menu

Sunday 5 August 2012

ရှော့ရိုက်ငါးဖမ်းခြင်းကြောင့် ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သား အတူတကွ ငါးဖမ်းသည့် အလေ့ အထ ပျောက်ကွယ်လုနီးပါးဖြစ်လာ

ရှော့တိုက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ။
ဓာတ်ပုံ-ကိုဝီရ

ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဖြင့် ရှော့တိုက်ငါးဖမ်းနေကြသည့် သူများကို တွေ့ရစဉ်။
ဓာတ်ပုံ-ကိုဝီရ
ရှော့ရိုက်ငါးဖမ်းခြင်းကြောင့် မြန်မာတစ်နိုင်ငံတည်းတွင်သာ တွေ့ရသော ထူးခြားသည့် လင်းပိုင်နှင့် ရေလုပ်သား အတူတကွငါးဖမ်းသည့် အလေ့ အထ ပျောက်ကွယ်လုနီး ဖြစ်နေကြောင်း ဧရာဝတီလင်းပိုင် လေ့လာသူ များက ပြောသည်။
"၂၀၁၂ ခု မေလထဲမှာ လင်းပိုင် ထိန်းသိမ်းရေးဧရိယာထဲကို ရောက် တော့ လျှပ်စစ်ရှော့တိုက်နေတဲ့လှေက ရှိမ်းမကားနဲ့ မြေစွန်းကြားထဲမှာ ခြောက်စီး၊ စိန်ပန်းကုံးနားမှာ ငါးစီး၊ အင်တောင်းအရှေ့ဘက်ခြမ်းမှာ ငါးစီး၊ ကမ်းဖြူမှာ ငါးစီး၊ မှော်ဦးမှာ ၁၂ စီး၊ စည်ပင်ကျွန်းနဲ့ မြစ်ကမ်းကြီး နားမှာ ငါးစီး တွေ့တယ်။ နောက် လျှပ်စစ်နဲ့ ပိုက်ချပြီးဖမ်းတာ နှစ်ခု တွေ့တယ်။ ထုံးကြီးမှာ ခြောက်စီးတွေ့တယ်။ လင်းပိုင်ကတော့ ပထမ တစ်ခေါက် လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရောက်တုန်း ကဆိုရင် ၂၇ ရက် သွားတာ ၂၅ ရက်က လင်းပိုင် တွေ့ရတယ်။ လူနဲ့ လင်းပိုင်နဲ့ အတူ ငါးဖမ်းတဲ့ဓလေ့ကိုလည်း တွေ့ရ တယ်။ အခုနောက်ဆုံးရောက်ခဲ့တဲ့ အခေါက်မှာ ၁၈ ရက်သွားတာ ၁၁ ရက် လောက်ပဲ လင်းပိုင်တွေ့ရတယ်။ ဒါပေမယ့် ခုနစ်ရက်လောက်က လှေနား ကို လုံးဝကပ်မလာဘူး။ လှေနား ကို ခေါ်ပေမယ့် အနီးအနားမှာ စက်လှေသံ ကြားတာနဲ့ ထွက်ပြေးရော။
အမူအကျင့် က တော်တော်ပြောင်းသွားတယ်။ ဒီထိန်းသိမ်းရေး နယ်မြေ ထဲမှာတောင် ရှော့တိုက်တဲ့ လှေက အစီးသုံးလေးဆယ် တွေ့ရတော့ သူတို့လည်း ရှော့ဘယ်လောက် ထိထားသလဲမသိဘူး။ ညဘက်ဆို လည်း ရှော့တိုက်တဲ့ လှေတွေက မီးတွေ လင်းထိန်ပြီး ပွဲဈေးကျနေတာပဲ။ ဂျင်နရေတာသံတွေလည်း ကြားရတယ်။ ဒီတစ်ခေါက်ကတော့ တော် တော်ဆိုးဆိုး ၀ါးဝါးပဲ နေ့ခင်းတောင် ရှော့တိုက်ငါးဖမ်း တာတွေတွေ့ ရတယ်" ဟု မေလတွင် ဧရာဝတီမြစ်အတွင်း မှတ်တမ်းဗီဒီယို ရိုက်ကူး ခဲ့သော ကိုဝီရက ပြောသည်။ ရှော့ရိုက်ငါးဖမ်းခြင်း၏ အကျိုးဆက် အဖြစ် လင်းပိုင်များ၏ နေထိုင်ကျက်စား မှုအနေအထားလည်း ပြောင်းလဲလာ ကြောင်း ၎င်းက ပြောသည်။
"အရင်ကဆို အုပ်ကွဲတွေ့ရတယ်။ နှစ်ကောင်တစ်စု၊ လေးကောင်တစ်စု စသည်ဖြင့်ပေါ့။ နောက်ပိုင်းကျတော့ လင်းပိုင်ကလည်း အုပ်စု ဖွဲ့နေလာတယ်။ ရှော့အန္တရာယ်ကို ကြောက်တာလည်း ပါမှာပေါ့။ နောက် ငါးဖမ်းဖို့ လင်းပိုင်ကို ခေါ်ရတာလည်း ခက်လာတယ်။ ဘာလို့ လဲဆိုတော့ အရင်တုန်း က ငါးဖမ်းတဲ့လှေတွေက ရိုးရိုးတက်နဲ့ပဲ လှော်တာ။ နောက်ရှော့တိုက်တဲ့လှေတွေ ပေါ်လာတော့ သူတို့က ပြေးဖို့ လိုတော့ မော်တာတွေ သုံးကြတယ်။ လင်းပိုင်က ဒီစက်သံကို ယဉ်ပါးလာပုံပဲ။ ဒီတော့ စက်လှေသံကြားရင် ထွက်ပြေး ကြပုံရ တယ်။ ရိုးရိုးကြည့်ချင်လို့သွားတဲ့ ခရီး သွားတွေက စက်လှေနဲ့ သွားရင်တောင် တွေ့ရဖို့ မလွယ်ဘူး။ ဒီအင်ဂျင်စက်သံက သူ့အတွက် အန္တရာယ်လို့ မြင်လာပုံရ တယ်။ ဒါကြောင့် ဧရာဝတီမြစ်ထဲမှာ လင်းပိုင်ကို တွေ့ရမှုနည်းလာတယ်" ဟု ယခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ခရီးသွားခဲ့သော ဦးစိန်မျိုးမြင့်က ပြောသည်။
ကွန်ပစ်ရေလုပ်သားနှင့် လင်းပိုင် အတူတကွ ငါးဖမ်းသည့်ဓလေ့တွင် ရေလုပ်သားက လင်းပိုင်အား သစ်သားလှေနံရံကို သစ်သား ချောင်းဖြင့် ခေါက်ကာ အတူတကွငါးဖမ်းကြရန် အချက်ပြခေါ်ယူပြီး လင်းပိုင်က ငါးများများဖမ်းမိ နိုင်မည့်နေရာသို့ ရေလုပ်သားအား လမ်းပြခေါ်ဆောင်ခြင်း၊ ငါးအုပ်ကို စုပေးခြင်း၊ ကွန်ပစ်ရန် ၎င်း၏ အမြီးဖြင့် ရေပြင်ကိုရိုက်ကာ အချက်ပေးခြင်း စသည်ဖြင့် ဒေသတံငါ သည်များနှင့် အပြန်အလှန် ဆက်သွယ်ကာ ငါးဖမ်းကြခြင်း ဖြစ်ကြောင်းသိရသည်။
"လင်းပိုင်က ပိုက်ထဲကနေထွက်နေတဲ့ငါးလေးတွေ၊ ကွန်ထိပ်မှာ တပ်ထား တဲ့ခဲသီးနဲ့ရိုက်မိပြီး သဲထဲမှာ ကျနေတဲ့ ငါးလေးတွေကို လိုက်စားတယ်။ သူလည်း အစာရ၊ တံငါလည်း ငါးများများ ရတာပေါ့။ တံငါသည်ကလည်း သူ့ဘာသာသူ ဖမ်းမယ်ဆိုရင် တစ်နေကုန် ဖမ်းလည်း ငါးက အဲလောက်ရချင်မှရမှာ" ဟု ဦးစိန်မျိုးမြင့်ကပြောသည်။
" လင်းပိုင်ကလည်း မလာတော့ဘူး။ ဒီတော့ တံငါသည်ကလည်း ကွန်ပစ်ရတာ ငါးမရတော့ တံငါမလုပ်နိုင်တော့ဘူး။ ဒီတော့ တံငါ သည်နဲ့ လင်းပိုင်နဲ့ အတူ ငါးဖမ်းတဲ့ဓလေ့ကလည်း ပျောက်လာတယ်"ဟု ကိုဝီရက ပြောသည်။
"လင်းပိုင်ထိန်းသိမ်းရေးနယ်မြေထဲ မှာတင်မဟုတ်ဘဲ ဧရိယာတိုင်းမှာ ငါးဖမ်းစနစ်တွေက တော်တော်ဆိုးလာတယ်။ ရှော့တိုက်ငါးဖမ်း တာတွေက များလာတယ်။ ဒါပေမယ့် သူတို့ကိုမိဖို့က မလွယ်ဘူး။ သူတို့က စက်အားကောင်းတဲ့လှေတွေနဲ့သွားတယ်။ ရှော့တိုက်တာ က လည်း အရင်ကလို ဘက်ထရီအိုးနဲ့ တိုက်တာမဟုတ်ဘဲ မီးစက်ပါတင် တိုက်တာမျိုး ဖြစ်လာတယ်။ ရှော့တိုက်တာက ငါးသေး ငါးမွှားလေးတွေပါ သေတာလေ။ သူက ငါးဖမ်းသလို မဟုတ်ဘူး။ အနားအနားမှာရှိတဲ့ သက်ဆိုင်တဲ့ ရေနေသတ္တ၀ါတွေ အားလုံး ပိုးမွှားကအစပါ သေတာဆိုတော့ အန္တရာယ်ကြီးတယ်။ အဲဒါကိုလည်း သက်ဆိုင်ရာ နယ်မြေတွေမှာ တရားမ၀င်ငါးဖမ်းတာကို အရေး ယူဖို့ ဆိုတာရှိပေမယ့် အရေးယူမှု အပိုင်းမှာ တော်တော်အားနည်းတာကို တွေ့ရတယ်။ ပြီးတော့ ဒါကြီးကလည်း ကြီးထွားလာတယ်။ ငါးရှော့တိုက်တာ ထိန်းသိမ်းရေးနယ်မြေထဲမှာတောင် လှေတွေ အများကြီးရှိနေတယ်။အဲဒါ သိပ်ဆိုးလာတာပေါ့၊ ဧရာဝတီမြစ်ထဲမှာ ငါးရှားလာတာ အဲဒါလည်း အချက် တစ်ချက်ပါတာပေါ့။ လျှပ်စစ်ရှော့တိုက် ငါးဖမ်းတာတွေက အထက်ပိုင်းဧရာဝတီသာမကဘူး အောက်ပိုင်းဒေသ တွေမှာလည်း ငါးဖမ်းနည်းစနစ်တစ်ခုလို ဖြစ်နေတာ။ မလုပ်သင့်တဲ့ဟာကို ထိထိ ရောက်ရောက် အရေးမယူတော့ တွင်ကျယ်နေတယ်" ဟု ဦးစိန်မျိုးမြင့် က ပြောသည်။
ဧရာဝတီလင်းပိုင်များထိန်းသိမ်း ကာကွယ်ရေးအတွက် ၂၀၀၅ ဒီဇင်ဘာလတွင် မန္တလေးတိုင်းဒေသကြီး မင်းကွန်းနှင့်ကျောက်မြောင်း ကြား ၇၄ ကီလိုမီတာ ကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နယ်မြေအဖြစ် မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးဌာနတို့က သတ်မှတ်ခဲ့ကြကာ တစ်လလျှင် နှစ်ကြိမ် ကင်းလှည့်ကာ တရားမ၀င်ငါးဖမ်းသူများအား အရေးယူခြင်း၊ ဒေသခံများအား ဧရာဝတီလင်းပိုင်နှင့်ပတ်သက် ကာ အသိပညာပေးခြင်း၊ ကာကွယ်ထိန်း သိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လာနိုင်ရန် ပညာပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သားငှက်ထိန်းသိမ်းရေး ဌာန၊ လင်းပိုင်စီမံကိန်းမှ ညှိနှိုင်ရေး အရာရှိ ဦးအောင်မျိုးချစ်ကပြောသည်။
"၂၀၀၆ ကနေ ၂၀၁၁ လောက်ထိက ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့် ရှောက်ရေးမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုက အရမ်း ကောင်းတယ်။ ခုနောက်ပိုင်းမှာတော့ ဒီလိုပူးပေါင်း ဆောင်ရွက်နေတဲ့ ဒေသခံတွေကိုတောင် ရှော့ရိုက်ငါးဖမ်းသမားတွေက ခြိမ်း ခြောက် လာတာမျိုးတွေ ရှိလာတဲ့ အတွက် သတင်းအချက်အလက်ရတာလည်း နည်းလာတယ်။ အရင်တုန်းကဆို ရှော့တိုက်တဲ့ လှေ တွေက တစ်စီး နှစ်စီး သွားနေတာကနေ အခုနောက်ပိုင်း ခြောက်စီး၊ ခုနစ်စီး စုပြီး အုပ်စုဖွဲ့ဖမ်း လာကြတဲ့ပုံစံမျိုး ဖြစ်လာတယ်။ ဒီတော့ သွားဖမ်းတဲ့၊ ကင်းလှည့်တဲ့လှေကတစ်စီးပဲသွားတာ။ အလွန်ဆုံးပါမှ လူခြောက် ယောက်လောက်ပဲပါတာ။ ရှော့လှေတွေ မှာက တစ်စီးကို နှစ်ယောက်နှုန်းနဲ့ဆိုရင် လှေခြောက်စီးလောက်ဆို ၁၂ ယောက် ဖြစ်နေပြီ။ နောက်သူတို့မှာ ငါးထိုးတဲ့ မှိန်းတို့၊ ဓားတို့ပါသေး တာ။ ယှဉ်ဖမ်းလို့ မရဘူး။ ဒါကို သေသေချာချာ ထိန်းဖို့ ဆိုရင် အုပ်ချုပ်ရေးပိုင်းကရော၊ တရား ရေးပိုင်းကရော အားလုံး ၀ိုင်းပါဝင်ကြမှ ရမှာ"ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီနှင့် မေလများ တွင် ဧရာဝတီလင်းပိုင်သေဆုံးမှု နှစ်ကြိမ် သတင်းရရှိထားသည့်အနက် မေလတွင် သေဆုံးခဲ့ သော လင်းပိုင်တွင် လျှပ်စစ်ပိုက်ဖြင့် ထိခိုက်မိသည်ဟုယူဆရဖွယ်ရှိ သောဒဏ်ရာများ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
"မေလ ၆ ရက်နေ့က မန္တလေး အနောက်ဘက်ကမ်း ဆင်ရွာနားမှာ ဧရာဝတီလင်းပိုင်တစ်ကောင်သေတယ်လို့ သတင်းရတယ်။ အရွယ် ရောက်ပြီးသား အကောင်ပေါ့။ အရွယ်အစား ခြောက်ပေကျော်တယ်။ ဘာကြောင့် သေလဲဆိုတာကတော့ ခန့်မှန်းရခက် သွားပြီ။ လည်ပင်းမှာ အစင်းကြီးတွေက တော့ မပျောက်ဘူး။ ကျန်တာတစ်ကိုယ်လုံးကတော့ ပွပြီးတော့ ပုပ်နေပြီ။ ရှော့မိတာ၊ ပိုက်ငြိတာလို့ ခန့်မှန်းကြ တယ်" ဟု ၎င်းက ပြောသည်။
မျိုးသုဉ်း ပျောက်ကွယ်လုနီးဖြစ်သော ဧရာဝတီလင်းပိုင်များမှာ တရားမ၀င် ငါးဖမ်းခြင်းများကြောင့် နောင် ၁၀ နှစ် အတွင်း အလျင် အမြန်ကွယ်ပျောက်သွား နိုင်သည့် အခြေအနေသို့ ကျရောက်နေ ကြောင်း ၎င်းက ပြောသည်။
"လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာက အဓိကလင်းပိုင်တွေရဲ့ အစာရင်းမြစ်ကို ထိခိုက်စေတယ်။ ရှိတာကလည်း အကောင်ရေ ၁၀၀ အောက်ဆိုတော့ တစ်နှစ်ကို အရွယ်ရောက်ပြီး အမ တစ်ကောင်ပဲ သေမယ်ဆိုရင်တောင် နောက်ဆယ်နှစ်အတွင်း မျိုးပြုတ်သွား နိုင် တယ်။ သူတို့ရဲ့ သားပေါက်နှုန်းက လည်း သုံးနှစ်မှ တစ်ကြိမ် သားပေါက်တာ၊ အရွယ်ရောက်နှုန်းကလည်း နှေးတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ ကချင်ပြည်နယ် ဗန်းမော် မြို့နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ကြားတွင် မျက်မြင်ရေတွက် နိုင်သောလင်းပိုင်ကောင်ရေ ၇၇ ကောင် ရှိကာ အဆိုပါမြစ်အစိတ်အပိုင်းတွင် စုစုပေါင်းကောင်ရေ ၈၇-၉၀ ခန့်ရှိမည် ဟု ခန့်မှန်းကြောင်း သိရသည်။ ဧရာဝတီလင်းပိုင်နှင့် ဒေသခံကွန် သမားများ အတူတကွငါးဖမ်းသည့် အလေ့အထမှာကမ္ဘာပေါ်တွင် အဆိုပါ ထိန်းသိမ်း ရေးနယ်မြေတစ်ခုတည်းတွင် သာ တွေ့ရသည့် နှစ်ပေါင်းရာချီ ရှိနေခဲ့ သောယဉ်ကျေးမှုပြယုဂ်တစ်ခု ဖြစ် ကြောင်း ဦးအောင်မျိုးချစ်က ဆိုသည်။
"ထိန်းသိမ်းရေးနယ်မြေသတ်မှတ် တာ ဒီရိုးရာဓလေ့မပျောက်အောင် ဆိုတာလည်း ရည်ရွယ်ချက်တစ်ခု ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဧရာဝတီ လင်းပိုင်ကောင်ရေ ၂၀ကျော်လောက် ရှိတဲ့ ဒီနေရာလေးမှာပဲ ဒီဓလေ့က ရှိတာလေ။ ဧရာဝတီမြစ်ကြောင်းမှာ ရှိတဲ့ အခြား ဧရာဝတီလင်းပိုင်တွေ့ရတဲ့ နေရာတွေမှာတောင် ဒီဓလေ့မတွေ့ ရဘူး။ နောက်ဒီဓလေ့ကလည်း နှစ်ပေါင်း များစွာကြာပြီ" ဟု ၎င်းက ပြောသည်။
ရှော့ရိုက်ငါးဖမ်းခြင်းများ တားဆီးရန် နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော် ဆောင်ရွက်နိုင် ရန်အတွက် အလွှာအသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုရရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြသန်းထွန်းက ပြောသည်။
"ရှော့ရိုက်ငါးဖမ်းတာတွေက မနှစ်က နဲ့ ဒီနှစ်ထဲမှာ သိသိသာသာ များလာတယ်။ ကျွန်တော်တို့လည်း ဖမ်းတော့ ဖမ်းတာပဲ။ ဒါပေမယ့် အခုက ရှော့ရိုက်ငါးဖမ်း တဲ့သူတွေက လှေခြောက်စီး၊ ခုနစ်စီးအဖွဲ့ နဲ့ ဖြစ်နေတယ်။ နောက် လောက်လေးတွေ၊ ဂျင်ကလိတွေနဲ့။ ကျွန်တော်တို့ လိုက်ဖမ်းတဲ့သူတွေမှာက ဘာမှပါတာ မဟုတ်ဘူး။ သူတို့အချင်းချင်းတောင် ငါးဖမ်းရင်း ရန်ဖြစ်ပြီး ဓားနဲ့ခုတ်ကြတာ တွေ မကြာခဏဖြစ်တယ်။ အသာ တကြည် အဖမ်းခံမယ့်သူတွေမဟုတ် ဘူး။ လင်းပိုင်နဲ့ ငါးဖမ်းတဲ့သူတွေကို လည်း ရန်မူတဲ့အတွက် သူတို့လည်း မဖမ်းရဲကြဘူး။ လင်းပိုင်နဲ့ ငါးဖမ်းတဲ့သူတွေက တစ်စီး၊ နှစ်စီးဖမ်းတာ။ ဟိုက အုပ်လိုက် ကြီးဆိုတော့ ကျွန်တော်တို့တွေ ပေးထား တဲ့ လင်းပိုင်ထိန်းသိမ်းရေးတံဆိပ်ပါတဲ့ အင်္ကျီတွေတောင် မ၀တ်ရဲဘူး။ ၀တ်ရင် သူတို့ကို ရန်လုပ်သွားမှာစိုးလို့။ လင်းပိုင် နဲ့ ငါးဖမ်းတဲ့သူက ကျွန်တော်တို့လူဆိုတာ သိနေတာကို။ ကြာရင် လင်းပိုင်နဲ့ ရေလုပ်သား အတူ ငါးဖမ်းတဲ့အလေ့အကျင့် ပျောက်သွား မလားတောင် မပြောတတ် ဘူး"ဟု ၎င်းက ပြောသည်။
"ဒါကို ထိထိရောက်ဆောင်ရွက်ဖို့က တော့ အဲဒီဒေသမှာရှိတဲ့ လူတွေအားလုံး အုပ်ချုပ်ရေးပိုင်းရော၊ ရဲ၊ ဥပဒေ၊ ဧရာဝတီ ကို ချစ်မြတ် နိုးသူတွေအားလုံး ဒါဟာ အရေးကြီးတဲ့ကိစ္စဆိုတာ သဘော ပေါက်ပြီး ၀ိုင်းဆောင်ရွက်မှရမှာ"ဟု ၎င်းကပြောသည်။
ရှော့ရိုက် ငါးဖမ်းသူများအား ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်အရေးယူနိုင်သည်။
"ဒါပေမယ့် အများအားဖြင့် ပြစ်မှုထင်ရှားလည်း အများဆုံး ထောင် လေး ငါးလလောက်ကျပြီး ပြန်ထွက်လာရင် ပြန်ဖမ်းကြတာပဲ။ အခုက ပိုဆိုးလာတာ နေ့ခင်းတောင်ဖမ်းတယ်။ ဒါကြောင့် ထိထိရောက်ရောက် အရေးယူဖို့တော့ လိုနေပြီ"ဟု ၎င်းကပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis