သူတို့ နားမလည်တာ ဖြစ်လိမ့် မယ်။ အခုရှင်းပြီးတဲ့ကိစ္စကို တာဝန်ရှိတဲ့လူက တာဝန်ခံပြီး ရှင်းရမယ်။ သူတို့လုပ်ခဲ့တာကို သတင်းထုတ်ပြန်ရမယ်။ ဘာကြောင့် ဘာကြောင့်ဆိုတာ သတင်းထုတ်ပြန်ရမယ်။ သတင်းထုတ်ပြန်ပြီးတဲ့ အခါမှာလည်း ထပ်ပြီးတော့ မကျေနပ်တဲ့ သူတွေ တိုင်တန်းတဲ့သူတွေ ရှိလာရင် တကယ်တာဝန်ယူပြီး လုပ်တဲ့လူက တာဝန်ခံပြီး ရှင်းရမှာပဲ။ တာဝန်ယူပြီးလုပ်တဲ့သူ က  တစ်ခုခုပြန်ပေးဆပ်ရလိမ့်မယ်" (ဘလော့ဂါ နေဘုန်းလတ်)

" ဒီမိုကရေစီ နိုင်ငံမှာ ဒီလို ဖြေရှင်းလို့ မရပါဘူး။ လူတိုင်း ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်ရှိပါတယ်။ ဒါကတော့ အခြေခံ ပြောတာပါ။ ဦး ပိုင်ဆိုတာ ဘယ်သူတွေနဲ့ပဲ ဖွဲ့စည်း ထားထား သူက ကုမ္ပဏီပါပဲ။ ကုမ္ပဏီနဲ့ နိုင်ငံခြားသား အကျိုးစီးပွား ကြောင့် မြန်မာနိုင်ငံက သယံဇာတ တွေကို အကျိုးမဲ့ ဘာကြောင့် ဒီလို ဖျက်ဆီးမှာလဲ။ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေက ဆန္ဒဖော်ထုတ်တာ ကို နိုင်ငံသားတွေ ထမင်းကျွေးထား တဲ့ နိုင်ငံ့ဝန်ထမ်းကပဲ ဒီလို ဖြေရှင်းတာဟာ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တာပါပဲ။ ဒီလို ပစ်မိန့်ကို ဘယ်သူပေးတာလဲဆိုတာကို ဖော် ထုတ်ရမယ်။ အခု ဆေးရုံမှာ ရောက် နေကြပြီ လို့ သိရတယ်။ ဒီလို ဖြေ ရှင်းပုံမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ကာချင်လို့ ရေးဆွဲ ထားတဲ့ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်နေတာပါ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝဖျက်သိမ်းပြီး ပြည် သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲတဲ့ ဒီမိုကရေစီနည်းလမ်းကျ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာ ဖြစ်သင့်ပါတယ်" (ဦးစိုးညွန့်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ငှက်နှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)

" ဒီဖြေရှင်းပုံက သိပ် အရုပ်ဆိုး တာပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြုပြင်ပြောင်းလဲမယ် ပြောပြီး ဒီလိုဖြစ်တာဟာ အပြော တစ်ခြား အလုပ် တစ်ခြားဖြစ်နေတယ်။ အခု ဘုန်းကြီးတောင် ဆေးရုံပို့ရတယ် ဆိုတော့ တော်တော်ကို မဖြစ်သင့်တာပဲ။ အ များ ကြီး စိတ်မကောင်းဘူး။ ကျွန်တော်တို့ ကတော့ လုံးဝ မလျှော့ဘူး။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် သွားမယ်။ ကျွန်တော် တောင် အသက် ၈၀ ကျော်ဖြစ်လို့ပဲ၊ နို့မို့ဆို ကျွန်တော ကိုယ်တိုင် လိုက်သွားတယ်။ ဆန္ဒပြတဲ့သူတွေနဲ့ အတူပါ ဝင်လိုက်မယ်။ သေနတ်နဲ့လည်း ပစ်ချင်ပစ်၊ အသေခံပစ်လိုက်ချင်တယ်" (ဦးအုန်း၊ ဒုတိယဥက္ကဋ္ဌ၊ FREDA)



"သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြတဲ့သူတွေက ကြမ်းရမ်းပြီး လွန်လွန်ကျူးကျူး ဖြစ်နေလို့ အခုလို အင်အား သုံးတယ် ဆိုရင် တော့ တစ်မျိုး ပေါ့။ အခုလို သပိတ်စခန်း ဖွင့်ပြီး အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်တာလောက် ကိုတော့ အင်အားသုံး ဖြိုခွင်းစရာ မလိုဘူးလို့ မြင်ပါ တယ်။ ဖြိုခွင်းတဲ့ နေရာမှာ လူတွေရဲ့ အသားအရေကိုပါ လောင်ကျွမ်းစေတဲ့ လက်နက်မျိုး ပါ သုံးတယ် ဆိုရင်တော့ လွန်သွားပြီ။ ဒီလို လုပ်လိုက်တာက ကြီးမားတဲ့ ပဋိပက္ခအသွင်ကို ဆောင်သွားစေနိုင်တယ်။ ဒါဆို ရင်တော့ နိုင်ငံအတွက် မကောင်းတဲ့၊ မလိုလား အပ်တဲ့ အခြေအနေကို လုပ်ဆောင်သလို ဖြစ်သွားနိုင်တယ်။ ဒီလိုတော့ မဖြို ခွင်းသင့်ဘူး" (ဦးဝင်းကြိုင်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး)

" ဒီကိစ္စက အလွန် စိတ်မကောင်း ဖြစ်စရာကောင်းတယ်။ ဒီလိုနည်းနဲ့ ပြဿနာ ဖြေရှင်းရင် မပြေလည် နိုင်ဘူး။ အရင် ခေတ်စနစ်မှာ လုပ်ခဲ့တဲ့ ချေမှုန်းနည်း အတိုင်းပဲ လုပ်နေတာပဲ။ အဲဒီလို ဖြေရှင်းလို့ ပြဿနာ ပြေလည် သွားတာမှ မဟုတ် တာပဲ။ ဆွေးနွေး ညှိုနိုင်းရမယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုလည်း ကြည့်ပေးသင့်တယ်။ ဦးပိုင်က တော်တော် လက်ဝါး ကြီး အုပ်တာတွေ များတယ်။ ဒီလိုကိစ္စတွေဆိုတာ ဆွေးနွေး ညှိုနိုင်းပြီးမှာပဲ ဖြေရှင်းသင့်ပါတယ်။ အခုလို ဖြိုခွဲတာအတွက် ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်" (ကိုသက်ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့)

"အစိုးရ အနေနဲ့ ညှိုနိုင်းမှုတွေ လုပ်မယ်လို့ ယူဆခဲ့တယ်။ ဒီနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း အကာအကွယ် ပေးမယ် လို့ မျော်လင့်ခဲ့ တယ်။ ဒါပေမဲ့ ဒီနေ့ လက်ပံတောင်းတောင် ကိစ္စကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ ညှိုနိုင်းမှုတွေမလုပ်ပဲ အရင်ခေတ်ဟောင်း ကအတိုင်း အကြမ်းဖက်မှုတွေပြုလုပ်လာတာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတယ်။ အကြမ်းဖက်ဖြိုခွဲတဲ့ ကိစ္စကို လုံးဝ ကန့်ကွက်ရှုံချတယ်" (ကိုဌေးကြွယ်၊ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့)

"မီးလောင်ဗုံး သုံးတဲ့အတွက် အမိန့်ပေးတဲ့ လူတွေ ကိုယ့်ကိုကိုယ် လိပ်ပြာသန့်ရဲ့လားလို့ အရင် မေးချင်တယ်။ ဖြစ်လာ သမျှ အရေးကိစ္စတွေ အားလုံးကို အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် ဘာဖြစ်လို့ စစ် ယူနီဖောင်းကို ချွတ်လိုက်တာလဲ။ ပြည်သူကတော့ အမြဲတမ်း ဆွေးနွေး ညှိနှိုင်းတာကို လိုချင်တယ်။ မညှိနှိုင်းချင်လို့ ဆန္ဒပြတာ မဟုတ်ဘူး။ ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြကြတာ ဖြစ်တယ်။ မညှိနှိုင်း ချင်တာက စစ်အစိုးရလို့ပဲ ကျွန်တော် ယူဆပါတယ်။ ပြညသူတွေ၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်ပါ၊ ဦးပိုင်နဲ့ ဝမ်ပေါင်ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာ လက်မခံပါဘူး။ ကန့်ကွက်ပါတယ်" (ဦးဝင်းချို)

"ဘယ်လိုနေ့မျိုးမှာပဲ ဖြစ်ဖြစ် ဘယ်လို အကြမ်းဖက်မှုကို မဆို ဆန့်ကျင်ကန့်ကွက်ပါတယ်။ စေ့စပ် ညှိနိုင်းရမယ်။ ဘာ ကြောင့် ဆန္ဒပြနေကြတာလည်း၊ တဘက်ကလည်း ဘာကြောင့် ဆန္ဒမပြစေချင်တာလဲ။ ကြေကြေလည်လည် ဆွေးနွေး ညှိနှိုင်း ရမယ်။ ပြည်သူတွေရဲ့ ရေရှည် အကျိုးကိုလည်း ကြည့်သင့်ပါတယ်" (ကိုကျော်ထွေး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ကော်မတီဝင်)


"ဥပဒေနဲ့ အရေးယူလို့ ရတယ်ဆိုပေမယ့် အခုလို အကြမ်းဖက် ဖြိုခွင်းတယ် ဆိုတာမျိုးက လုံးဝမဖြစ် သင့်တော့တဲ့ အခြေ အနေပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘယ်ခေတ် ဘယ်အခြေအနေကို ပြန်ရောက်သွားသလဲ ဆိုတာ စဉ်းစားစရာပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ မဖြစ်သင့် ဘူးလို့ယူဆပါတယ်” (ဒါရိုက်တာဝိုင်း)

"လက်ပံတောင်းတောင် စီမံကိန်း ဆိုတာ တရုတ်ကဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာစစ်တပ်က ဦးပိုင်ကုမ္ပဏီ နှစ်ခုကြား ဘယ်တုန်းက သဘောတူထား မှန်းမသိတဲ့ ဟာတစ်ခုပေါ့လေ။ ဘာမှ အရှည်တွေးခေါ်မြော်မြင်စဉ်းစားချင့် ချိန်နိုင်တဲ့ ဦးနှောက် မရှိကြတဲ့သူတွေ အလုပ်လုပ်ထားတယ် ဆိုတာ ပေါ်တာပေါ့လေ။ ဘာလို့လဲ ဆိုတော့ ဒီစီမံကိန်းကြောင့် အဲဒီနား ဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ သာမန် ပြည်သူလူထုတွေ အပါအဝင် သာသနာဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းတွေ အကုန် ပြောင်း ရွှေ့ကြရတယ်။ ဒါကို ပြည်သူတွေက ဝိုင်းပြီး ကန့်ကွက် ဆန္ဒပြကြတယ်။ သပိတ်စခန်း ခြောက်ခု ဖွင့်ထား တယ်။ ဟိုနေ့က သတင်းထုတ်ပြန်ချက်တစ်ခု ထွက်လာတယ်။ အဲဒီသပိတ်စခန်း ခြောက်ခုကနေ ချက်ချင်းဖယ်ပေးရမယ် ဆိုပြီး တော့။ နိုင်ငံတော် အဆင့် ကော်မရှင် တစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးလို့ရဖို့အတွက် သပိတ်စခန်းက ဖယ်ပေးရမယ်၊ အဲဒီ သပိတ်စခန်းဖယ်ပေးပြီး ဝမ်ပေါင် ကုမ္ပဏီက ပုံမှန်အတိုင်း လုပ်ငန်း လည်ပတ်နိုင်ပါမှ အဖွဲ့က စစ်ဆေးလို့ ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  သပိတ်စခန်းတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေလုပ်တယ်။ မနက် သုံးနာရီ ခွဲလောက်လို့ ကျွန်တော် တို့သတင်းရ ပါတယ်။ ဒီအတွက် သံဃာတော်တွေ၊  ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရတယ်။ မျက်ရည်ယိုဗုံးနဲ့ ပစ်တယ် လို့ ပြောပေမယ့် မျက်ရည်ယိုဗုံးဆိုတာ မီးလောင်စရာ အကြောင်းမရှိဘဲနဲ့ မီးထလောင် တယ်ပေါ့လေ။ ဒီလို လွဲမှားတဲ့စီမံ ကိန်းတစ်ခုကို ပြည်သူလူထုကို အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းတာဟာ ဖြေရှင်းခြင်းတစ်ခု ဖြစ်မယ်လို့ မယုံကြည်ဘူး။ ဒီလို အကြမ်းဖက် တစ်ဖက်သတ် လက်နက်အားကိုးနဲ့ သံဃာနဲ့ပြည်သူလူထုကို နှိမ်နင်းတယ်ဆိုတာ ဒီမိုကရေစီအစိုး ရရဲ့ လုပ်ထုံး လုပ်နည်းထဲမှာ ပါမှာမဟုတ် ဘူးလေ။ တော်တော် စိတ်မကောင်း ဖြစ်ရသလို တော်တော် စိတ်အနှောင့်အ ယှက် ဖြစ်ရပါတယ်။ ဘယ်လို အစိုးရမျိုးလဲ ဆိုတာကိုလည်း စဉ်းစားရတာ ပေါ့လေ။ နဂိုကတည်းကလည်း အယုံ အကြည် ရှိခဲ့တာမျိုး မဟုတ်ဘူးလေ။ ၂၀ဝ၈ တုန်းကလည်းကျွန် တော်ရော၊ မိသားစုပါမဲမပေးခဲ့သလို ၂၀၁၀ မှာလည်း မဲမပေး ခဲ့ကြပါဘူး။ ဒါကို အများပြည်သူ ထောက်ခံတဲ့ အခြေ ခံဥပဒေ၊ အများပြည်သူ ရွေးချယ်တင် မြှောက်တဲ့ အစိုးရပါဆိုပြီး တက်လာ တယ်။ ဒီလို တက်လာပြီဆိုလည်း ဒီမိုကရေစီစနစ်နဲ့ အညီစည်းကမ်းကျ နစွာ၊ တရားနည်းလမ်း မျှတစွာ အုပ် ချုပ်တယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့လေ။ အုပ်ချုပ်တဲ့ နည်းလမ်းက မမှန်ကန်တဲ့ အခါကျတော့ တော်တော်ကို စိတ်အနှောင့် အယှက် ဖြစ်မိပါတယ်" (ဒါရိုက်တာ မင်းထင်ကိုကိုကြီး)
"ဒီလက်ပံတောင်းတောင် စီမံကိန်းက အရင်အစိုးရ လက်ထက်က စာချုပ် ချုပ်ပြီး အကောင်အထည်ဖော်ခဲ့တာ။ အခုက ဒီမိုကရေစီ လက်ထက်ဆိုတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ဒီစီမံကိန်းက နိုင်ငံတော် အတွက်လား၊ ပြည်သူလူထု အတွက်လား၊ တရုတ် အတွက်လားဆိုတာကို အများပြည်သူ သိရှိ နားလည်အောင် ပွင့်ပွင့်လင်းလင်း အစိုးရက ပြန်ဖြေရှင်းပြ သင့်တယ်။ အဓိကက ရီဗျူးပြန် လုပ်ဖို့ပဲ။ နစ်နာတဲ့ဒေသခံပြည်သူ တွေ၊ အစိုးရနဲ့ တရုတ်ကုမ္ပဏီ သုံးဦးသုံးဘက် သေချာ ညှိနှိုင်းသင့်တယ်။ အစိုးရဘက်ကလည်း စာ ချုပ်ချုပ်ပြီး သားဆိုပေမယ့် ဒါကို ပြန်ညှိနှိုင်းလို့မရဘူးလား။ ဒေသခံတွေကို အခုထက် စိတ်ကျေနပ်အောင် မလုပ်နိုင်တော့ ဘူးလား။ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမှာ အကြမ်း ဖက်တဲ့ ဖြေရှင်းနည်းကို အစိုးရရော  လူထုကပါမလုပ်သင့်ဘူး။ အခု လောက်အထိ ဖြစ်ခဲ့တာ ကို စိတ်မကောင်းဘူး။ နည်းလမ်းတွေ အများကြီးရှိတာကို၊ ဥပမာ တရုတ် ကုမ္ပဏီဆီက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အတွက် အခွန် ကောက်လို့ ရတယ်။ ဒေသခံတွေရဲ့ လူမှုစီပွား ဖွံ့ဖြိုးအောင် ထောက်ပံပေးလို့ရ တယ်။ အခုလို အခြေအနေမျိုးတွေ ဖြစ်ခဲ့တာကြောင့် အစိုးရ အနေနဲ့ တာဝန်ကြီးသွားပြီ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်းစောင့် ကြည့်နေတဲ့အချိန်မှာ အကြမ်းဖက် မဖြေရှင်း သင့်ဘူး။ ပြည်သူတွေဘက်ကလည်း ထစ်ခနဲရှိ လမ်းပေါ်ထွက်တာမျိုး မဖြစ်သင့်ဘူး။ အဓိက အချက်ဖြစ်တဲ့ ပွင့်လင်းမြင်သာမှု မရှိဘဲ စီမံကိန်း စတင်ခဲ့တာနဲ့ ဒေသခံ တွေရဲ့ အကျိုးစီပွားပါဝင်မှု နည်းခဲ့ တာကိုပြန်သုံးသင့်တယ်" (ဦးသန်းလွင် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ၊ အမျိုးသား လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး ရေးအကြံပေးကောင်စီအဖွဲ့ဝင်)
" အခုကိစ္စမှာ တကယ်တမ်းနစ် နာသူက ဒေသခံတွေပါ။ အစိုးရရော တရုတ်ကုမ္ပဏီရော ဒေသခံတွေရဲ့ အကျိုးစီးပွား အတွက် ပြန်စဉ်းစား သင့်တယ်။ ဒီလက်ပံတောင်းတောင် စီမံကိန်းက ဘယ်သူ့အကျိုး စီးပွားအတွက်လဲ။ ဒီစီမံကိန်းမှာ ဒေသခံတွေရဲ့ အကျိုး စီးပွားပါဝင်မှု  ရှိမှ ဒေသခံတွေရဲ့လိုက်လျောမှုကို ရမှာပါ။ ဒါကြောင့်အစိုးရအနေနဲ့ ဒီစီမံကိန်းကို ပြန်ပြီးစဉ်းစားသုံး သပ်သင့်တယ်။ စီမံကိန်း ကို ရှေ့ ဆက်ပြီးမြောက်အောင် လုပ်ချင်တယ် ဆိုရင် အစိုးရ၊ တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေ ပွင့်ပွင့်လင်းလင်း မျက်ချင်းဆိုင် ဖြေရှင်း ဖို့လိုတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ အကုန်လုံး အများပြည်သူကို ထုတ်ပြန်ပေးသင့်တယ်။ လူထု အမြင်ရှင်း မှ ပါဝင်မှု ရှိမှ စီမံကိန်း တွေအောင်မြင်မှာပါ။ စီးပွားရေးလုပ်ငန်းတွေ အများကြီးဝင်လာဖို့ရှိ တဲ့အချိန်မှာ၊ စောင့်ကြည့်နေတဲ့ အချိန်မှာ ဒါကို သင်ခန်းစာယူရမှာပါ။ အစိုးရအနေနဲ့ ခြေလှမ်းမှားဖို့မသင့်ဘူး။ လူထုဘက်က ဘာကိစ္စမဆို လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးကလည်း အစိုးရကို အကျပ်ရိုက်စေပါတယ်။ နောင် စီမံကိန်းတွေလုပ်တဲ့ အချိန်မှာ အစိုးရအနေနဲ့ ပွင့်လင်း မြင်သာမှုရှိဖို့နဲ့ စီမံကိန်းမှာဒေသခံ တွေရဲ့ အကျိုးစီးပွား ပါဝင်မှုရှိဖို့ ပြင်ဆင်ဆောင်ရွက်သွားရမှာပါ" (ပါမောက္ခဒေါ်လှမြင့်)
"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက  ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်   တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မရပါ ဘူး။ တချို့ဟာတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားမယ့် ဟာမျိုးတွေ၊ လူကြီး လူကောင်းဆန်ဆန် စာ ချုပ်စာတမ်းချုပ် ဆိုထားတဲ့ ကိစ္စမျိုး တွေဟာ ကလေးကစားသလိုမျိုး ဖျက်ပစ်လို့မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒါပေမယ့် ဆန္ဒ ပြတာကိုလည်း ဆန္ဒပြတဲ့သူတွေမှာ လည်း သဘောမတူကြောင်းဆန္ဒပြ ခွင့်ရှိပါတယ်။သူတို့မှာ နိုင်ငံသား  အခွင့်အရေး အပြည့် အဝရှိပါတယ်။ နောက်တစ်ခုက ဆန္ဒပြတာကိုရော   ဆန္ဒပြတဲ့သူတွေကို ဆန္ဒမပြဖို့ပြော တာကိုရော အစိုးရအနေနဲ့ဒီစီမံကိန်း ဖျက်လို့ မရတာကိုရော ကျွန်တော်က သဘောတူခြင်း၊ မတူခြင်းကို အသာထား၊ ဒီလို ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးမှာ ဒီလိုရက်ရက် စက်စက် ဘာမှခုခံတာမျိုးမလုပ်တဲ့ ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေတဲ့ သံဃာတော် တွေနဲ့ ဒေသခံတွေကို ဒီလိုနည်း လမ်းနဲ့ဖြိုခွင်းတာကို ကျွန်တော်လုံးဝ ပြတ်ပြတ်သားသား ဆန့်ကျင်ပါ တယ်။ ကန့်ကွက်ပါတယ်။ နိုင်ငံ တကာမှာလည်း ဆန္ဒပြတဲ့ အဓိက ရုဏ်းနှိမ် နင်းတာ နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အဆင့်လိုက် ရှိပါတယ်။ ဒီအဆင့်တွေကို ကျွန်တော်  ပြောပြစရာ လိုမယ် မထင်ပါဘူး။ အ စိုးရ အနေနဲ့ကလည်း နှစ်ရက်တိုင် တိုင် သတိပေးထားတယ်လို့ သိရပါ တယ်။ သို့သော် ဒီလောက်အချိန် မတော်ကြီးမှာမှလုပ်ဖို့လိုမလား၊ ဒီ လိုမျိုးအဓိကရုဏ်းဖြိုခွင်းဖို့လက်နက် သုံးတဲ့သူတွေကရော သေချာစနစ် တကျလေ့ကျင့်ထားတဲ့သူတွေရော ဟုတ်ရဲ့လား၊ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ပေးထားတယ် ဆိုပေမယ့် တကယ်ရော ရဲတပ်ဖွဲ့ဝင်တွေ ဟုတ်ရဲ့လား ကျွန်တော်တို့မှာ ဒီလိုမျိုးမေးစရာ တွေအများကြီး ရှိပါတယ်။ နောက်  တစ်ခုက ဒီလောက်ကြီး ဘာကြောင့် လွန်လွန်ကျွံကျွံ လုပ်ရတာလဲ။ ရခိုင်  မှာဖြစ်တဲ့ အဓိကရုဏ်း ကိစ္စတွေမှာ တောင် အင်မတန် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်စိတ်ရှည် လက်ရှည်ဖြစ်ခဲ့တဲ့ရဲ တပ်ဖွဲ့ဝင်တွေ ဟာ ဒီကိစ္စမှာဘာဖြစ်လို့ ဒီလောက် အထိ စိတ်လိုက်မာန်ပါလုပ်ကြတာ လဲ ဒီလိုမေးခွန်းတွေရှိပါတယ်။ နောက်တစ်ခုကလည်း တရုတ်ပြည် သူ့သမ္မတ နိုင်ငံ ကုမ္ပဏီ တစ်ခုနောက်ကွယ်က ပါနေခြင်းကြောင့်လား ဆိုတဲ့ မေးခွန်းမျိုးကိုလည်း အစိုးရဘက် ကဖြေဖို့ အသင့်ရှိဖို့လိုပါလိမ့်မယ်။ အဓိကကတော့ ခြုံပြီး ပြောရရင် ဆန္ဒပြတဲ့ အကြောင်းအရာကို သဘောတူခြင်း မတူခြင်းကို ကျွန်တော်ပြောစ ရာမလိုဘူး။ ဘယ်ကိစ္စမဆိုဆန္ဒပြ တဲ့နည်း သပိတ်မှောက် တဲ့နည်းနဲ့ ဖြေ ရှင်းလို့မရပါဘူး။ ဒါကိုလည်းပြည်ူသူလူထုကလက်ခံလာအောင် စိတ် ရှည်လက်ရှည်နဲ့ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ စိတ်လိုက်မာန်ပါ နဲ့ နာသအငသညေူပ သွားရှင်းပြလို့မရဘူး။ နှစ်ဘက်စလုံးမှာ ကျွန်တော် သဘောတူခြင်း မတူခြင်း ဆိုတာမျိုးထက် အဓိကပြောချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာမျိုးကို ဒီလို အကြမ်းနည်း သုံးပြီးဖြိုခွင်းတာမျိုးကို ကျွန်တော်လုံးဝလုံးဝ သဘောမတူပါဘူး" (ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်)

"ဒါက လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောချင် တယ်။ ဘာကြောင့်လဲဆိုတော့ အဓိကရုဏ်းကို ဖြိုခွင်းတဲ့ နေရာမှာ နည်းလမ်းမျိုးစုံရှိတဲ့ အထဲမှာ ဒီနည်း လမ်းမှာ သုံးစွဲတဲ့ လက်နက်ဟာ အင်မတန်မှ ပြင်းထန် လွန်းတဲ့ လက်နက်တစ်ခု ဖြစ်တယ်။ မီးလောင်ဗုံး ဆိုတာဟာ အဓိကရုဏ်း နှိမ်နင်းတဲ့သမိုင်းမှာ တစ်ခါမှ မကြုံခဲ့ဘူးတဲ့ လက်နက်ဖြစ်တယ်။ နောက် တစ်ခါကျတော့ သံဃာတော်တွေ အိပ်မောကျနေတဲ့ အချိန်မှာ သံဃာ တော်တွေကို အလစ်အငိုက် တိုက်ခိုက်တဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ချုံခိုတိုက်ပွဲလို့ သံဃာတော်တွေ ဘက်က ပြောနေကြတာလည်း ကြားရတယ်။ ပြီးတော့ ဒါဟာ ရက်စက်စွာ နှိမ်နင်းမှုဖြစ်ပြီးတော့ နှိမ်နင်းမှုကြောင့် ငါးသိန်းအင်အား ရှိတဲ့ မြန်မာတစ်ပြည်လုံးက သံဃာ တော်တွေရဲ့
ဒေါသကို ပိုပိုကြီး ထွားလာအောင် ဆွလိုက်သလို ဖြစ်လို့  နှစ်ဖက်စလုံး အကျိုးမရှိတဲ့နည်းလမ်း ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ ဗကသကလည်း အေးချမ်းစွာ ဖြေရှင်းပါ။ အေးအေး ဆေးဆေး ညှိနှိုင်းတဲ့ ပုံစံနဲ့ ဖြေရှင်းပါ။ တောင်းဆိုချက်တွေကို တတ်နိုင်သမျှ လိုက်လျောပါ ဆိုတာ ကြေညာချက် သဘောထား ပေးထားတာ ရှိတယ်။ အဲဒါနဲ့ ဆန့်ကျင်ပြီး အခုလို လုပ်လိုက်တာကိုတော့ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်"(ကျော်ကိုကို၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ)

"ကျွန်တော်တို့ ကတော့ ဒီလို အကြမ်းဖက်မှုကို လက်မခံဘူး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အကြမ်း ဖက်တာတွေ လုပ်လာတယ် ဆိုရင် သူတို့ပြောတဲ့ လမ်းကြောင်းဟာ သံ သယဖြစ်စရာတွေ ဖြစ်လာ လိမ့်မယ်။ တွေ့ဆုံဖြေရှင်း အဖြေရှာဖို့ ကြိုးစား နေကြတာပဲလေ။ ဒီလို ဖြိုခွင်းတယ် ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် မလုပ်သင့်တဲ့ ကာလပေါ့ဗျာ။ မညီမျှမှုရဲ့ အဖြေရှာမှုကို ခေါင်းဆောင် တစ်ဦးကို ကြိုးစားခွင့် မပေးဘဲ ဖြေရှင်းတဲ့ သဘောပေါ့။ ကျွန်တော်တို့ ကတော့ ဒါကို ကန့်ကွက် ပါတယ်။ ဒီကိစ္စက ၂၀ဝ၇ ပုံစံမျိုးဖြစ်နေတယ်။ ဒီကိစ္စမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးပိုင်ဆိုတာ နိုင်ငံတော်နဲ့ ဘာမှ မပတ်သက်ဘူးလေ။  ဒီကိစ္စမှာ နိုင်ငံတော်မှာ အကျိုးရှိ တာလား။ တရုတ်ရဲ့ အကျိုးစီးပွား ကို ဦးတည်တာလားဆိုတာ ကျွန် တော်တို့ ပြန်သုံးသပ်ရမှာပေါ့။ တရုတ်ရဲ့ အကျိုးစီးပွားကတော့ တော်တော်လေး နေရာတော်တော် များများမှာရှိပါတယ်" (ဒေါက်တာ အေးမောင်၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

"ရုပ်ပျက် ဆင်းပျက် ကိုင်တွယ်မှု ကိစ္စလို့ မြင်ပါတယ်။ ဒီလို ကိုင်တွယ်တာဟာ ရက်စက်ရာ ရောက်လွန်းတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေကို အကာ အကွယ်မပေးဘဲနဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေး နေတာကို ပြင်းပြင်းထန်ထန် ရှုံ့ချ ပါတယ်" (ကိုငယ်ပီး၊ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး)
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis