menu

Sunday 5 August 2012

ရခိုင်အရေး နှင့် စပ်လျဉ်း၍ ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana ပြောကြား




Tomás Ojea Quintana အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်
ရခိုင်အရေး စွပ်စွဲပြောဆိုချက်များနှင့် စပ်လျဉ်း၍ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana က သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။
Tomás Ojea Quintana က မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
''ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာပါ။ ကျွန်တော့်အနေနဲ့ အဓိကရုဏ်းတွေကြောင့် နေအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ ကြီးကြီးမားမား ဆုံးရှုံးမှုတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေး ပြန်လည်ဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျွန်တော်ရရှိခဲ့တာနဲ့ ပတ်သက်လို့လည်း စိုးရိမ်မိပါတယ်။ ဒီစွပ်စွဲချက်တွေထဲမှာ ထိန်းသိမ်းထားတဲ့ နေရာတွေမှာ နှိပ်စက်ခြင်း၊ ထင်ရာ ဖမ်းဆီးခြင်းနှင့် ထိန်သိမ်းခြင်း၊ သတ် ခြင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားအလွန်အကျွံသုံးခြင်းတွေ စတဲ့အချက်တွေ ပါဝင်ပါတယ်''
ဟု  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana က ပြောကြားခဲ့သည်။
''ကျွန်တော်အနေနဲ့ ဒီစွပ်စွဲချက်တွေနဲ့ပတ်သတ်လို့ အချိန်မီ စစ်ဆေးနိုင်ခြင်းမရှိတဲ့အတွက် ဒါတွေနဲ့ပတ်သတ်လို့ အရမ်းစိုးရိမ်မိပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ယုံမှား သံသယမရှိအောင် ရှင်းရှင်းလင်းလင်း ပြသနိုင်ဖို့နဲ့ တာဝန်ယူမှုကိုသေချာမှု ရှိစေဖို့အတွက် အရေးကြီးလာပါတယ်။ ပြန်လည်စည်းလုံးညီညွတ်ဖို့ဆိုတာမှာလည်း ဒါတွေမရှိဘဲနဲ့ ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ ပုံကြီးချဲ့ခြင်းနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းတွေဟာ လူအဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုနှင့် မယုံကြည်မှုတွေကို ပိုမိုလှုံဆော်ပေးရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီး ကိစ္စရပ်အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းလေ့လာမှု ပြုလုပ်ဖို့ တခြားသူတွေ တောင်းဆိုမှုနဲ့ ပတ်သက်လို့ ကျွန်တော်လည်း ပါဝင်တောင်းဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ရှိရင် ကျွန်တော့်အနေနဲ့ ကူညီနိုင်တယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်၌ အဓိကရုဏ်းများကြောင့် ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ဦး သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ လုံးနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်ရေးအတွက် ဆောင်ရွက်ရာတွင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ဖြစ်ပေါ်နေသော အခြေအနေကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ အင်အားအလွန်အကျွံ အသုံးပြုမှုများ ရှိ ကြောင်း အချို့အသိုင်းအ၀ိုင်းမှ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ငြင်းဆိုထားသည်။
ထို့ပြင် Tomás Ojea Quintana က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်နှင့် ဘူးသီးတောင် အကျဉ်းထောင်များတွင် ရခိုင်ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ထိန်းသိမ်းခံထားရသည့် ကုလသမဂ္ဂ၀န်ထမ်း ခြောက်ဦးအား တွေ့ဆုံမေး မြန်းခဲ့ကြောင်း၊ မိမိ၏ တွေ့ဆုံမေး မြန်းမှုများကို အခြေခံပြီး ပြောရမည်ဆိုပါက ထိန်းသိမ်းထားစဉ်အတွင်း ၎င်းတို့အား ပြုမှုဆက်ဆံမှုများနှင့် စပ်လျဉ်း၍ အထူးစိုးရိမ်ပါကြောင်း၊ ၎င်းတို့အပေါ် စွပ်စွဲထားမှုများသည်   အခြေအမြစ်မရှိဟု မိမိရှုမြင်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန်နှင့် ၎င်းတို့၏ အမှုများအား ပြန်လည်သုံးသပ်ရန် တောင်းဆိုပါကြောင်းနှင့် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား မဆိုင်းမတွ သို့မဟုတ် ခြွင်းချက်မရှိ လွှတ်ပေးရန် ထပ်လောင်း တောင်းဆိုပါကြောင်း၊ အဆိုပါ လိုအပ်သည့်ခြေလှမ်း မလှမ်းဘဲနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရက်တစ် အကူးအပြောင်းသည် ရှေ့သို့ သွားနိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် အဆိုပါအရေးကိစ္စတွင် ဆက်လက်ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားခဲ့သည်။
မိမိအနေဖြင့် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းပေါ် စနစ်တကျ ခွဲခြားဆက် ဆံမှုများနှင့်စပ်လျဉ်း၍ စိုးရိမ်မှုများကို စဉ်ဆက်မပြတ် ပြောကြားခဲ့ပါကြောင်း၊ အဆိုပါစိုးရိမ်မှုများတွင် ရိုဟင်ဂျာများအား တရားဝင်အခြေအနေ သို့မဟုတ် နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ခြင်း၊ အိမ်ထောင်ပြုခြင်းအား ကန့်သတ်ခြင်းနှင့် အခြားခွဲခြားဆက်ဆံသည့် မူဝါဒများ ပါဝင်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်လည်သုံးသပ်မှုများ အပါအ၀င် အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းရန် စီမံဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း Tomás Ojea Quintana က ပြောကြားခဲ့သည်။
ရိုဟင်ဂျာများ၏ နိုင်ငံမဲ့ဖြစ်မှုအတွက် ကြာရှည်ခံမည့် ဖြေရှင်းနည်းများ ရရှိရေးအတွက် ကူညီဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်လည်း အခန်းကဏ္ဍတစ်ရပ် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် အဆိုပါနိုင်ငံ၏ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ၎င်းတို့ နယ်နိမိတ်များအတွင်းရှိ လူအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၎င်းတို့တွင် တာဝန်ရှိကြောင်းကို အသိအမှတ် ပြုရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင် စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုးမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ မရှိပါဘူး''ဟု မီဒီယာများသို့ ပြောကြားထားသည်။
အလားတူ ကချင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဆိုသည့် စွပ်စွဲပြောဆိုမှုများကို ဆက်လက်ရရှိနေပါကြောင်း၊ အဆိုပါ စွပ်စွဲပြောဆိုမှုများတွင် အရပ်သားများအား တိုက်ခိုက်ခြင်း၊ နှိပ်စက်ခြင်း၊ ထို့ပြင် မြေမြှုပ်မိုင်း အသုံးပြုခြင်း၊ ကလေးစစ်သားများ စု ဆောင်းခြင်း၊ အဓမ္မ လုပ်အားပေး စေခိုင်းမှုများရှိနေခြင်း၊ ပေါ်တာဆွဲခြင်းများကို နှစ်ဖက်စလုံးမှ ပြုလုပ်နေသည့်ဆိုသည့် စွပ်စွဲချက်များကို ရရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါစွပ်စွဲချက်များကို ဦးစားပေးအနေဖြင့် ဖြေရှင်းရေးမှာ အရေးကြီးသည်ဟု ထပ်လောင်း ပြောကြားလိုပါကြောင်း၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အားလုံးအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများအား ကာကွယ်ရေးကို သေချာဆောင်ရွက်ရမည်ဖြစ်ကြောင်း Tomás Ojea Quintana က ပြောကြားခဲ့သည်။
ကုလသမဂ္ဂနှင့်  အိုင်အန်ဂျီအိုများ အပေါ်ထားရှိသည့် ထင်မြင်ချက်များနှင့် ပတ်သတ်၍လည်း စိုးရိမ်မိပါကြောင်း၊ အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ခွဲခြားမှုမရှိဘဲ တစ်ပြေးညီ ဆောင်ရွက်ရမည်ဆိုသည့်မူများအတိုင်း ဆောင်ရွက်နေခြင်းမရှိဟု  ရခိုင်ဗုဒ္ဓဘာသာကြားတွင် ရှိနေသည့် ထင်မြင်ယူဆချက် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အဆိုပါထင်မြင်ယူဆချက်များကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများအား အစိုးရအာဏာပိုင်များနှင့် ပူပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဓိကရုဏ်းများကြောင့် ဒုက္ခသည်များအား ပြန်လည်နေရာချထားရေးနှင့် ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်မဟာဗျူဟာကို စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လူအဖွဲ့အစည်းနှစ်ခုလုံးကို ခွဲခြားမှုမရှိဘဲ စုပေါင်းဆောင်ရွက်မှုကို အ ခြေခံရန် ဖြစ်ကြောင်း၊ အဆိုပါမဟာဗျူဟာသည် အဓိကရုဏ်းဖြစ်ရသည့်  အဓိကအကြောင်းတရားများကို  ဖြေရှင်းသင့်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူအဖွဲ့အစည်းများကြားတွင် တည်ရှိနေသည့် အမြစ်တွယ်နေသော ရန်လိုမုန်းတီးမှုနှင့် မယုံကြည်မှုများအတွက် အလွန်စိုးရိမ်ပါကြောင်း၊ အစိုးရအနေဖြင့် ရဲရင့်သည့်ခြေလမ်းများကို မလျှောက်လှမ်းပါက အခြေအနေ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
၎င်း၏ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသား လူအခွင့်အရေးကော်မရှင်၊ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊ အခြားအရပ်ဘက် လူအဖွဲ့အစည်း ကိုယ် စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း လူ့အခွင့်အရေး အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုများကို လေ့လာအကဲခတ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက်ခြင်းဖြစ်သည်။
Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်နေသည်။
၎င်းသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း လာရောက်ခဲ့ကာ ယခုခရီးစဉ်သည် ခြောက်ကြိမ်မြောက်ခရီးစဉ် ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis