menu

Tuesday 23 October 2012

ပုသိမ်မြို့က ပါတီဝင်အချို့ နှုတ်ထွက်မှု ဒီချုပ်နာယကရှင်း


ရန်ကုန်၊အောက်တိုဘာ-၂၃

ပုသိမ်မြို့တွင် NLD ၅၀၀ ခန့် နှုတ်ထွက်မည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယကအဖွဲ့ဝင်
ဦးတင်ဦးကပြောသည်။

"ပုသိမ်မှာက တစ်ယောက်တည်းကနေ လူငယ်တွေကို စည်းရုံးပြီး သက်သက်လုပ်နေတာ။ အဲဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ။
ကျွန်တော့်ဆီ လှမ်းပြောတာ အခြေအနေတွေ ကောင်းသွားပြီလို့ ပြောတယ်။ သူတို့ပြောသလို မဖြစ်နိုင်တော့ပါဘူး"ဟု ဦးတင်ဦးကပြောသည်။

ယခုဖြစ်ရပ်သည် ပုဂ္ဂိုလ်ရေးသက်သက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ပုသိမ်မြို့နယ်ရုံးအား ကိုယ်ပိုင်ရုံးကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေသဖြင့်
ပိတ်သိမ်းရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

ယခုဖြစ်ပွားနေသော ပြဿနာရပ်များသည် လူသစ်လူဟောင်းကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ ပါတီတွင်းသို့ နောက်ပိုင်းမှ ၀င်လာသူအချို့က စေတနာမှန်နှင့် ပါတီလုပ်ငန်းများ လုပ်ဆောင်နေသူများကို တိုက်ထုတ်ခြင်းပင်ဖြစ်ပြီး ယခုအခါ ဗဟိုညွှန်ကြားမှုနှင့် ရုံးကိုဖျက်သိမ်းရန်
ညွှန်ကြားလာပြီဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲတွင် မြို့နယ်အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ
ပါတီဝင်အဖြစ်မှ ရပ်စဲခံထားရသူ ဒေါက်တာသန်းထိုက်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ လာရောက်စဉ်က မြို့နယ်ရုံးအား ဖျက်သိမ်းရန်မလိုဟု ပြောကြားခဲ့သော်လည်း ယခုအခါ ဗဟိုမှ
မြို့နယ်ရုံးကို ဖျက်သိမ်းရန် ညွှန်ကြားလာခြင်းသည် တစ်ဖက်နားဖြင့် ဆုံးဖြတ်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ယခုလ ၂၇ ရက်တွင်
ပါတီဆိုင်းဘုတ်ကို ၄င်းတို့ ဆန္ဒဖြင့် လာရောက်ဖြုတ်ယူရန် အကြောင်းကြားမည်ဖြစ်ပြီး လူငယ်များအပါအ၀င် ပါတီဝင် ၅၀၀ ခန့်
နုတ်ထွက်ပွဲပြုလုပ်၍ နှုတ်ထွက်ကြမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

"အခုချိန်ထိ ကျွန်တော်တို့ရဲ့ အစီအစဉ်မပြောင်းသေးပါဘူး"ဟု ဒေါက်တာသန်းထိုက်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဗဟိုဦးစီးစနစ်ကို အလွန်အကျွံအသုံးပြုသည်ဟုဆိုကာ စက်တင်ဘာလအတွင်းက တောင်ငူမြို့နယ်
ပါတီဝင်အချို့ နုတ်ထွက်မှုများရှိခဲ့သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis