menu

Sunday 28 October 2012

ပြည်ကြီးတံခွန် မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျူးကျော် နေထိုင်သူများအား နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထပ်မံဖယ်ရှား ရှင်းလင်းသွားမည်ဟု သိရှိရ




848 မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သူများအား နိုဝင်ဘာလ ၁၅ ရက်နေ့၌ ထပ်မံဖယ်ရှား ရှင်းလင်းသွားမည်ဟု သိရှိရပြီး ကျူးကျော်နေထိုင်သူများ အနေဖြင့် ဖယ်ရှားမှုမပြုခဲ့ပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ကျူးကျော်နေထိုင်သူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက မြေယာရောင်းချပေးခဲ့သူများအား ဖော်ထုတ်ပြီး တရားဥပဒေအတိုင်း တောင်းဆိုသွားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျူးကျော်တွေအနေနဲ့ ဖယ်ရှားရှင်းလင်းခံရတဲ့အခါမှာ နစ်နာဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်။ မြေယာပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံနဲ့ ဂရန်အမည်ပေါက် ရှိထားသူတွေကတော့ နစ်နာမှုမရှိနိုင်ပါဘူး။ အထောက်အထား အခိုင်အမာမရှိသူတွေ အနေနဲ့ ကိုယ့်ကိုလိမ်လည်ပြီးတော့ ရောင်းချခဲ့သူတွေကို ပြန်လည် ဖော်ထုတ်ပြီးတော့ တရားဥပဒေနဲ့အညီ ရပိုင်ခွင့်တွေကိုတောင်းဆိုနိုင် မှာဖြစ်ပါတယ်။ အမှန်အတိုင်း ဖြစ်ဖို့ တော့လိုပါတယ်။ ဒါမှလည်း နှစ်ဦးနှစ်ဖက်မျှတမှာ ဖြစ်ပါတယ်။  အမှန်တရားအတိုင်းဖြစ်အောင် တာဝန်ရှိသူတွေ ဘက်ကလည်းကူညီပေးဖို့ လို အပ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျူးကျော်နေထိုင်သူတွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စာရင်းကောက်ယူခဲ့တယ် ဆိုတာကလည်း မြေယာပိုင်ဆိုင်မှု အထောက် အထားတွေ ထုတ်ပေးဖို့ရာအတွက် စာရင်းကောက်ယူတာတော့ မဟုတ်ပါဘူး။ ကာယကံရှင်ဝယ်ယူထားသူ တွေအနေနဲ့ လိမ်လည်ရောင်းချခဲ့တဲ့သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ရာအတွက် အခုလိုစာရင်းကောက်ယူ တာဖြစ်ပါတယ်။ ရောင်းချခဲ့တဲ့သူတွေကို တရားဥပဒေအရ ပုဒ်မ(၄၂၀)နဲ့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ အမှုဖွင့်၍သော်လည်းကောင်း တရားရုံးတွေမှာ တရားစွဲဆို၍လည်းကောင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဖယ်ရှားမပေးဘူးဆိုရင် ဥပဒေအရ တရားစွဲရမှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှူး ဦးတင်ထွဋ်ကျော်က ကျူးကျော်နေထိုင်သူများအား အသိပေးပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis