menu

Wednesday 15 August 2012

"မြန်မာနိုင်ငံ၏တရားစီရင်ရေး အဂတိတရားများဖုံးလွှမ်းနေဟု တရား စီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌပြောကြား"

လက်ရှိမြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုသည် ကမ္ဘာတွင်အနိမ့်ကျဆုံး စာရင်း၌ပါဝင်နေပြီး တရားစီရင်ရေးသည် အဂတိတရားများ ဖုံး လွှမ်း နေကြောင်း တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌသူရ ဦးအောင်ကိုက စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၄ ရက်မြောက်နေ့ (သြဂုတ်လ ၁ဝရက်နေ့)တွင်လွှတ်တော်၌
ပြောသည်။
''ပြည်တွင်းပြည်ပမှလည်း ကျယ်လောင်စွာ အော်ဟစ်နေကြပါတယ်။ ယိမ်းယိုင်တိမ်းစောင်းနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို လွှတ်တော် သက် တမ်းတစ်ခု သို့မဟုတ် နှစ်ခု သတ်မှတ်ကာလ တစ်ခုအတွင်းမှာ ဖြောင့် မတ်ကြံ့ခိုင်လာဖို့ဆိုရင် တော့ လက်တွေ့ကျမယ့် နည်းလမ်းတွေကို ကျွန်တော်အကြံပြု တင်ပြ ချင်ပါတယ်''ဟု ၄င်းက အကြံပြု ပြောကြားသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် အသီးသီး တွင် တာဝန် ထမ်းဆောင်နေကြသော အဆင့်မြင့် ရာထူးကြီးများကို ပြည်ထောင်စု သမ္မတက အဆိုပြု တင်ပြပြီး ပြည်ထောင်စုလွှတ်တော် က အတည်ပြုခန့် ထားခြင်းမျိုး ဖြစ်သော်လည်း တရားသူကြီးများ၏ အဂတိလိုက်စားခြင်း အပါအဝင် ဖြောင့်မတ်မှန်ကန်မှု မရှိသော စီရင်မှု၊ လုပ်ဆောင်မှုများအပေါ် အရေးယူ ဆောင်ရွက်ရန် အခြေခံဥပဒေတွင် တိကျစွာ ဖော်ပြထားသော အချို့ အချက်မှအပ ကျန်ရှိသည့် အခြား မည်သည့်အကြောင်းနှင့်မှ အရေး ယူ ဆောင်ရွက်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် တရားသူကြီးများကို အကာ အကွယ်ပေးနေမှုများ လွန်စွာ များပြားနေပြီး အရေးယူရန် အခွင့်အလမ်း များ မရှိသလောက်ဖြစ်နေ ကြောင်း၊ ထို့အပြင် တရားလွှတ်တော်မှ အဆင့်မြင့် တရားသူကြီးများသည် ပြည်သူက တင်မြှောက်ထား သော ကိုယ်စားလှယ်များမဟုတ်သော ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသား အကျိုး စီးပွားအတွက်အထောက်အကူ မဖြစ်သော၊ အကျိုးမပြုတော့သော ဥပဒေ ပုဒ်မများနှင့် ဒီမိုကရေစီကျင့်စဉ် နှင့် ဆီလျော်မှုမရှိတော့သော ဥပဒေ ပုဒ်မ များကို ပြည်သူ့ကိုယ်စားလှယ် များကရေးဆွဲပြီး တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်လာအောင် ဆောင်ရွက် သင့်ကြောင်း ၄င်းကပြောကြားသည်။

''တရားသူကြီး၊ တရားရေး အရာရှိဟာ လုပ်သက်က အဓိက မဟုတ် ပါ။ ဖြောင့်မတ်မှန်ကန်မှု၊ လူထုအပေါ် မေတ္တာထားရန်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တရား လွှတ်တော်အဆင့်များမှာ သီလ၊ သမာဓိ၊ ပညာပြည့် စုံတဲ့ ပြင်ပ ဥပဒေပညာရှင်များကိုပါ ထည့်သွင်း ဖွဲ့စည်းတဲ့နည်းလမ်းက ပထမနည်း လမ်းဖြစ်ပါတယ်။ ဒါကြောင့် တိုင်း ဒေသကြီး၊ ပြည်နယ်နဲ့ ပြည်ထောင်စု တရားလွှတ်တော် အဆင့်တွေကို ပြည်သူ့ ကိုယ်စားလှယ်တွေ နဲ့သာ ဖွဲ့စည်းသင့်ပါတယ်။ အမျိုးစစ်မှ အမျိုးချစ်သည်တဲ့။ ပြည်သူ့ ကိုယ် စားလှယ်များဟာ ပြည်သူဘက်ကပဲ ကာကွယ်ပေးရပါတယ်။ ပြည်သူ့ မျက်နှာကိုပဲ ကြည့်နေရပါတယ်။ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့အသံ ကိုပဲ ဖြည့် ဆည်းပေးရပါမယ်''ဟု သူရ ဦးအောင်ကိုက ပြောကြားသည်။

ထို့အပြင် ၁၉၉ဝ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံအတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုများ ဖြစ်ပွားနေ ချိန်တွင် ဂျာမနီအစိုးရက ပြည်သူ များထံတွင် စစ်တမ်းကောက်ယူခဲ့ပြီး ပြည်သူ့ဆန္ဒအရ တစ်ပါတီစနစ်အောက် တွင်ဖွဲ့ စည်းထားခဲ့သော တရားသူကြီး များ၊ တရားရေးနယ်ပယ်မှ ဝန်ထမ်း များကို ပိုလျှံလုံလောက်သော ထောက်ပံ့ကြေးများနှင့် အငြိမ်းစား လစာများပေးကာ တာဝန်မှရပ်စဲ ခဲ့ကြောင်း၊ ၄င်းကာလမှစ၍ ဒီမိုက ရေစီကျင့်စဉ်နှင့် ဖွဲ့စည်း ထားသော တရားသူကြီးများနှင့် တစ်နိုင်ငံလုံးကို ပြန်လည် ဖွဲ့စည်း ခဲ့သောကြောင့် ယခု အခါဂျာမနီသည်ကမ္ဘာပေါ်တွင် တရားဥပဒေစိုးမိုးမှု အကောင်းဆုံး နိုင်ငံများ၏ ထိပ်ဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိနေကြောင်း ၄င်းက ဆက် လက်ပြောသည်။

''နိုင်ငံတော်အာဏာရဲ့ မူလ ပိုင်ရှင်ဟာ နိုင်ငံသား တိုင်းရင်းသား ပြည်သူများ သာဖြစ်ပါတယ်။ သို့သော် လည်းပဲ သန်း ၆ဝသော ပြည်သူများ ဟာ ဒီလွှတ်တော်ခန်းမကြီးထဲ လာထိုင်ပြီးတော့ ခက်မ သုံးဖြာရဲ့ ရေးရာကိစ္စတွေကို စီမံခန့်ခွဲဖို့ မဖြစ် နိုင်ပါဘူး။ ဒါကြောင့် သူတို့ကိုယ်စား အာဏာကုန် လွှဲအပ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကပြည်သူ တစ်ရပ်လုံး ကိုယ်စား အာဏာသုံးရပ် ကို စွဲကိုင်ပြီးတော့မှ ပြည်သူ့အကျိုး ကိုသယ် ပိုးခြင်းဟာ ကျွန်းနဲ့ကိုင်း၊ ရေနဲ့ငါးပမာ အပြန်အလှန် အကျိုးပြု မှာ ဖြစ်ပါ တယ်။ ပြည်သူက ရွေးချယ် တင်မြှောက်ပေးခဲ့သလို တာဝန်မကျေတဲ့ ဂုဏ်အင်္ဂါပျက်ယွင်းနေတဲ့ ကိုယ် စားလှယ်များ၊ အဖွဲ့အစည်းများကို လည်း တာဝန်ကနေ လွယ်ကူစွာ ရုပ်သိမ်းပိုင်ခွင့် ပြည်သူမှာ ရှိသင့်ပါ တယ်'' ဟု အထက်ပါ ပုဂ္ဂိုလ်က တရားစီရင်ရေးနှင့် ပတ်သက်၍ ထပ်လောင်း ပြောကြား ခဲ့သည်။

ထို့အပြင် အုပ်ချုပ်ရေးပိုင်းတွင် လည်း အစိုးရအဖွဲ့နှင့်လက်အောက် ဌာန အသီးသီးရှိ အမှုထမ်း၊ အရာ ထမ်းများသည် ပြည်သူအများနှင့် ဆက်ဆံရာ တွင် တရားဥပဒေနှင့် အညီဆောင်ရွက်ကြရန်နှင့် ခွင့်ပြုထားသည့် လုပ်ပိုင် ခွင့်ထက် ကျော်လွန် သုံးစွဲခြင်းမရှိရန် တရားစီရင်ရေး မဏ္ဍိုင်မှ ထိန်းကျောင်း ဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း သည် ဥပဒေနှင့် မဆန့်ကျင်ပါ က မိမိယုံကြည်ချက်၊ ထင်မြင်ယူ ဆချက်များကို လွတ်လပ်စွာ ပြော ဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ တန်းစီလှည့်လည်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့ စည်း ဆောင်ရွက်ခွင့်ကို ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်း ထား ကြောင်း၊ ထို့ကြောင့် တစ်စုံ တစ်ယောက်သောသူသည် သတ် မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ပါလျက် ရပိုင်ခွင့်များကို သုံးစွဲသည့်အခါတွင် ပိတ်ပင်ခြင်း၊ တားမြစ်ခြင်းနှင့် အရေး ယူခြင်းများ ရှိလာပါက အခြေခံ ရပိုင်ခွင့်များ ဆုံးရှုံးသော ၄င်းပုဂ္ဂိုလ် များအတွက် တရားရုံးမှ ကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်ပေးရ မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြား သွားသည်။
အောင်ထက်(NYK)
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis