menu

Tuesday 23 October 2012

လိုင်စင်(ချစ်ဝင်းမောင်)




thn-10-21-2
ဟင်္သာတမြို့ ကျောက်တော်ကြီးဘုရားဝန်းရှိ ဆိုင်ကယ်လိုင်စင်လုပ်နေသူများအား စက်တင်ဘာလနောက်ဆုံးပတ်က တွေ့ရစဉ်
အင်္ဂလိပ်ဘာသာဝေါဟာရ Licence ကို ကျွန်တော်တို့ကလည်း 'လိုင်စင်'ဟုပဲ ခေါ်ကြသည်။ 'လိုင်စင်' ဟုဆိုလိုက်သည်နှင့် ဘာကိုဆိုလိုသလဲဆိုတာ လူတိုင်းသိသည်။ Motor Car ကို 'မော်တော်ကား' Telephone ကို 'တယ်လီဖုန်း' Internet ကို 'အင်တာနက်' စသည်ဖြင့် မြန်မာမှုပြုမွေးစားထားသော အင်္ဂလိပ်ဝေါဟာရမြောက်များစွာထဲမှာ 'လိုင်စင်' ဆိုတာလည်းပါသည်။ Licence ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ လိုင်စင် . . .ခွင့်။ ဟုဖော်ပြထားသည်။ တစ်နည်းအားဖြင့် 'လုပ်ပိုင်ခွင့်' 'တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခွင့်'ဟု ဆိုနိုင်သည်။ ဂျိမ်းစ်ဘွန်းဇာတ်ကား Licensed to kill မှာ အလွတ်စုံထောက်တွေ လူသတ်ခွင့်ရှိသည့် သဘောကိုပြောသည်။ Licensed dealen ဆိုသည်မှာ တရားဝင်ရောင်း ၀ယ်ဖောက်ကားခွင့်ရသူဟု အဓိပ္ပာယ်ရသည်။
'လိုင်စင်'၏အနက်အဓိပ္ပာယ်က ရှင်းလင်းလွယ်ကူသော်လည်း သူနှင့်ဆက်စပ်သော အသုံးအနှုန်းတွေက မြောက်များလှစွာ၏။ အနုပညာရှင်တွေ၊ ကဗျာဆရာတွေ သူတို့၏ အနုပညာဖန်တီးမှု လွတ်လပ်ခွင့် ရှိခြင်းကို Artistics Licence, Poetic Licence အဖြစ်တင်စားခေါ်ဝေါ်ကြတာတွေလည်းရှိသည်။
လူတိုင်းအလွယ်တကူ သိရှိနေကြသည်ကတော့ ယာဉ်မောင်းလိုင်စင်၊ မော်တော်ကားလိုင်စင်၊ ရှေ့နေလိုင်စင်၊ ဆရာဝန်လိုင်စင်၊ အင်ဂျင်နီယာလိုင်စင်၊ ပို့ကုန်သွင်းကုန်လိုင်စင်၊ ရေဒီယိုလိုင်စင်၊ ရုပ်မြင်သံကြားလိုင်စင်၊အဆောက်အဦးဆောက်လုပ် ခွင့်လိုင်စင်၊ ဈေးရောင်းချခွင့်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်၊ ဟိုတယ်လိုင်စင်၊ မော်တော်ဆိုင်ကယ် လိုင်စင်၊ အနှေးယာဉ်လိုင်စင်၊ အသံချဲ့စက်လိုင်စင်၊ ယစ်မျိုးလိုင်စင်၊ ငွေချေးလိုင်စင် စသည် . . စသည်. . စသည်ဖြင့် လူမှုစီးပွားနယ်ပယ်အသီး သီးမှာ 'လိုင်စင်' တွေရှိကြသည်။ 'လိုင်စင်' မရှိဘဲ မည်သူမျှသက်ဆိုင်ရာ လုပ်ငန်းဆောင်တာကို လုပ်ပိုင်ဆောင်ရွက်ခွင့်မရှိ၊ 'လိုင်စင်' မရှိလျင် အရေးယူခံရမည်။ တစ်နည်းအားဖြင့် 'လိုင်စင်' သည် 'အမိန့်' ဖြစ်သလို 'အခွင့်အာဏာ' လည်းဖြစ် သည်။လိုင်စင်ရှိလျင် 'အခွင့်အာဏာ' ရှိသည်။ သူ၏လုပ်ပိုင်ခွင့်သည် တရားဝင်ဖြစ်သည်။
လိုင်စင်နည်းတူ အခွင့်အာဏာရသည့် ဝေါဟာရတစ်ခုရှိသေးသည်။ 'Permit' ဖြစ်သည်။ သည်အင်္ဂလိပ် ဝေါဟာရ Permit ကိုလည်း ကျွန်တော်တို့က 'ပါမစ်' ဟု လွယ်လွယ်ကူကူ နားလည်ပြီး သုံးစွဲကြသည်။  'ပါမစ်' ကျတော့ 'လိုင်စင်'နှင့် သဘောသဘာဝဆင်သော်လည်း သူကျတော့ အမိန့်အာဏာရသူတစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏ 'ခွင့်ပြုမိန့်' ကိုဆိုလိုခြင်းဖြစ်သည်။ 'ပါမစ်' ရထားပြီဆိုလျင် သင်သည် လုပ်ပိုင်ခွင့်ရထားသူဖြစ်ပြီး 'မော်တော်ကားပါမစ်' 'သစ်ပါမစ်' 'ဆောက်လုပ်ရေးပါမစ်' စသည်ဖြင့် ပါမစ်တွေကလည်း ကျယ်ဝန်းများပြားလှသည်။ ပါမစ် (သို့မဟုတ်) ခွင့်ပြုမိန့်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ခုခု (သို့မဟုတ်) အာဏာရှိသူ တစ်ဦးဦးထံမှ စီးဆင်းလာခြင်းဖြစ်၍ သူ့မှာလည်း ထက်မြက်သော တန်ခိုးစွမ်းရည်တွေ ရှိကြသည်။
'လိုင်စင်ရပြီလား' 'ပါမစ်ကျပြီးလား' ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သုံးနှုန်းနေကျအသုံးအနှုန်းတွေဖြစ်သည်။ တစ်ခေတ်တစ်ခါတုန်းကတော့ ဒါတွေအားလုံး 'ရွှေ' ဖြစ်သည်။ လိုင်စင်တွေ၊ ပါမစ်တွေနှင့် သူဌေးကြီး နေ့ချင်းညချင်းဖြစ် သွားကြသူတွေ ကျွန်တော်တို့ဆီမှာ မနည်းမနော။ ဒီနေ့အထိလည်း 'ရွှေ' ဖြစ်နေတုန်းပါပဲ။ ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နေပြီဖြစ်၍ ယခင်လောက် ပေါ်ပေါ်ထင်ထင် မရှိတော့သော်လည်းလိုင်စင်တွေ၊ ပါမစ်တွေက ခုချိန်ထိ အားကောင်းနေတုန်းပဲဖြစ်သည်။
မော်တော်ကားတင်သွင်းခွင့်၊ မိုဘိုင်းဖုန်း ၀ယ်ယူခွင့်ကို အလွန်တင်းအကြပ် ကန့်သတ်ထားခဲ့သည့် တစ်ချိန်က နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားသူ အတော်များများ ပေါ်ထွက်ခဲ့သည်။ အတော်များများဆိုတာက 'လူတစ်စု' ကိုဆိုလိုခြင်းဖြစ်သည်။ 'လိုင်စင်' သို့မဟုတ် 'ပါမစ်' သည် 'ငွေကြေး' ဖြစ်သည်။ တစ်နည်းအားဖြင့် 'ခွင့်ပြုချက်၊ အမိန့်အာဏာ' သည် 'ငွေကြေး' ဖြစ်ခဲ့သည်။ အမိန့် အာဏာရှိသူတစ်ဦးက ခွင့်ပြုချက်ကို ဆုပ်ကိုင်ထားပြီး မိမိပေးလိုသူကိုသာ ပေးခြင်းဖြင့် 'ပါမစ်' သို့မဟုတ် 'လိုင်စင်' တန်ဖိုးက မတန်တဆ ကြီးမားသွားခဲ့သည်။ အားလုံး သိထားပြီးဖြစ်သည့်အတိုင်း ပြည်ပမှာ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းမျှသာရှိသည့် မော်တော်ယာဉ်တစ်စီးကို ကျွန်တော်တို့ဆီမှာ သိန်းထောင်ဂဏန်းအထိ ပေါက်ဈေးဖြစ်ခဲ့တာ၊ ငွေကျပ် ထောင်ဂဏန်းမျှသာရှိသော တယ်လီဖုန်း Sim Card တစ်ခုကို ကျပ်သိန်း ၃၀၊ သိန်း ၂၀ ဖြစ်ခဲ့တာ။
ခုတော့ အတော်လေးဈေးတွေကျသွားပါပြီ၊ မော်တော်ကား တင်သွင်းခွင့် လိုင်စင်ကို အလွယ်တကူ ထုတ်ပေးလိုက်သဖြင့် ယခင်ကျပ်သိန်းထောင်ဂဏန်းရှိခဲ့သော မော်တော်ယာဉ်တွေ ရာဂဏန်းမျှနှင့် ၀ယ်နိုင်ကြပြီ။ မိုဘိုင်းဖုန်းမှာတော့ ပြောစရာ တွေကျန်နေသေးသည်။ နောက်ဆုံး ကျပ်နှစ်သိန်းမှာ တန့်နေဆဲဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေတွေပြင်ရဦးမှာဖြစ်၍ ဈေးမပေါနိုင်သေးဆိုသော အဖြေစကားကို ကြားရသည်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့သောငါးနှစ်ကနှင့်စာလျှင် အတော်လေးဈေးပေါသွားပြီလို့ဆိုနိုင်သည်။ ခုဆိုလျင် 'မော်တော်ယာဉ်အရောင်းပြခန်း'တွေက ဘက္ထရီဆိုင်ကြီးတွေလိုပဲ ရန်ကုန်မြို့နေရာအနှံ့မှာ အလျိုလျိုပေါ်လာပြီဖြစ်သည်။ ကြိုက်ရာမော်တော်ကားကိုသာ ၀ယ်ယူစီးနင်းကြပေတော့။ မြန်မာ ပြည်စီးပွားရေး ပုံသဏ္ဌာန်ကသည်လိုပဲ ဖြစ်သည်။ မော်တော်ကားဆိုလျင် မော်တော်ကား။ အိမ်ခြံမြေဆိုလျင် အိမ်ခြံမြေ။ ရွေ့နေသည်။
'လိုင်စင်' အကြောင်းပြောရလျင် ပွင့်လင်းမြင်သာမှု (Tranparency) မရှိခဲ့သော တစ်ချိန်ကပေးခဲ့သော 'လိုင်စင်'တွေ'ပါမစ်'တွေကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေ ယခုအချိန်မှာပေါ်လာသည်။ မြစ်ဆုံစီမံကိန်းကို လိုင်စင်ထုတ်ပေးလိုက်ချိန်တုန်းက ကျွန်တော်တို့ ကန့်ကွက်ခွင့်မရခဲ့ကြ။ တစ်နည်းအားဖြင့် 'အသံမထွက်ရဲခဲ့ကြ' အသံထွက်ခွင့်၊ကန့်ကွက်ခွင့်ရလာသောအခါ စီမံကိန်းကအတော်ခရီးပေါက်နေပြီ။ လက်ပံတောင်းတောင် ကိစ္စမှာလည်း သည်လိုပဲဖြစ် သည်။ အာဏာပိုင်အဖွဲ့အစည်းတွေက ပြည်သူ့ဆန္ဒအမှန်ကို အသေအချာမမေးမြန်းဘဲ ကိုယ့်သဘောနှင့်ကိုယ်စာချုပ်ကာ လုပ်ပိုင်ခွင့်ပေးခဲ့ရာ ယခုတော့ဖြေရှင်းရခက်နေပြီ။ လယ်ယာမြေပြဿနာများ နေရာအနှံ့မှ အသံထွက်လာခြင်းမှာ ဟိုတစ်ချိန်တုန်းက မပွင့်လင်းခဲ့၍ ဖြစ်သည်။
သစ်တောကြီးများ ပြုန်းတီးသွားခဲ့ရသည်။ အဖိုးတန် ကျောက်သံပတ္တမြားတွေ တူးယူသွားကြသည်။သဘာဝသယံဇာတတွေကို အောက်ဈေးနှင့် စာချုပ်ယူသွားကြသည်။ သည်လိုထုတ်ယူသွားဖို့ လိုင်စင်တွေ၊ ပါမစ်တွေကို အာဏာရှိသူတွေက ထုတ်ပေးခဲ့ကြသည်။
မြိုးမြိုးမြက်မြက်ရရှိနိုင်သော စီးပွားရေးခွင့်အားလုံးကို အာဏာရှိသူက သူတို့နှစ်သက်သဘောကျသူများအား လုပ်ပိုင်ခွင့်(တစ်နည်းအားဖြင့်) လိုင်စင်ချပေးခြင်းဖြင့် သီးခြားလူတန်းစားတစ်ရပ် ပေါ်ထွက်ခဲ့သည်။ သူတို့သည် ဘီလ်ဂိတ်လို၊ ရူးပတ်မား ဒေါ့လို၊ လီကာရှင်းလို စီးပွားရေး ပြိုင်ဆိုင်မှု ဘီလျံနာဖြစ်လာကြသူတွေမဟုတ်။ နေ့ချင်းညချင်း ပေါ်ထွက်လာသော ခေတ်သစ် မီလျံနာတွေ ဖြစ်သည်။ Market Economy ၏ သဘောသဘာဝမှာ Free and Fair Competition ကိုအခြေခံသော်လည်း သူတို့သည် 'လုပ်ပိုင်ခွင့်တည်း' ဟူသော တစ်ဖက်သတ် Advantage ဖြင့် ဈေးကွက်ကို အသာစီးရယူနိုင်ခဲ့ကြသည်။ ယခုတလော တွင်ကျယ်လာသည့် ဝေါဟာရမှာ (Crony) 'ခရိုနီ' ဆိုတာလည်းပါဝင်သည်။ ပြည်ပရင်း နှီးမြှုပ်နှံမှုတွေ ၀င်လာတော့မည်ဟု ဆိုသောအခါ ထိတ်ထိတ်ပျာပျာဖြစ်ကြသူတို့မှာ 'ခရိုနီ'တွေပဲဖြစ်သည်။ အမြဲတမ်း လုပ်ပိုင်ခွင့်တွေ၊ ပါမစ်တွေ လိုင်စင်တွေနှင့် အသာစီးယူပြီးမှ အလုပ်လုပ်တတ်သူတွေ အသာစီးမရတော့မှာစိုးရိမ်ကြသည်။

'လိုင်စင်ရပြီလား' 'ပါမစ်ကျပြီးလား' ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သုံးနှုန်းနေကျအသုံးအနှုန်းတွေဖြစ်သည်။ တစ်ခေတ်တစ်ခါတုန်းကတော့ ဒါတွေအားလုံး 'ရွှေ' ဖြစ်သည်။ လိုင်စင်တွေ၊ ပါမစ်တွေနှင့် သူဌေးကြီး နေ့ချင်းညချင်းဖြစ် သွားကြသူတွေ ကျွန်တော်တို့ဆီမှာ မနည်းမနော။ ဒီနေ့အထိလည်း 'ရွှေ' ဖြစ်နေတုန်းပါပဲ....



ကာလအတိုင်းအတာတစ်ခုအထိ မြန်မာပြည်စီးပွားရေးက 'လိုင်စင်' စီးပွားရေးဖြစ်ခဲ့သဖြင့် လူတစ်စုချမ်းသာပြီး လူအများစု ဆင်းရဲမွဲတေခဲ့ရသည်။ ယခု ပွင့်လင်းမြင်သာသော ခေတ်ရောက်လာပြီဖြစ်၍ လိုင်စင်စီးပွားရေး ယခင်ကလောက်အလုပ်မဖြစ် တော့။ အပေါ်ပိုင်းအုပ်ချုပ်ရေးအဖွဲ့က 'ပြုပြင်ပြောင်းလဲရေး'တွေလုပ်နေပြီမို့ ဧရာမလိုင်စင်ကြီးများလက်သိပ်ထိုးပေးမှုမရှိတော့သော်လည်း အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေကတော့ 'လိုင်စင်'တွေကို ကိုင်ထားတုန်းဖြစ်သည်။ ဘာလိုင်စင်ပဲလုပ်လုပ် အဖုအထစ်တွေ၊ ကြိုးနီစနစ်တွေ ရှိနေတုန်း။
ကိုယ်ကစာပေသမားတစ်ဦးဖြစ်သဖြင့် ထုတ်ဝေခွင့်လိုင်စင်လေးတစ်ခုတော့လိုချင်သည်။ သတင်းလွတ်လပ်ခွင့်တွေရှိလာပြီး အများတကာ 'သတင်းဂျာနယ်'တွေ အလျိုလျိုထုတ်နေတာမြင်တော့ ကိုယ်လည်းသတင်း ဂျာနယ်ထုတ်ချင်သည်။ ကိုယ်က လုပ်တတ်၊ ကိုင်တတ်၊ တည်းဖြတ် ထုတ်ဝေတတ်ပါလျက် ကိုယ့်လောက်အတွေ့အကြုံမရှိသေးသူတွေက ဟောတစ်စောင်၊ ဟောတစ်စောင် ထုတ်ဝေနေတာမြင်တော့ အားမလို အားမရဖြစ်မိသည်။ ထုတ်ဝေခွင့်ရဖို့ဆိုတာ 'လိုင်စင်'လိုသည်။ လိုင်စင်လိုသဖြင့် လွန်ခဲ့သည့် သုံးလက ထုတ်ဝေခွင့်လိုင်စင်တစ်ခု လျောက်ထားခဲ့သည်။ ခေတ်ကြီးကပွင့်လင်းလာပြီဆိုတော့ အခက်ခဲမရှိရလိမ့်မည်ဟုပဲ ထင်ခဲ့သည်။ သက်ဆိုင်ရာ တာဝန်ရှိသူက ခေါ်ယူမေးမြန်းပြီးဖြစ်၍ လွန်ခဲ့သည့် နှစ်လကတည်းက ပြန်ဆက်သွယ်မလား စောင့်နေခဲ့သည်။ ယခုအချိန်အထိ ဘာအဆက်သွယ်မျှမရ။ မနေနိုင်သဖြင့် မှတ်ပုံတင်ဌာနကို လူကိုယ်တိုင်သွားမေးရာ မကျသေးဘူးဟု ဖြေသည်။ 'ကျရင် သမီးတို့ ဖုန်းဆက်လိုက်ပါ့မယ်'ဆို၍ ပြန်လာခဲ့ရသည်။သည်ကြားထဲ ကိုယ်မသိသော အမည်နာမအသစ်တွေနှင့် ဂျာနယ်အသစ်တွေ ထပ်ထွက်လာတာမြင်တော့ အံ့သြရသည်။ ကိုယ်ကပဲညံ့နေသလား။ ရသူတွေရနေပြီး မရသူတွေ မရဆိုတာမျိုးက ဒီခေတ်ကြီးမှာ မရှိနိုင်တော့ဘူးဟုထင်သည်။ ကိုယ်ပဲ မှားနေသလား။
'ရှင့်လောက်မိတ်ဆွေအပေါင်းသင်းများတာ ရှင်ပဲရှိတယ်။ ခုထိ ဘာတစ်ခုမှ အဆင်ပြေအောင်မလုပ်နိုင်သေးဘူး'ဆိုပြီး အိမ်ကမိန်းမကပြောသလို ကိုယ်ကိုယ်တိုင်ကပဲ ညံ့တာဖြစ်မှာပါ။ စာပေလောကမှာ နေရာကောင်းကောင်းရထားပြီဖြစ်သော မိတ်ဆွေအယ်ဒီတာ တစ်ဦးပြောခဲ့သောစကားကို ယခုချိန်မှာ ပြန်အမှတ်ရသည်။ သူကခေတ်အခြေအနေကိုလိုက်ပြီး အရောင်ပြောင်းကာ ကိုယ့်အခွင့်အရေးကို မရရအောင်ယူတတ်သူဖြစ်သည်။
'ပေးတုန်းယူထားနော် သူငယ်ချင်း ... ဒီအစိုးရကသိတယ်မဟုတ်လား ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ နောက်ဆိုပေးချင်မှပေးတော့မှာ။'
သူပြောတာဟုတ်သည်။ ပြီးခဲ့သည့် နှစ်နှစ်ကျော်လောက်က ထုတ်ဝေခွင့်လိုင်စင်တွေချပေးခဲ့သည်။ အပြောင်းအလဲ ဖြစ်ခါစကာလ။ ထိုစဉ်တုန်းက အေးတိအေးစက်နေခဲ့ပြီး လိုင်စင်တစ်ခု မလျောက်ထားမိခဲ့။ လျောက်ထားသူတွေကတော့ ရကြသည်။ တကယ်ဆန္ဒရှိပြီး လျောက်သောအခါမှာတော့ ယခင်ကလို အလွယ်တကူမရတော့ပါ။ ယခုစနစ် ပြောင်းသွားပြီမို့ ရနိုင်မည် ထင်ခဲ့သော်လည်း မျှော်နေရတုန်း ဖြစ်သည်။
ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရတော့မည်။ အခွင့်အရေးကို အသုံးမချတတ်သူ။ အခွင့်အရေးကို ရအောင်မယူတတ်သူ။ ငယ်စဉ် လူမှန်းသိတတ်စအရွယ်တုန်းက ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ထဲမှာ ဆင်လှည်းစီးခဲ့တာကို သတိရမိသည်။ ဆင်ဆွဲသော လှည်းပေါ်သို့ ကလေးတွေ အလုအယက်တက်ကြရာမှာ ကိုယ်က ကိုယ့်ရှေ့မှာ ထိုင်ခုံလွတ်ရှိနေလျက်နှင့် ငေးကြောင်ကြည့်နေသဖြင့် တခြားကလေးတွေ တိုးဝှေ့နေရာယူ သွားသောကြောင့် နေရာမရဘဲ ဆင် ဆွဲလှည်းပေါ်မှာ တစ်ယောက်တည်း မတ်တပ်ရပ်ပြီး လိုက်ပါခဲ့ရသည်။ လှည်းပေါ်ကဆင်းတော့ အဒေါ်တွေ၊ အစ်မတွေက ''တော်တော်အတဲ့ အကောင်''ဆိုပြီးအပြစ်တင်ကြသည်။ ဘ၀မှာ သည်လိုမျိုးအခွင့်အရေးဆုံးရှုံးခဲ့တာ ဘယ်လောက်များပြီလဲ မပြောတတ်။ ယခုလည်း သည်အတိုင်းပဲ ဖြစ်လိမ့်မည် ထင်ပါသည်။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis