menu

Thursday 29 November 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား




  DSC_0091-zyn
လက်ပံတောင်းတောင် ဖြစ်စဉ်မှ ဒဏ်ရာရသံဃာတစ်ပါးအား တွေ့မြင်ရစဉ်


နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။ 
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။ 
ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။ 
"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။

ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့ မီးခိုးဗုံးလို့ ပဲပြောတယ်။ အဓိကရုဏ်း နှိမ် နင်းတဲ့နေရာမှာသုံးတယ်။ နိုင်ငံတကာမှာလည်း သုံးတယ်။ စစ် မြေပြင်သုံး မီးခိုးဗုံး မဟုတ်ဘူး။ သုံးခုစလုံးက အဓိကရုဏ်းနှိမ်နင်းတဲ့ဟာတွေ ချည်းပဲ။" ဟု ဦးဇော်ဌေးက ရှင်းပြပါသည်။
ထို့နောက် "အဓိကကတော့ စိုင်းသိန်းဝင်းဟာကြီးကတော့ မတိ ကျဘူး၊ မခိုင်လုံ ဘူး" ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
ထို့ပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ရန်နှင့် ပတ်သက်၍မေးမြန်းမှုအပေါ် လုပ် ဆောင်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ။ " ဟု ယင်းဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာရသူများ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ သာမန်မီးလောင်နာနှင့် မတူဘဲ ဓါတုပစ္စည်း တစ်ခုခုကြောင့် ယခုကဲ့သို့ ဒဏ်ရာများကို ဖြစ်ပေါ်စေသည်ဟု ယူဆကြောင်း အမည် မဖေါ်လိုသူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။
"ကျွန်တော်သိရသလောက် မီးလောင် ဒဏ်ရာတွေက သာမန် မီးလောင်ဒဏ်ရာပုံမျိုး မပေါက်ဘူး။ ဓါတုပစ္စည်း တစ်ခုခုနဲ့ ထိထားတဲ့ ပုံမျိုးတွေ့ရတယ်။ သာမန် အဓိကရုဏ်း လက်နက်မျိုးမဟုတ်တဲ့ အတွက် အစိုးရအနေနဲ့က လုံလောက်တဲ့ ဖြေရှင်းမှုမျိုး လိုပါတယ်။ အစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ပြည်သူကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေမရှိဘူးဆိုရင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်ဖို့ တောင်းဆိုရလိမ့်မယ်။" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။ 

မီးခိုးဗုံး (Smoke Bomb)
ဖေါက်ခွဲသောအခါ မီးခိုးများ ထွက်လာစေရန် ဖန်တီးထားသည့် ပစ္စည်းဖြစ်သည်။ မီးခိုးဗုံးကို အမျိုးအစား (၃)မျိုးခွဲနိုင်ပြီး (၁) မီးခိုးဘောလုံး (Smoke Ball)၊ (၂) မီးခိုးချောင်း (Smoke Candle) နှင့် (၃) မီးခိုးဗုံး (Smoke Canister or Somke Grenade) တို့ ဖြစ်သည်။
မီးခိုးဘောလုံး (Smoke Ball) မှာ ရောင်စုံ မီးခိုးများ ၁၀ စက္ကန့်မှ ၁၅ စက္ကန့် အထိ ဖြာထွက်စေရန် သုံးခြင်းဖြစ်ပြီး ပွဲလမ်းသဘင်နှင့် ကစားပွဲများ အတွက် သုံးခြင်း ဖြစ်သည်။
မီးခိုးချောင်း (Smoke Candle)မှာ စလင်ဒါပုံစံဖြစ်ပြီး ပွဲလမ်းသဘင်များတွင် အသုံးပြုသော မီးရှုးမီးပန်း တိုင်များနှင့် တူညီသည်။ မိနစ်အတန်ကြာ မီးခိုးတိမ်တိုက် ဖြစ်ပေါ်စေပြီး အမြင်အာရုံေ၀၀ါးစေရန် အသုံးပြုခြင်း ဖြစ်သည်။
မီးခိုးဗုံး (Smoke Canister or Somke Grenade) မှာ သတ္တု ဗူးတစ်မျိုး ဖြစ်ပြီး စနက်တံကို ဆွဲဖြုတ်ပြီး ပစ်လိုက်သောအခါ မီးများ ထုတ်လွှတ်နိုင်သည်။ စစ်ဘက်က တပ်ဖွဲ့များကို အချက် ပြရန်နှင့် တပ်ရွှေ့လျားမှုကို တစ်ဖက်ရန်သူမှ မသိရှိနိုင်ရန် အသုံးပြုပါသည်။
နိုင်ငံတကာ အဓိကရုဏ်းဖြစ်စဉ်များတွင် မျက်ရည်ယိုဗုံး (Tear Gas) ကိုသာ အသုံးပြုလေ့ရှိပြီး ယင်းမှာ မီးခိုးလုံးများသာ ထွက်လေ့ရှိသည်။
671714-01-02
နိုဝင်ဘာလ ၂၄ ရက်နေ့ကဘန်ကောက်တွင် လုံထိန်းများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တိုးကြစဉ် ရဲများက မျက်ရည်ယိုဗုံးသုံးလူစုခွဲရန် ကြိုးပမ်းမှုမြင်ကွင်း
692035-01-02
နိုဝင်ဘာလ ၂၈ ရက်နေ့က ကိုင်ရိုမြို့ တဟီရာရင်ပြင်အနီးတွင် လုံထိန်းများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့်လူစုခွဲနေစဉ်
668916-01-02z
နိုဝင်ဘာလ  ၂၃ ရက်နေ့က အီဂျစ်သမ္မတမိုဟာမက်မော်စီကို ကန့်ကွက်ဆန္ဒပြသူများ ကို အီဂျစ်လုံထိန်းတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများဖြင့်လူစုခွဲနေစဉ်
အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်
စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။ အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှမဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis