menu

Sunday 28 October 2012

မြန်မာ-ထိုင်းနယ်စပ်မှ တစ်နှစ်လျင် အနည်းဆုံးအမေရိကန် ဒေါ်လာ ၁.၄ ဘီလျံကျော်ဖိုး မှောင်ခိုကုန်သွယ်နေ



 thn-10-28-7
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်အား အသုံးပြုကာ ထိုင်းနိုင်ငံဘက်မှ ကုန်စည်များအား တရားမ၀င်ကုန်သွယ်လာစဉ်

မြန်မာ-ထိုင်းနယ်စပ်မှ တစ်နှစ်လျင် အနည်းဆုံးအမေရိကန် ဒေါ်လာသန်း ၁၀၀၀ ကျော်ဖိုးကို မှောင်ခိုကုန်သွယ်နေကြောင်း မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကိန်းဂဏန်းများနှိုင်းယှဉ်ချက်အရသိရသည်။
မှောင်ခိုလျော့နည်းပြီး တရား ၀င်လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် စီမံလုပ်ဆောင်ရာတွင် နှစ်ဖက်အမှန်ကိန်းဂဏန်းများရရှိရန်နှင့် မည်သည့်ကုန်စည်များကိုအဓိကကုန်သွယ်နေကြောင်း သိရှိရန်အတွက် ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်မှုကိန်း ဂဏန်းအမှန်များ တောင်းယူရာတွင် လွယ်ကူစွာ ပေးလေ့ရှိသော်လည်း တရုတ်နိုင်ငံဘက်မှမူ တောင်းယူရ ခက်ခဲကြောင်းလည်း သိရှိရပါ သည်။

''ထိုင်းဘက်ကတော့ ကိန်းဂဏန်းတွေတောင်းယူတဲ့အခါ အလွယ်တကူ ရရှိပါတယ်။ တရုတ်ဘက်ကတော့ တောင်းရတာ ခဲယဉ်းတယ်။ ထုတ်ပြန်ပေးတာမျိုးလည်းမရှိဘူး။ ကိန်းဂဏန်းသိရမယ်၊ တရားမ၀င် ကုန်စည်အမျိုးအစားတွေသိရမယ်ဆိုရင် မှောင်ခိုလျော့နည်းရေးနဲ့ တရားဝင်လမ်းကြောင်းပေါ်ရောက်လာအောင် လုပ်တဲ့နေရာမှာ ပိုထိရောက်တယ်။ မရရင်တော့ လုပ်ရတာနည်းနည်း လေးခက်တာပေါ့'' ဟု နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း ထိုင်း(မဲဆောက်အကောက်ခွန်ဌာန) နှင့် မြန်မာ(မြ၀တီကုန်သွယ်ရေးဇုန်) နှစ်ဖက် နယ်စပ်ကုန်သွယ်မှုသည် ထိုင်းနိုင်ငံဘက်မှ စာရင်းများအရ အမေရိကန်ဒေါ်လာ ၈၂၁ သန်းကျော် ပမာဏရှိပြီး မြန်မာဘက်မှ တရားဝင်လိုင်စင်ဖြင့်ကုန်သွယ်သည့် ပမာဏမှာအမေရိကန်ဒေါ်လာ ၈၅ သန်း ကျော်သာရှိရာ အဆပေါင်းများစွာ ကွာခြားလျက်ရှိသည်။
ပို့ကုန်တွင် မြန်မာဘက်မှတရားဝင်တင်ပို့မှုပိုင်းမှာ မှန်ကန်သော်လည်း သွင်းကုန်ပိုင်းတွင် အဓိကမှောင်ခိုကုန်သွယ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံစာရင်းအရ တရားဝင်ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၁ သန်းကျော်ဖိုးသာ ရှိသည်။ သို့သော် ထိုင်းနိုင်ငံဘက်မှ မြန်မာသို့တရားဝင်တင်ပို့လိုက်သည့် တန်ဖိုးမှာအမေရိကန်ဒေါ်လာသန်း ၈၀၀ နီးပါးရှိနေရာ မြန်မာမှ မှောင် ခိုတင်သွင်းနေသည့်ပမာဏမှာ တရားဝင်ထက် ၁၄ ဆအထိမြင့်မားလျက်ရှိကြောင်း သိရသည်။
ယင်းပမာဏမှာ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုတည်းဖြင့် ကုန်သွယ်သည့် ပမာဏသာရှိသေးပြီးတာချီလိတ်၊ မြိတ်၊ ကော့သောင်း စသည့် နယ်စပ်များမှ ကုန်သွယ်မှုများ မပါသေးကြောင်း သိရသည်။
ထိုသို့ ကိုးလအတွင်း မြ၀တီ နယ်စပ်တစ်ပေါက်တည်းမှ အမေရိကန်ဒေါ်လာ ၇၃၆ သန်းကျော်ဖိုး မှောင်ခိုကုန်သွယ်ခဲ့ရာ တစ်လလျင် မြ၀တီမှ မှောင်ခိုကုန်သွယ်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၂ သန်းနီးပါးရှိနေသည့် အခြား ထိုင်းနယ်စပ်စခန်းများမှ ကုန်သွယ်မှုများပါ ထည့်သွင်းပါက အနည်းဆုံး တစ်လမှောင်ခိုကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထက်တွင်ရှိနေမည်ဖြစ်သည်ဟု သိရသည်။
ထို့အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပိုင်းတွင် မှောင်ခိုကုန်သွယ်မှုပမာဏမှာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ဖိုးရှိနေသည်မှာ မလွဲကြောင်း ထုတ်ပြန်ထားသည်။
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ အထူးအဖွဲ့ထုတ်နုတ်ဖွဲ့စည်းကာ မှောင်ခိုကုန်သွယ်များအား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်နေသည့်ကုန်စည်များ မှာ စက်သုံးဆီ၊ စားအုန်းဆီ၊ သဘာဝဓာတ်ငွေ့အိုးများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ လုပ်ငန်းသုံးယန္တရားများ၊ မော်တော်ယာဉ်အပိုပစ္စည်းများနှင့် လူစီးယာဉ်ငယ်များမှာ အဓိကဖြစ်ကြောင်း သိရသည်။
ထိုသို့ အထူးအဖွဲ့ဖြင့် စုံစမ်း ဖော်ထုတ်ပြီးနောက်ပိုင်း မြိတ်၊ ကော့ သောင်းဘက်မှ စက်သုံးဆီအား တရား ၀င်တင်သွင်းမှုအချို့ရှိလာပြီး မှောင်ခိုနေရာမှ တရားဝင်လမ်းကြောင်းပေါ်သို့ အချို့ရောက်ရှိလာသည့် ရလဒ်ကိုရရှိခဲ့ကြောင်း သိရသည်။
ယင်းအတွက် ယခုအခါတရားမ၀င် ကူးသန်းရောင်းဝယ်မူများအား ရှာဖွေတားဆီးရန်အတွက် Mobile Team များဖွဲ့ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Mobile Team အား နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်အပါအ၀င်ဌာနသုံးခုမှ တာဝန်ရှိသူများ၊ ဒေသအုပ်ချုပ်ရေးကိုယ်စားလှယ်နှင့် UMFCCI မှ ကိုယ်စားလှယ်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် Mobile Team အဖွဲ့ဖြင့် စစ်ဆေးရှာဖွေထိန်းချုပ်မှု ပြုလုပ်သည့် ကာလတစ်လျောက် သတင်းမီဒီယာများကို တပါတည်း ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိတွေ့ရှိသည်များကို လွတ် လပ်စွာ အချိန်နှင့်တပြေးညီ သတင်းများဖော်ပြကာ အများပြည်သူသို့ အသိပညာပေးနိုင်စေရန်၊ Mobile Team အဖွဲ့အား မီဒီယာမှ ပြန်လည်ထိန်းကြောင်းပြီးသားဖြစ်နေစေရန်အတွက် ရည်ရွယ်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Mobile Team အနေဖြင့် ဦးစွာ နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလကုန်အထိအား ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး အဆိုပါပညာပေးကာလတွင်ဖမ်းဆီးရမိပါက လုပ်နည်းစနစ်တစ်မျိုးနှင့် ပညာပေးကာလ ကျာ်လွန်သွားသည့်အချိန်တွင် ပြုလုပ်မည့်လုပ်နည်းစနစ်ဟူ၍ နှစ်မျိုး ခွဲခြားလုပ်ဆောင်မည်ဟု သိရှိရပါသည်။
လက်ရှိတွင် Mobile Team ဖွဲ့စည်းရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြကာ ညှိနှိုင်းဆောင်ရွက်သွား မည်ဟုသိရသည်။
''Mobile Team မှာ သတင်းမီဒီယာကို ခေါ်သွားရတဲ့ အဓိကအချက်က ဖမ်းဆီးရမိတဲ့လမ်းကြောင်း တလျောက်သတင်းတွေကို အများပြည်သူလည်း သိရှိအောင်၊ လုပ်ငန်းရှင်တွေကိုလည်း အသိပညာပေးပြီး ဖြစ်သွားအောင် ချက်ချင်း ဖြန့်ဝေနိုင်ဖို့နဲ့ Mobile Team အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာက ထိန်းချုပ်နိုင်အောင်ပါ။ မှောင်ခိုကုန်သွယ်တာကို တစ်ခေါက်ပဲ စုံစမ်းဖော်ထုတ်တယ် တရားဝင်လိုင်စင်ယူတာပိုများလာတယ်။ အဲဒီအတွက် လုံးဝပျောက် အောင်လုပ်ဖို့မလွယ်ပေမယ့် လျော့ကျအောင်တော့ ဒီနည်းလမ်းနဲ့ လုပ်ဖို့စီစဉ်တာပါ။ ဒါပေမယ့် ဖမ်းဆီးတာထက် ဖမ်းမိရင် ပညာပေးကာလမှာ တရားဝင် လိုင်စင်ပြန်လုပ်ခိုင်းမယ့်သဘောပါ''ဟု နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်မှု ကိန်းဂဏန်းများမရရှိသည့်အတွက် မည်မျှမှောင်ခိုကုန်သွယ်သည်ကို ခန့်မှန်းရန်ခက်ခဲသော်လည်း မှောင်ခိုသွားနေသည့် သစ်၊ ကျောက်စိမ်း၊ ကျောက်မျက်၊ သတ္တုတွင်းထွက်နှင့် ကျွဲ၊ နွားများ တရားမ၀င်စီးဆင်းနေမှုအရ ပမာဏများစွာနစ်နာမည်မှာ မလွဲကြောင်းကိုလည်း ပို့ကုန်လုပ်ငန်းရှင်များက ထောက်ပြသည်။
''တရားမ၀င်မြင့်တက်တဲ့အတွက် ကျန်းမာရေးနဲ့မကိုက်ညီတာတွေ အ များပြည်သူစားသုံးရမယ်။ နိုင်ငံတော် အခွန်ဘဏ္ဍာနစ်နာမယ်။ မြန်မာနိုင်ငံဘက်က ကျောက်စိမ်း၊ သစ်၊ ကျောက်မျက်၊ သတ္တုတွင်းထွက်တွေ တစ်ပြားမှမရပဲ မှောင်ခိုထွက်မယ်။ ဒါကို တားဆီးသင့်တယ်။ တရုတ်အနေနဲ့လည်း အမှန်အတိုင်းထုတ်ပြန် ပေးသင့်တယ်။ မှောင်ခိုက ပျောက်အောင်လုပ်လို့မရပေမယ့် နည်းအောင်တော့လုပ်လို့ရတာပေါ့။ အခု ထိုင်းဘက်ထုတ်ပေးတဲ့အတွက် ဘာကိုလုပ်ရမယ်ဆိုတာ စီမံမယ့်သူတွေသိပြီ၊ တရုတ်ကမပေးတဲ့အတွက် မထိရောက်ဘူး''ဟု တရုတ်နိုင်ငံသို့ ရေထွက်ကုန်တင်ပို့သူလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
EMG

မြန်မာ(မြ၀တီ)ဖက်မှ တရားဝင်ကုန်သွယ်မှုကိန်းကဏန်းနှင့် ထိုင်း(တာ့(ခ်)ခရိုင် မဲဆောက်အကောက်ခွန်ဌာန)ဖက်မှ ကိန်းကဏန်များနှိုင်းယှဉ်ချက် (အမေရိကန်ဒေါ်လာသန်း)

အကြောင်းအရာ မြန်မာဘက် ထိုင်းဖက် တရားမ၀င်ပမာဏ
ပို့ကုန် ၃၄ .၃၃၉ ၂၈ .၂၀၆ ၆ .၁၃၃
သွင်းကုန် ၅၁ .၂၆၇ ၇၉၃ .၄၆၄ ၇၄၂ .၁၉၇
ကုန်သွယ်မှုပမာဏ ၈၅ .၆၀၆ ၈၂၁ .၆၇ ၇၃၆ .၀၆၄
မှတ်ချက်။ ။ သွင်းကုန်ပိုင်းတွင် တရားဝင်ထက် တရားမ၀င်က ၁၄ ဆကျော်ပိုများပါသည်။ ကုန်သွယ်မှုပိုင်းတွင် တရားဝင်ထက် တရားမ၀င် ကိုးဆအထိများနေပါသည်။ ယင်းစာရင်းမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း မြ၀တီတစ်ခုတည်း ကုန်သွယ်မှုဖြစ်ပြီး တစ်နှစ်အတွင်းဆိုပါက ထိုင်းနယ်စပ်တစ်လျောက် ဒေါ်လာ တစ်ဘီလျံကျော်အထိ မှောင်ခိုဝင်မည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis