menu

Sunday 16 February 2014

၁၂၀၀ မဂ္ဂါဝပ်ထွက်မည့် သံလွင်မြစ်ပေါ်ရှိ နောင်ဖ လျှပ်စစ်စီမံကိန်းအတွက် တရုတ်ကုမ္ပဏီနှင့်IGE ကုမ္ပဏီတို့ လက်မှတ်ထိုးရန် စီစဉ်၊ မြန်မာမှ ဓာတ်အား ၁၀ ရာခိုင်နှုန်းသာရပြီး တရုတ်မှ ၉၀ ရာခိုင်နှုန်းအထိ ရမည်၊ တရုတ်ကုမ္ပဏီဖြင့် ဆောက်မည့် စီမံကိန်း ၄၀ နီးပါးတွင် အချို့မှာ တရုတ်မှ ၉၀ ရာခိုင်နှုန်းယူမည့် အချိုးဖြင့် လုပ်ခွင့်ပေးထား


စက်တပ်ဆင်အား ၁၂၀၀ မဂ္ဂါဝပ်အထိရှိမည့် နောင်ဖ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် တရုတ်ကုမ္ပဏီ၊ ပြည်တွင်းရှိ IGE ကုမ္ပဏီနှင့် ရေအားလျှပ်စစ်စီမံရေးဦးစီးဌာတို့ ပူးပေါင်းလုပ်ကိုင်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

နောင်ဖရေအားလျှပ်စစ်စီမံကိန်းသည် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံမှ Hydrochina Corporation က အဓိကလုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခု လက်မှတ်ရေးထိုးရန် စီစဉ်နေသည့် အနေအထားအရ နောင်ဖ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အားများမှ မြန်မာနိုင်ငံအနေဖြင့် ဓာတ်အား ၁၀ ရာခိုင်နှုန်းသာရရှိမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီဘက်မှ ရာခိုင်နှုန်း ၉၀ အထိ ရမည်ဖြစ်သည်။


မြန်မာနိုင်ငံအနေဖြင့် ရရှိမည့် ဓာတ်အား ၁၀ ရာခိုင်နှုန်းမှာ Free Power အနေဖြင့် ရရှိခြင်းဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၉၀ မှာ တရုတ်သို့ တင်ပို့ရောင်းချမည်ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံမှ Free Power ၁၀ ရာခိုင်နှုန်းထက် ပိုမိုရယူလိုပါက ပုဂ္ဂလိကကုမ္ပဏီများထံမှ ပြန်လည်ဝယ်ယူရမည်ဖြစ်ပြီး ၀ယ်ယူရာတွင်လည်း ရာခိုင်နှုန်း ၅၀ အထိသာ ၀ယ်ယူခွင့်ရမည်ဖြစ်သည်။

အဆိုပါ ရာခိုင်နှုန်း ၅၀ အထိ ၀ယ်ယူရာတွင်လည်း တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီမှ တရုတ်သို့ ရောင်းချသည့် ဈေးနှုန်းအတိုင်းပေး၍ ၀ယ်ယူရမည့်အချက်ကို သဘောတူညီမှုအချက်အနေဖြင့် ထည့်သွင်းထားသည်ဟု သိရသည်။

ဓာတ်အားခွဲဝေမှုအပိုင်းအပြင် နောင်ဖ ရေအားလျှပ်စစ်စီမံကိန်း၏ ရှယ်ယာခွဲဝေမှုအပိုင်းတွင်လည်း နိုင်ငံတော်က ၁၅ ရာခိုင်နှုန်းသာ ရရှိပြီး Hydrochina Corporation နှင့် IGE ကုမ္ပဏီတို့က ၈၅ ရာခိုင်နှုန်းအထိ ရယူရန် ခွဲဝေထားသည်။

Hydrochina နှင့် IGE တို့ရရှိမည့် ၈၅ ရာခိုင်နှုန်းထဲတွင်လည်း IGE ကုမ္ပဏီက ၃ ရာခိုင်နှုန်းသာရပြီး Hydrochina က ၈၂ ရာခိုင်နှုန်းအထိ ရယူထားသည့်အတွက် စီမံကိန်းအား အဓိကလုပ်ကိုင်ခွင့်ရသူမှာ Hydro- china သောဖြစ်သည်။

သံလွင်မြစ်ပေါ်တွင်ဆောက်မည့် နောင်ဖ စီမံကိန်းအပြင် နမ့်မမြစ်ပေါ်၌ ၂၂၅ မဂ္ဂါဝပ်(စက်တပ်ဆင်အား)ထွက်မည့် မန်တောင်း ရေအားလျှပ်စစ်စီမံကိန်းကိုလည်း တရုတ်မှ Hydrochina နှင့် ပြည်တွင်းမှ IGE ကုမ္ပဏီတို့သာ လုပ်ကိုင်မည်ဖြစ်ပြီး သဘောတူညီ ချက်လက်မှတ်ကို နောင်ဖ စီမံကိန်းနှင့်အတူ တွဲလျက်ရေးထိုးမည်ဖြစ်ကြောင်းနှင့် မန်တောင်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဓာတ်အားခွဲဝေမှုအချိုးသည်လည်း နောင်ဖ ကဲ့သို့ပင် နိုင်ငံတော်မှ ၁၀ ရာခိုင်နှုန်း ကုမ္ပဏီများဘက် မှ ရာခိုင်နှုန်း ၉၀ သာဖြစ်ပြီး ရှယ်ယာခွဲဝေမှု အချိုးမှာလည်း အတူတူဖြစ်ကြောင်း သိရသည်။

IGE ကုမ္ပဏီသည် မေခမြစ်အတွင်းသို့ စီးဝင်နေသည့် နော်ချမ်းခ မြစ်ပေါ်တွင်လည်း မဂ္ဂါဝပ် ၁၂၀၀ အထိထွက်မည့် ရေအားလျှပ်စစ်စီမံကိန်းလေးခုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ YPIC International Energy Cooperation & Development Co.,Ltd နှင့် ပူးပေါင်းတည်ဆောက်ခွင့် ရရှိထားသည်။

အဆိုပါ စီမံကိန်းများတွင်လည်း နိုင်ငံတော်က ရှယ်ယာ ၁၅ ရာခိုင်နှုန်းသာ ရရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် YPIC International Energy Cooperation & Development Co.,Ltd က ၈၃ ရာခိုင်နှုန်းနှင့် IGE က ၂ ရာခိုင်နှုန်းသာ ရရှိသည့်အတွက် YPIC အဓိကပိုင်ဆိုင်လုပ်ကိုင်ခွင့် ရခြင်းဖြစ်သည်။

့မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ပုဂ္ဂလိကပိုင်ဆိုင်လုပ်ကိုင်ခွင့်ရှိမည့် JV\ BOT စနစ်ဖြင့် ရေအားလျှပ်စစ်စီမံကိန်းပေါင်းများစွာ တည်ဆောက်ရန် စီစဉ်ထားရာ စီမံကိန်းအားလုံးနီးပါးကို တရုတ်ကုမ္ပဏီများ၊ တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းထားသည့် ပြည်တွင်းရှိ ရွှေတောင်၊ အေးရှားဝေါလ်၊IGE ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ ရွှေတောင်ကုမ္ပဏီ၊ အေးရှားဝေါလ်ကုမ္ပဏီ၊IGE ကုမ္ပဏီတို့သည် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၃၉ ခုအထိ တည်ဆောက်ခွင့် ရရှိထားကြခြင်းဖြစ်သည်။

ယခုလက်ရှိ လက်မှတ်ထိုးရန် စီစဉ်နေသည့် စီမံကိန်းများထဲတွင် ကြားသိရသမျှ စီမံကိန်းတိုင်းသည် ရှယ်ယာခွဲဝေမှုအပိုင်း၌ နိုင်ငံတော်က ၁၅ ရာခိုင်နှုန်း၊ ကုမ္ပဏီများ ဘက်မှ ၈၅ ရာခိုင်နှုန်းအချိုးသာ ဖြစ်နေသည်။

ဓာတ်အားခွဲဝေမှုပိုင်းတွင်လည်း မြန်မာနိုင်ငံမှ Free Power ၁၀ ရာခိုင်နှုန်းသာရရှိပြီး လိုအပ်၍ ကုမ္ပဏီထံမှ ၀ယ်ယူသည့်တိုင် ရာခိုင်နှုန်း ၅၀ အထိသာ ၀ယ်ယူခွင့်ရပြီး ၀ယ်ယူလျှင်လည်း တရုတ်သို့ရောင်းချသည့် ဈေးအတိုင်းပေး၍ ၀ယ်ရဦးမည်ဖြစ်သည်။

တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ တည်ဆောက်မည့် စီမံကိန်း ၃၉ ခုတွင် စီမံကိန်းအားလုံးကို နိုင်ငံတော်က ဓာတ်အား ၁၀ ရာခိုင်နှုန်း (Free Power) ၊တရုတ်ကုမ္ပဏီများမှ ၉၀ ရာခိုင်နှုန်းဖြင့် ခွင့်ပြုထားခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် စီမံကိန်းမည်မျှအထိကို ယင်းခွဲဝေမှုအချိုးဖြင့် ခွင့်ပြုထားခြင်း ရှိ၊ မရှိ အများပြည်သူသို့ ချပြလုပ်ကိုင်သင့်ပြီ ဖြစ်သည်။

ထို့အတွက် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်မှုမှာ မြန်မာနိုင်ငံအတွင်း တည်ဆောက်ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်း အလကားရသည်မှလွဲ၍ တည်ဆောက်ခွင့်ရသည့် တရုတ်ကုမ္ပဏီများမှ ၎င်းတို့အခြေစိုက်ရာ တရုတ်နိုင်ငံသို့ အဓိကပြန်ရောင်းရန်အတွက် လာရောက်မြှုပ်နှံသည့် သဘောသက်ရောက်နေသည်။

အနာဂတ်မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍအတွက် စီမံကိန်းများတည်ဆောက်နေခြင်းဟု ဆိုသော်လည်း တရုတ်နိုင်ငံသို့ အဓိကပို့မည့် စီမံကိန်းများဖြစ်နေနိုင်သည့်အပေါ်တွင်လည်း ဖြစ်သင့်၊ မသင့် အမှန်တကယ်အကျိုးဖြစ်ထွန်းမှု ရှိ၊ မရှိ သုံးသပ်ရန်လိုသည် ဆိုပါက လွှတ်တော်အပါအ၀င် တာဝန်ရှိသူများအားလုံး ပြန်သုံးသပ်သင့်ပြီဖြစ်သည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis