မတရားသိမ်းယူ၊ ပေးသလောက်နဲ့ ကျေနပ်ကြ စတာတွေအပြင် သိမ်းယူလယ်ယာမြေတွေမှာ
အသက်ရှုကျပ်လောက်တဲ့ သီးစားခတွေနဲ့ ပြန်အမြတ်ထုတ်ကြ၊ လျော်ကြေးငွေ
အဆသုံးရာလောက်ရှိတဲ့ တန်ဖိုးနဲ့ မြေကွက်ဖော် ရောင်းစားနေကြတာ ချစ်တီးခေတ်က
လယ်ယာသိမ်းစနစ်ထက်ပိုပြီး အကျည်းတန် အရုပ်ဆိုးပါတယ် . . .
|
|
|
|
|
ကျွန်တော်ဟာ သာမန်လယ် သမားမိဘတွေက မွေးဖွားပြီး
ငါးပိရည်ကျိုချိုချိုလေးကို ၀အောင်စားခဲ့ရတဲ့ မြို့ကြီးရောက်
တောသာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် တောသူတောင်သား လယ်သမားအများစုဟာ
ငါးပိရည်ကျို ကို မစားနိုင်ကြတော့ပါဘူး။ အညံ့စား ငါးပိစိမ်းစားနဲ့ ငရုတ်
သီးဆားထောင်းကိုတောင် ငရုတ်ဈေးကောင်းရင် စပ်စပ်အာသီသမပြေနိုင်ကြတော့တဲ့
ဘ၀ပါ။
ယခုအချိန်အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်ဝင်ငွေဟာ လယ်ယာထွက်ကုန်(ဆန်၊ ပဲမျိုးစုံ)အပေါ် အဓိက မှီခိုနေရတုန်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းရှိတဲ့ တောင်သူလယ်သမား တွေ၊
ဒီလယ်သမားတွေအပေါ် မှီခိုပြီး ရောင်းဝယ်စားနေတဲ့ ဈေးသည်၊
ကုန်သည်မြို့နေလူတန်းစားတွေ၊ အာဏာပိုင်အချို့နဲ့ ၎င်းတို့
ပါဝင်ပတ်သက်နောက်ခံပေးထားတဲ့ ခရိုနီကြီးတွေ၊ ၎င်းတို့ရဲ့ လက်ဝေခံလုပ်ငန်း
ရှင်ကုန်သည် ပွဲစားစသည်ဖြင့် လယ်ယာကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူး
ရောင်းချမှုယန္တရားကြီးထဲမှာ ကဏ္ဍအလိုက် အသီးသီး ပါဝင်ပတ်သက်နေကြရပါတယ်။
ဒီအထဲမှာ အခြေခံအကျဆုံး ဖြစ်တဲ့ ထုတ်လုပ်သူတောင်သူလယ် သားမားများဟာ
၁။ ရာသီဥတု မဖောက်မပြန်မှန် ကန်မှု ၂။ အဖျက်ပိုးမွှားမကျရောက်မှု ၃။
သွင်းအားစုများဖြစ်သော ထွန် ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းစရိတ်၊
မြေဆီမြေသြဇာနှင့် လယ်ယာသုံး ပစ္စည်းများပြည့်စုံလုံလောက်မှု၎။
သီးနှံပေါ်ချိန် သင့်တင့်မျတသော ဈေးနှုန်းရရှိမှုစတဲ့ အချက်တွေနဲ့ ပြည့်စုံမှ
အဆင်ပြေရုံရှိကြတာပါ။
ဒါပေမယ့် ဖောက်ပြန်လာတဲ့ ရာသီဥတုကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း
ရိတ်သိမ်းချိန်အခါမဲ့ မိုးရွာသွန်းခြင်း၊
အဖျက်ပိုးမွှားများကျရောက်ခြင်းတွေကို နှစ်စဉ်လို ကြုံတွေ့နေကြရတာပါ။
ဒီကြားထဲ တစ်နှစ်ပြီးတစ်နှစ် လယ်ယာလုပ်သားရှားပါးမှုကြောင့် ကုန်ကျစရိတ်
ကြီးမြင့်လာမှု၊ သွင်းအားစုအတွက် လုံလောက်တဲ့ အမတော်ကြေးမရတာကြောင့်
ပြင်ပမှမြင့်မားတဲ့ အတိုးနှုန်းဒဏ်၊ စံချိန်စံညွှန်းမမီတဲ့ မြေဆီမြေသြဇာ၊
ပိုးသတ်ဆေး၊ လယ်ယာသုံး ပစ္စည်းတွေကို မတန်တဆ အမြတ်ကြီး
ပေးဝယ်ယူသုံးစွဲရခြင်း၊ သီးနှံပေါ်ချိန် အမြဲဈေးနှုန်း ကျဆင်းနေမှုအပါအ၀င်
ထွက်ကုန်အပေါ် အာမခံချက် ဘာမှမရှိတဲ့ လယ်သမားတွေအတွက် ဆင်းရဲတွင်းက
တိမ်လာဖို့ အကြောင်းမမြင်ပါဘူး။
ကြွေးဟောင်းမထပ်ဘဲ ကြွေးသစ်ယူရတဲ့ လယ်သမားဟာ အသက်ရှုချောင်သေးတယ်လို့
ပြောရမှာပါ။ အများစုကတော့ အတိုးနဲ့အရင်း ဖဲ့ဆပ်ရင်း အကြွေးသံသရာထဲမှာ
နစ်ကြသူတွေများပါတယ်။ အသက်ရှုချောင်ဖို့ တစ်နှစ်တလေ
ကြုံတောင့်ကြုံခဲသီးနှံဈေး ကောင်းပြန်တော့ အမိန့်ညွှန်ကြားချက်တွေကြောင့်
ဝမ်းသာရမှာလား။ ၀မ်းနည်းရမှာလား မိသိန်းကြည် ဇာတ်လမ်းကလာပြန်ရော။
ဥပမာပြောရရင် ၂၀၁၀ ပြည့်နှစ် သီးနှံပေါ်ချိန်မှာ စပါးချောဈေးကျပ် ၅၈၀၀၀၀
နဲ့ စပါးကြမ်းဈေး ကျပ် ၄၂၀၀၀၀ ဈေးနှုန်းပေါက်အ၀ယ်လိုက်နေရာက ၂၀၁၀
ဒီဇင်ဘာလ ၃-၄ ရက်မှာ တပ်မတော်ရိက္ဓာ ဆန်ဝယ်ရန်အတွက် စပါးကြမ်းများကို ကျပ်
၃၆၀၀၀၀ ထက်ပိုမ၀ယ်ရလို့ စက်ပိုင်၊ ကုန်သည်တွေကို ညွှန်ကြားချက်ထုတ်ပါတယ်။
နေ့ချင်း စပါးဈေးချပေးလိုက်ရပါတယ်။ အလားတူ ပြည်တွင်းစားသုံးမှု ဖူလုံရေး၊
အခြေခံစားကုန်ဈေးနှုန်း ကြီးမြင့်မလာစေရေးစတဲ့ စေတနာထား
ဟန့်တားကန့်သတ်အမိန့် အမျိုးမျိုးတွေကြောင့်လည်း ဆန်စပါးဈေးနှုန်း
ကျဆင်းမှုဒဏ်ကို လူနင်းပြား တောင်သူလယ်သမားတွေပဲ ခံကြရပါတယ်။
လူနင်းပြားတွေအတွက် ဆန်ကလွဲလို့ အခြားလူသုံးကုန် စားကုန်များမှာတော့
ဈေးမကျနိုင်လို့ မိအေးနှစ်ခါနာရပါတယ်။
တောင်သူလယ်သမားတွေ လှေဦးမစိုမှတော့ သူတို့ကို မှီခိုနေကြရတဲ့
မြို့ငယ်လေးတွေမှာ အရောင်းအ၀ယ် ခြောက်ခန်းပြီး မြို့ကြီးများအထိ
ဂယက်လာရိုက်ပါတယ်။
ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းမှု၊ မြန်မာငွေတန်ဖိုး တက်လာမှု ဂယက်တွေထဲမှာ
လယ်သမားတွေ အလူးအလဲခံရပေမယ့် ဒီလယ်ယာကဏ္ဍ ယန္တရားကြီးထဲမှာ ဂယက်ဒဏ်မခံရဘဲ
အထိုက်အလျောက် အကျိုးအမြတ်တွေ ခံစားနေကြရသူတွေကတော့ မြန်မာ့ဈေးကွက်၊
ကမ္ဘာ့ဈေးကွက်၊ ငွေကြေးဈေးကွက်တွေနဲ့ အမိန့် ကြေညာသတင်းအချက်အလက်တွေကို
လက်ဦးမှုရယူနိုင်ကြတဲ့ ဖွင့်နိုင်၊ ပိတ်နိုင် ရွှေသော့ကိုင်
ခရိုနီဆရာကြီးများပဲ ဖြစ်ကြပါတယ်။
မတရားသိမ်းယူ၊ ပေးသလောက်နဲ့ ကျေနပ်ကြ စတာတွေအပြင် သိမ်းယူလယ်ယာမြေတွေမှာ
အသက်ရှုကျပ်လောက်တဲ့ သီးစားခတွေနဲ့ ပြန်အမြတ်ထုတ်ကြ၊ လျော်ကြေးငွေ
အဆသုံးရာလောက်ရှိတဲ့ တန်ဖိုးနဲ့ မြေကွက်ဖော် ရောင်းစားနေကြတာ ချစ်တီးခေတ်က
လယ်ယာသိမ်းစနစ်ထက်ပိုပြီး အကျည်းတန် အရုပ်ဆိုးပါတယ် . . .
|
ယနေ့ခေတ် တောင်သူလယ်သမားတွေကို ချွေတာစုဆောင်းကြပါ။ နှစ်လုံး၊
သုံးလုံးမှာ မဖြုန်းကြဖို့ မိန့်ခွန်းတွေ ခြွေလေပြေတွေ
ဖြန်းနေတာတွေကြားရတော့ ရယ်ချင်မိပါတယ်။
ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝ ၀န်းကျင်ဈေးကွက်တွေ မဆန်းစစ်၊ လုံလောက်တဲ့
ထောက်ပံ့မှု အမတော်ကြေး၊ နည်းပညာ သတင်းအချက်အလက် မပံ့ပိုးပေးဘဲ ဂုန်လျော်၊
စပါးပြီးစပါး၊ ဆောင်းစပါး၊ နွေစပါး တာဝန်ကျေစတဲ့ အမိန့်ကြေညာ
အာဏာတွေအောက်မှာ တောင်သူတွေ အရင်းပျောက်ပြီး ဆင်းရဲတွင်း
ရောက်ခဲ့တာကြာပါပြီ။ ခေတ်အခါ ကောင်းစဉ်က စုဆောင်းထားခဲ့တဲ့
ရွှေတိုရွှေစတွေလည်း အပေါင်ဆိုင်မှာတင် ပျောက်မူးနောက် လို့တောင်
ရှုစရာရှားသွားပါပြီး။
ဒီကြားထဲ မြွေပူရာကင်းမှောင့်လို့ လယ်ပျောက်ယာပျောက်သူတွေ၊ လယ်ပိုင်ဘ၀က
သီးစားခပေးကျေးကျွန် ဖြစ်သွားရသူတွေလည်း မနည်းကြပါဘူး။
စီမံကိန်းအမျိုးမျိုး အကြောင်းပြ ဖိအားပေးခြိမ်းခြောက် မတရားသိမ်းယူ၊
ပေးသလောက်နဲ့ ကျေနပ်ကြစတာတွေအပြင် သိမ်းယူလယ်ယာမြေတွေမှာ
အသက်ရှုကျပ်လောက်တဲ့ သီးစားခတွေနဲ့ ပြန်အမြတ်ထုတ်ကြ၊ လျော်ကြေးငွေ
အဆသုံးရာလောက်ရှိတဲ့ တန်ဖိုးနဲ့ မြေကွက်ဖော်ရောင်း စားနေကြတာ ချစ်တီးခေတ်က
လယ်ယာသိမ်းစနစ် ထက်ပိုပြီး အကျည်းတန် အရုပ်ဆိုးပါတယ်။
အခု ပြည်သူ့လွှတ်တော်က လယ်ယာမြေသိမ်းယူ တိုင်တန်း၊ အသနားခံမှုတွေကို
စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ သဘောတူလိုက်တာကို
ကြားရပါတယ်။ တောင်သူလယ်သမားဦးကြီးများအတွက် တစ်ပိုင်း ၀မ်းသာရပါတယ်။
ဘယ်လောက်တောင် ဆင်းရဲလို့ ဆင်းရဲမှန်းမသိရှာကြတဲ့ ကျေးဇူးရှင်
တောင်သူလယ်သမားများအပေါ် စာနာငဲ့ညှာစွာ ညှိနှိုင်းဆောင်ရွက်
ပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ |
|
|
|
No comments:
Post a Comment