မြန်မာပြည်ကြီး တကယ်ပြောင်းလဲနေပြီလားဆိုတဲ့ မေးခွန်းကို၊ လူတိုင်းပဲ
စိတ်ဝင်စားနေကြသည်။ မနေ့ကနဲ့ ဒီနေ့ ဘယ်အရာကမှတော့၊ တစ်သမတ်တည်း
ရှိနေမည်မဟုတ်။ အနည်းဆုံးတော့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး၊
သမိုင်းမှတ်တိုင်တွေ၊ တစ်ကွေ့ပြီးတစ်ကွေ့ဖြတ်လို့၊ လမ်းဆက်လျှောက်နေကြရသည်။
ကြီးရင့် ပြောင်းလဲနေကြသည်။
ကလေးတွေကနေ လူငယ်တွေ။ လူငယ်တွေကနေ လူရွယ်တွေ။ လူရွယ်တွေကနေ လူကြီးတွေ။ လူကြီးတွေကနေ လူအိုတွေ။
ယူနီဖောင်းအဖြူကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့၊ လူဝင်မူကြီး
ကြပ်ရေးအရာရှိ လူရွယ်ရဲ့လက်ချောင်းတွေက၊ ကွန်ပျူတာကီးဘုတ်ပေါ်မှာ၊
ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေသလို၊ အကြည့်တွေကလည်း
ကွန်ပျူတာမျက်နှာပြင်နဲ့၊ ခရီးသွားစာအုပ်ကြားမှာ၊ လျင်လျင်မြန်မြန်
ရွေ့လျောနေသည်။ ဟုတ်ကဲ့ရပါပြီဆိုတဲ့၊ အပြုံးတ၀က် အသံတ၀က်နောက်မှာ၊ ဘာမှ
အထူးအထွေ စူးစမ်းမူတွေမပါ၊ ရိုးရှင်းပြေပြစ်လှသည်။
ဟုတ်သည် အဲဒီလို
ရိုးရှင်း ပြေပြစ်မူကိုသာ၊ လိုချင်တောင့်တခဲ့ကြသည် မဟုတ်လား။ တစ်ချိန်က၊
ဒီနေရာကို ရောက်ပြီဆိုတာနဲ့၊ မိသားစုရဲ့ နွေးထွေးတဲ့ အပြုံးတွေကို
မတွေ့မမြင်ရခင်မှာ၊ မယုံသင်္ကာတွေ၊ မလိုတမာတွေ ကြားထဲမှာ
စိုးရွံ့နေကြရသည်လေ။
ခေတ်မီသစ်လွင်နေတဲ့၊ ရန်ကုန်လေဆိပ် အပြင်ခန်းမထဲကို၊ ထွက်လိုက်တော့၊
အသီးသီး စောင့်မျှော်ကြိုဆိုနေတဲ့ မိသားစုတွေ။ အဲဒီအထဲကမှ
တောင်ဝှေးကြီးထောက်ပြီး လက်လှမ်းပြနေတဲ့၊ ဦးကြီးဖြစ်သူနဲ့၊ လူတွေကြားထဲ
အရပ်ရှည်ကြီး ထိုးထွက်နေတဲ့၊ တူကလေးကို ၀မ်းသာအံ့သြစွာ တွေ့လိုက်ရသည်။
ဝမ်းသာရတာက၊ ဦးကြီးကိုအပြင်မှာ၊ အခုလိုလွတ် လွတ်လပ်လပ် ကျန်းကျန်းမာမာနဲ့
တွေ့ရလို့။ အံ့သြရတာက၊ ဆယ်တန်း ဖြေထားတယ်ဆိုတဲ့ တူလေးက၊
မယုံနိုင်လောက်အောင်၊ အရွယ်ရောက်နေလေပြီမို့။ အရင်ဦးဆုံး ဘေးလွယ် အိတ်ထဲမှာ
အလွယ်တကူ ထဲ့ယူလာခဲ့တဲ့၊ စာအုပ်ကို ထုတ်ပြီး၊ ဦးကြီးရဲ့ လက်နှစ်ဖက်ထဲ၊
ထဲ့လိုက်ရင်း၊ အားရပါးရ ဖျစ်ညှစ်ဆုပ်ကိုင်ထားတော့၊ ဘေးမှာရပ်နေတဲ့
တူကလေးရဲ့ မျက်ဝန်းထဲမှာ၊ စူးစမ်းတဲ့ အလင်းရောင်တွေ၊ ဖျတ်ခနဲ
ပြေးသွားသည်ကို မြင်လိုက်ရသည်။
ဆယ်ကျော်သက်ရွယ် လူငယ်တစ်ယောက်အတွက်၊ စာအုပ်တစ်အုပ်ကြောင့်
နှစ်ရှည်လများ အကျဉ်းကျခဲ့ရတဲ့ အဘိုးတစ်ယောက်ရဲ့ သမိုင်းနဲ့၊
နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်နေတဲ့
ဦးလေးအဒေါ်တွေရဲ့အကြောင်းပြချက်ကို၊ ဘယ်လိုနားလည်လက်ခံ လေမလဲ။
တောင်ဝှေးပေါ်မှာ အားပြုလျှောက်နေတဲ့ ဦးကြီးကို အသာ ငေးရင်း
ရဲရင့်ဖျတ်လတ်ခဲ့တဲ့ ပုံရိပ်တချို့ကို ပြန်မြင်ယောင်မိသည်။ အိတ်တွေကို
ဆွဲယူရင်း လျင်မြန်သွက်လက်စွာ၊ လျောက်သွားတဲ့ တူကလေးရဲ့နောက်ကလိုက်ရင်း၊
လေဆိပ်မှန်တံခါးက၊ ထွက်လိုက်တော့၊ မုတ်သုံမိုးရနံ့ သင်းပျံ့နေတဲ့ ၊
ရန်ကုန်မြို့ကြီးက၊ စောင့်ကြိုလျက်။ ပင့်သက်ရှိုက်ကာ၊
နှုတ်ဆက်လိုက်မိပေတော့သည်။
အဲဒါအချိန်ကာလရဲ့ သရုပ်သကန်လား၊ ပြောင်းလဲခြင်းရဲ့ပြယုဂ်လား စကားကို
ကြီးကြီးကျယ်ကျယ် မေးခွန်းနဲ့ အဆုံးသတ်လိုက်မိပေမဲ့၊ တကယ်တော့၊
ဒီစကားဝိုင်းထဲမှာ၊ တိတိပပ အဖြေမရှိမှန်းလည်း သိနေသည်ပဲ။
သူငယ်ချင်းတယောက်ကတော့၊
ပြောင်းလဲတာတော့ တကယ်ပြောင်းလဲနေပြီဟလို့၊ အားရပါးရဖြေနေပေသည်။ သူက
မနှစ်တစ်နှစ်ကမှ၊ စင်ကာပူက ပြန်လာခဲ့ပြီး၊ အခုတော့ ရန်ကုန်မြို့က၊
ပုဂ္ဂလိကဘဏ်ကြီးတခုရဲ့ အဆင့်မြင့်နေရာတစ်ခုမှာ၊ နေသားတကျ ဖြစ်နေပုံရသည်။
သူအဲဒီလို ပြောလိုက်တော့မှ၊ လက်ရှိထုတ်လိုက် တဲ့တစ်သောင်းတန်အကြောင်း၊
နိုင်ငံ တကာမှာသုံးနေတဲ့ဘဏ်ကတ်တွေအ ကြောင်း၊ စကားဝိုင်းရဲ့မြားဦးတွေက
သူ့ဆီစုပြုံကျရောက်သွားသည်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့်၊
ခေတ်မီ ဘဏ်စနစ်တွေ၊ တဖြည်းဖြည်း နဲ့တော့ ဖြစ်လာတော့မှာပါဟာ အရေးကြီးတာ
ငါတို့စိတ်ရှည်ဖိုနဲ့အကောင်း မြင်တတ်ဖို့ပဲလိုတာလို့သူကဆိုလေ သည်။
ဟေ့ အကောင်းမြင်တာတွေ အဆိုးမြင်တာတွေဖန်ခွက်တစ်ဝက်တွေ
အပြည့်တွေပြောမနေနဲ့ကွာ၊ ဖန်ခွက် ထဲကရေကို ဘယ်လိုသောက်ရမလဲ ဆိုတာပဲ
အရေးကြီးတာလို့ဝင်နောက် လိုက်တဲ့ သူငယ်ချင်းက၊ ကုမ္ပဏီနာ
မည်တစ်ခုမှတ်ပုံတင်ထားသူ။ သူ့ ကုမ္ပဏီက၊ ဘာတွေလုပ်သလဲဆိုတာ တော့၊
အားလုံးတိတိကျကျမသိလှ ပေမဲ့၊ သူစီးလာတဲ့ကားက၊ အတော် ဈေးကြီးလှသည်။
မူလတန်းကျောင်း သူသမီးက၊ ကျောင်းမှာ သူငယ်ချင်း
တွေကားအသစ်တွေလဲကုန်ပြီမို့၊ အမေ ကို ပူဆာနေတယ်ဆိုတဲ့၊ ရတနာကုန်
သည်သူငယ်ချင်းမကိုတောင်၊ ကား အသစ်လဲဖို့၊ အကြံဉာဏ်တွေ၊ ပေးနေ လေသည်။
အခုဝင်လာတဲ့ ကားတွေ မှာ၊ ကီလိုမီတာတွေ ဘယ်လိုလျော့ လို့ရတဲ့အကြောင်း၊
ကားမော်ဒယ်ကို တောင်ပြောင်းထားလို့ရတဲ့အကြောင်း ပြောနေတာကို ကြားတော့၊
မျက်လုံး ပင်ပြူးသွားမိသည်။ မြန်မာပြည်က၊ လက်ရှိနာမည်ကျော်၊ စီးပွားရေးလုပ်
ငန်းရှင် သူဌေးကြီးတွေကိုလည်း အ တော်အားကျပုံရသည်။ ပါးစပ်ဖျား ကမချ။ ပြန်
သာလာကြစမ်းပါဟာ ဒီမှာ လုပ်စရာခွင်တွေပေါလွန်းလို့ သူထပ်ပြောတဲ့အချိန်မှာ၊
သူ့ရှေ့စားပွဲ ပေါ်မှာတင်ထားတဲ့အိုင်ဖုန်းက၊ တ တစ်တစ်နဲ့ မြည်လာသည်။
သူငယ်ချင်းမကတော့၊ တလောလေးက၊ သိန်းငါးရာတန် အခန်းတစ်ခန်း
ဆွဲထားလိုက်မိလို့၊ ကားမလဲနိုင်သေးပါဘူးဟာလို့ ဆိုသည် ။ ခြံတွေ
မြေတွေကတော့၊ သိန်းသုံးထောင်အထက်ချည်းပဲမို့၊ အနားမကပ်နိုင်တဲ့အကြောင်း၊
ကလေးတွေပညာရေးကလည်း၊ ပရိုက်ဗိတ်ကျောင်းထားတာဆိုတော့၊ တအားကုန်တဲ့အကြောင်း
ထပ်ညည်းပြနေတဲ့ သူငယ်ချင်းမကို ငေးရင်း၊ ဆယ်စုနှစ် တစ်ခုကျော်စာ
အိုမင်းနေပြီဖြစ်တဲ့ အတိတ်တွေကို၊ ပြန်သတိရနေမိသည်။ အဲဒီတုန်းကတော့၊
ရန်ကုန်တက္ကသိုလ်ကြီးက၊ ကျောင်းပြီးစ သူငယ်ချင်းနှစ်ယောက် သား၊ နိုင်ငံခြား
တက္ကသိုလ်တစ်ခုခုမှာ၊ ကျောင်းဆက်တက်ခွင့်ရရေး၊ စကောလားရှစ်ရရေးသည်၊
အကြီးဆုံး ရည်မှန်းချက်ဖြစ်ခဲ့ကြသည်လေ။
ဟိုးအရင် ငယ်စဉ်က၊ ပိတ်ဆို့ရှားပါးတဲ့ ခေတ်ကြီးမို့၊ နိုင်ငံခြားကို
ရောက်နေတဲ့ ၊ အသိမိတ်ဆွေတွေ၊ ပြန်လာပြီဆိုရင်၊ ပြင်ပကမ္ဘာက၊ သတင်းတွေ၊
အတွေ့အကြုံတွေသည်၊ နားထောင်လို့ မငြီးနိုင်ခဲ့။ သူတို့ပြောသမျှကိုငေးပြီး
နားထောင်ရင်း စိတ်ကူးယဉ်ခဲ့ဖူးသည်။ အခုတော့၊ ငေး ပြီး နားထောင်နေရသည်မှာ၊
မြန်မာနိုင်ငံထဲက၊ အခြေအနေ အပြောင်းအလဲတွေသာ၊ ဖြစ်နေပေသည်။
ဧည့်သည်တော်က၊ တိတ်ဆိတ်နေလို့လားတော့ မသိ။ ကဲခရီးထွက်တုန်းကရော၊
ဘာတွေပြောင်းလဲလာတာ တွေ့ခဲ့သလဲလို့၊ အိမ်ရှင်သူငယ်ချင်းက၊ မေးခွန်းကို
ပြန်ဖော်လိုက်သည်။ တကယ်ပဲ၊ ဒီသူငယ်ချင်း ဇနီးမောင်နှံကို ကျေးဇူးတင်ရပါသည်။
အစိုးရ၀န်ထမ်းအရာရှိဖြစ်နေတဲ့ ဒီ သူငယ်ချင်းကြောင့်သာ၊
မြို့တော်သစ်ကြီးဆီ၊ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ရသည်။
ရန်ကုန်မိုးကြောင့်ပဲလား မသိ၊ စွတ်စိုရှုပ်ပွကျပ်ညပ်နေတဲ့၊
မြို့တော်ဟောင်းကြီးကနေ၊ ထွက်လို့ သိပ်မကြာခင်၊ ကျယ်လွင့်ဖြောင့်ဖြူးနေတဲ့၊
နာမယ်ကျော် လမ်းသစ်ကြီးကို၊ မျက်ဝါးထင်ထင် မြင်လိုက်တော့၊ တကယ့်ကို
အံ့သြသဘောကျခဲ့ရသည်။ မြို့စဉ်တွေအားလုံးကို ကျော်လွှားပြီး၊
တရိပ်ရိပ်မောင်းနေတဲ့၊ သူငယ်ချင်းရဲ့ ကားအသစ်ပေါ်မှာ၊
သက်သောင့်သက်သာထိုင်ရင်း၊ လှပဆန်းကြယ်၊ သမိုင်းမငယ်လှတဲ့၊
ပဲခူးရိုးမကြီးကို၊ ပထမဆုံးအကြိမ်၊ အနီး ကပ်မြင်တွေ့ခွင့်ရခဲ့သည်။
တစ်ဖက်လမ်းကြောပေါ်မှာ၊ တချက်တချက် လှမ်းတွေ့ရတဲ့၊ အဝေးပြေးကားသစ်ကြီးတွေနဲ့
သပ်ရပ်ရှင်းလင်းနေတဲ့၊ ယဉ်ရပ်စခန်းကြီးတွေကို မြင်ရတာလည်း၊
နိုင်ငံမှားရောက်နေသလားတောင်၊ ထင်ခဲ့ရသည်။ မြို့တော်သစ်ကြီးနဲ့အတူ၊
မနီးမဝေးမှာရှိတဲ့၊ ဆည် အပမ်းဖြေစခန်းကြီးကို၊ ခမ်းနားလှပစွာ မြင်ရတာလည်း၊
စိတ်ချမ်းသာစရာ ကောင်းပါသည်။
တကယ်တော့ သွားမဲ့သူတွေ၊ ပြန်မဲ့သူတွေ၊ နေမဲ့သူတွေဆိုတာ၊ ခေတ်စနစ်ရဲ့
အပြဋ္ဌာန်းခံမျိုးဆက်တွေသာ ဖြစ်တာမို့၊ အားလုံးဟာ၊
လူမူစီးပွားလှိုင်းလုံးတွေနဲ့ နိုင်ငံရေး မုန်တိုင်းတွေကြားမှာ၊ တက်လိုက်ကျ
လိုက်၊ ထွက်လိုက် ၀င်လိုက် ဖြစ်နေကြရဦးမှာပဲပေါ့ . . .
|
အဲဒီတော့လည်း၊ အေးနော် တော်တော့်ကို ပြောင်းလဲသွားတာလို့သာ၊
လိုက်လိုက်လျောလျော အဖြေပေးလိုက်မိသည်။ တစ်ခြမ်းပဲ့နေတဲ့၊
တောရဘုန်းကြီးကျောင်းလေးတွေ အရင်တုန်းကရှိတဲ့ ရွာတွေကနေ၊ ကျန်ခဲ့တာ ဆိုတဲ့
အပန်းဖြေစခန်းကြီးထဲက ကျွန်းတိုင်လုံးကြီးတွေ ကြီးမားခန့်ထည်တဲ့
မြို့နယ်ဆိုင်းဘုတ်ကြီးတွေအောက်မှာ၊ မြက်နှုတ်ပေါင်းသင် လုပ်နေကြတဲ့၊
ဒေသခံရွာသူရွာသားတွေရဲ့ အကြောင်းတွေကိုတော့၊ ဆက်ပြီး
အတွေးနယ်ချဲ့မနေချင်တော့ပါဘူးလေ။ အကျင့်ပါနေခဲ့တဲ့၊ နိုင်ငံရေး နဲ့
လူ့အခွင့်အရေးတွေအကြောင်း၊ အတိုက်အခံ စကားတွေကို၊ အခုချိန်မှာ ပြောနေဖို့
မလိုတော့ဘူးမဟုတ်လား။ မသင့်တော်ဘူး မဟုတ်လား။
နိုင်ငံရေးကိစ္စတွေက၊
လွှတ်တော်ထဲကို ရောက်သွားပြီဆိုပေမဲ့၊ ကျွန်မတို့အနေနဲ့၊
လွတ်လပ်ပွင့်လင်းတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေအဖြစ်နဲ့ ရှိနေမှာပါ
ပရိသတ်အားလုံးရဲ့ ရှေ့၊ စင်မြင့်ပေါ်ကနေ၊ စိတ်အားထက်သန်စွာ ပြောနေတဲ့၊
အမျိုးသမီးသည်၊ မကြာသေးခင်က၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဆု
ရထားသူဖြစ်သည်။ သူ့မှာတခြားအဖွဲ့နှစ်ဖွဲ့ကိုလည်း ဦးဆောင်နေသေးသည်ဟု
သိရသည်။
ဟုတ်သည်ပဲ။ ရာနဲ့ချီတဲ့ ပရိသတ်တွေ၊ စည်စည်ကားကား
သိုက်သိုက်ဝန်းဝန်းကြားမှာ၊ အခုလိုစကားမျိုးတွေကို ၊ ၀ံ့ဝံ့စားစား
ပြောနိုင်ဖို့ဆိုတာ၊ မနှစ်တနှစ်ကတုန်းကတောင်၊ မဖြစ်နိုင်လွန်းတဲ့
ကိစ္စတစ်ခုလေ။ ရောက်တုန်းရောက်ခိုက်၊ စာပေမိတ် ဆွေတစ်ယောက်က၊
ဒီနေ့တော်ဝင်နှင်းဆီမှာ၊ အမျိုးသမီးပွဲတစ်ခုရှိတယ်။ ဖိတ်စာမလိုဘူး
လာခဲ့ပါလားလို့ လှမ်းခေါ်တာကြောင့်၊ လေ့လာရအောင်သက်သက် ရောက်လာခဲ့ခြင်းဖြစ်
သည်။ နောက်ဆုံးတန်းက ခုံတစ်ခုံမှာ အသာဝင်ထိုင်ရင်း၊ အခြေအနေကို
စူးစမ်းနေမိသည်။ သတိထားမိတာက၊ များပြားလှတဲ့၊ ကင်မရာကိုင်သတင်းသမားတွေ။
အဲဒီအထဲမှာမှ၊ ခေတ်မီပြီး ပေါ့ပါးဖျတ်လပ်နေတဲ့၊ သတင်းထောက်
မိန်းကလေးငယ်လေးတွေကို အတွေ့ရများတာကလည်း ထူးခြားနေသည်။ ဘေးတဖက်တချက်မှာ
ထိုင်နေတဲ့၊ အမျိုးသမီးနှစ်ယောက်ကို၊ မသိမသာ အကဲခတ်ရင်း၊ မိတ်ဆက်စကားဆို
ကြည့်သည်။ အသက်ပိုကြီးပုံပေါ်တဲ့ အမျိုးသမီးက၊ အန်ဂျီအိုတခုမှာ
အတော်လုပ်သက်ကြာခဲ့ပြီး၊ အခု တခြားအန်ဂျီအိုတခုကို ပြောင်းတာ
သိပ်မကြာသေးကြောင်း၊ အခုဖတ်ကြားနေတဲ့၊ အမျိုးသမီးများနဲ့ဆိုင်သော
ဥပဒေများစာတမ်းကို သူ့မိတ်ဆွေတစ်ယောက်က ကူညီပါဝင်ထားတာလို့ ဆိုသည်။
တခြားဖက်ခြမ်းက၊ အသက်ပိုငယ်ပုံရတဲ့၊ ခပ်ပိန်ပိန် အမျိုးသမီးကတော့၊
စင်ကာပူတက္ကသိုလ်တခုရဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးစကောလာရှစ်တစ်ခုနဲ့
ပြည်သူ့ရေးရာ စီမံခန့်ခွဲမူမဟာဘွဲ့ရထားသူလို့ ဆိုတယ်။ စိတ်ဝင်စားသွားရင်း၊
ခပ်တိုးတိုး စကားဖလှယ်ကြည့်မိသည်။ စင်ကာပူမှာ၊ အလုပ်လုပ်နေရာကနေ၊
ပြန်လာပြီး၊ ဒီက အခြေအနေတွေနဲ့ အခွင့်အလမ်းတွေကို၊ စောင့်ကြည့်နေခဲ့တာ၊
ရှစ်လလောက်တောင် ရှိနေပြီဆိုတော့၊ ပိုလို့တောင် စိတ်ဝင်စားသွားမိသည်။
အစ်မရယ် ဆရာ့ ဆရာကြီးတွေတောင်၊ ပြန်လာပြီး အကြံပေးပဲ လုပ်စားရင် ကောင်းမလား
အကြံအိုက်နေကြ တာ၊ ကျွန်မတို့လို ငချွတ် ကလေးတွေက၊
စမ်းတ၀ါးဝါးပေါ့အကြံကုန်ရင်တော့ ဆားချက်တာပေါ့အစ်မရယ်လို့၊ သူကခပ်သောသောလေး
ပြောသည်။ သူက ဘာအဓိပ္ပါယ်နဲ့ပြောတာလည်းတော့ မသိ။ တနေ့တုန်းက၊ စီနီယာ အစ်မ
တစ်ယောက်နဲ့ ဖုံးပြောဖြစ်တုန်းဟဲ့ ပြန်သာလာခဲ့ ငါတို့ ပရိုပိုဆယ်တွေ
တင်ထားတာရှိတယ်ဆိုတဲ့စကားကို သတိရရင်း၊ စိတ်မသက်မသာ ဖြစ်သွားမိသည်။
အစီအစဉ်တွေ တစ်ခုပြီးတခု ပြောင်းသွားပေမဲ့၊ အတွေးတွေက၊ တစ်နေရာမှာ
ငြိတွယ်ကျန်ရစ်နေသည်။ အခုနောက်ဆုံး အစီအစဉ်အနေနဲ့ လှိုင်သာယာမှ ဆန္ဒပြ
ညီမငယ်လေးများအား စင်ပေါ်သို့ ဖိတ်ခေါ်ပါတယ်ဆိုတဲ့ အခမ်းအနားမှူးရဲ့
အသံအဆုံး၊ လက်ခုပ်သံတွေ ညံသွားတော့မှ၊ အတွေး အာရုံတွေ လူးလွန့်လှုပ်ရှား
သွားရသည်။ သူတို့အထဲက၊ မိန်းကလေးခပ်ငယ်ငယ်တယောက်
ရှေ့ကိုခပ်သွက်သွက်ထွက်လာပြီး၊ စကားပြောခွက်ကို ယူလိုက်သည်။
ကျွန်မတို့အားလုံး လုပ်ခလစာနဲ့ပတ်သက်လို့ တောင်းဆိုနေတာဟာ မတရား
တောင်းဆိုနေတာ မဟုတ်ပါဘူး၊ အခြေခံလစာ ငါးသောင်းဆိုတာ စဉ်းစားကြည့်ကြပါ
စကားမဆုံးခင် လက်ခုပ်သံတွေ ထပ်ထွက်လာပြန်သည်။
ဟုတ်ပေတာပဲ။ ငါတို့တွေ၊ ပြန်လာ အလုပ်လုပ်ကြရင်ရော၊ အခြေခံလစာ ဘယ်လောက်များ ရသင့်ရနိုင်မှာတဲ့လဲ။
ကျောင်းထောင်ကြရအောင်၊ ဂျာနယ်ထုတ်ကြရအောင်၊ခရီးသွား
လုပ်ငန်းလုပ်ကြရအောင်လို့ အဖော်စပ်နေတဲ့ သူငယ်ချင်းတွေ၊ လူမူရေး
အသင်းဖွဲ့ကြရအောင်၊ စာကြည့်တိုက် ဖွင့်ကြရအောင်လို့ ဖိတ်ခေါ်နေတဲ့
မောင်ငယ်ညီမငယ်တွေ၊ ပရောဂျက်တွေရှိတယ် လုပ်စရာတွေ အများကြီးရှိတယ်ဆိုတဲ့
မိတ်ဆွေတွေ၊ ရွှေတူးမယ်၊ ဆီရောင်းမယ်၊ ပစ္စည်းသွင်းမယ်ဆိုတဲ့ စီးပွားရေး
စိတ်ဝင်စားသူတွေကို သတိရရင်း၊ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့
ပြီးဆုံးသွားတဲ့ အခမ်းအနားရဲ့ နောက်ဆုံးတန်းကနေ၊ မတ်တပ်ရပ်လိုက်သည်။
ခန်းမရဲ့ နောက်ဖက်မှာ၊ ဓာတ်ပုံတဖျပ်ဖျပ်ရိုက်နေသူတွေ၊ အသင်းအဖွဲ့အသီးသီးက
တီရှပ်တွေ၊ စာစောင်တွေ ရောင်းချနေသူတွေကို ကျော်ဖြတ်ရင်း၊ ခန်းမအပြင်ကို
ထွက်လိုက်တော့၊ ရန်ကုန်မိုးက၊ တအုန်းအုန်း ရွာလို့နေလေသည်။
တနေ့လုံး တစိမ့်စိမ့် ရွာနေတဲ့၊ မိုးကြောင့်၊ လေယဉ်ပြတင်းမှန်ကနေ၊
လှမ်းမြင်ရတဲ့၊ မင်္ဂလာဒုံလေဆိပ် အဆောက်အဦကြီးက ပိုပြီး
လွမ်းဖို့ကောင်းနေသည်။ တိုက်တိုက်ဆိုင်ဆိုင်၊ လေယဉ်တစင်းလုံး၊ အလွမ်းတွေနဲ့
ဖုံး နေလေမလားတောင် ထင်ရသည်။ ဘာဖြစ်လို့လဲဆိုတော့၊ မလေးရှားကို
သွားကြမည့်၊ လူငယ်လေးတွေ၊ မရှိဘူးဆိုလျှင်တောင် အနည်းဆုံး
အယောက်သုံးဆယ်လောက် ရှိမည်။ ကုတ်အင်္ကျီအနီရောင်လေးတွေ အားလုံးဆင်တူနှင့်
ပြတင်းမှန်အသီးသီး မှာ မျက်နှာလေးတွေကပ်လို့ နေကြသည်။
သွားတဲ့လူတွေက သွားနေကြရဆဲမှာ၊ ပြန်လာချင်တဲ့သူတွေကလည်း၊
ပြန်ရှာနေကြဆဲပင်။ သွားလိုတဲ့အချိန်မှာ သွားနိုင်ပြီး၊
ပြန်လာချင်တဲ့အချိန်မှာ အပြန်သာနိုင်တဲ့ အခြေအနေတခုဖြစ်သင့်တာပေါ့ဆိုတဲ့
မျှော်မှန်းချက်က၊ ယေဘုယျအားဖြင့်တော့၊ ပြောလို့ ကောင်းသားပင်။ တကယ်တော့
သွားမဲ့သူတွေ၊ ပြန်မဲ့သူတွေ၊ နေမဲ့သူတွေဆိုတာ၊ ခေတ်စနစ်ရဲ့
အပြဋ္ဌာန်းခံမျိုးဆက်တွေသာ ဖြစ်တာမို့၊ အားလုံးဟာ၊
လူမူစီးပွားလှိုင်းလုံးတွေနဲ့ နိုင်ငံရေး မုန်တိုင်းတွေကြားမှာ၊
တက်လိုက်ကျလိုက်၊ ထွက် လိုက်ဝင်လိုက် ဖြစ်နေကြရဦးမှာပဲပေါ့။
အပြောင်းအလဲဆိုတာကလည်း လှိုင်းလုံးကြီးတလုံးပဲ မဟုတ်လား။
လေယဉ်ကြီးက၊ ကောင်းကင်ပေါ် ပျံတက်နေပြီမို့၊ မှန်ပြတင်းကနေ
အကြည့်လွှဲရင်း၊ လေယဉ်အတက်မှာ ယူလာတဲ့၊ ရန်ကုန်မြို့ထုတ်၊ အပတ်စဉ်
သတင်းဂျာနယ်တစောင်ကို၊ ကောက်ကိုင်လိုက်သည်။ ဟုတ်ပါတယ်၊
မြန်မာပြည်ကြီးပြောင်းလဲနေပြီပဲ။ ကမ္ဘာ့စင်မြင့်ပေါ်မှာ၊ ရဲဝံ့တည်ကြည်စွာ၊
မိန့်ခွန်းပြောနေတဲ့၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်သည်၊ သတင်းဂျာနယ်၏၊ မျက်နှာဖုံးထက်မှာ
အထင်အရှား။ ဘေးခုံတချို့ကို ဝေ့၀ဲကြည့်လိုက်ရင်း ပြည်ပမှာ
နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်လို့
သူမပြောသွားတဲ့ အဖြေစကားတချို့ကို သတိရမိသွားသည်။ ကွာဟမှုတွေကို
နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမယ်တဲ့။ ပြီးတော့ သူမရဲ့ခပ်သောသောလေးပြော
သွားတဲ့၊ ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်နေတဲ့ အရာတွေ။ Shakers ၊
Movers ၊ Doers တွေတဲ့လေ။ သူမက၊ မြန်မာစကားကို ပီပီသသ
ရေးစေချင်ပြောစေချင်သည်မို့၊ အဲဒီ အင်္ဂလိပ်စာလုံးအတွဲလေးကို၊ အနီးစပ်ဆုံး
ဆီလျော်အောင်၊ ကြိုးစားပြီး၊ မြန်မာစကားနဲ့ ဖလှယ်ကြည့်မိသည်။ Shakers
ဆိုတာက ခေါင်းလောင်းထိုးသူတွေပေါ့။
Movers ဆိုတာက နွံထဲမှာ၊ လှည်းဘီးတွန်းသူတွေပေါ့။ Doers ဆိုတာကိုတော့ စကားလုံးသက်သက်နှင့် ဖွင့်ဆိုဖို့ မဖြစ်နိုင်ပေ။
၁၀ နာရီ ၅၂ မိနစ်၊ ၂၅ ဇူလိုင်၊၂၀၁၂
EMG |
No comments:
Post a Comment