menu

Friday 17 August 2012

လွတ်ငြိမ်း ချမ်းသာခွင့်နှင့် နှစ်ရှည် ခံစားမှုများ (ကိုမြအေး)




“သမ္မတကြီးရယ်...ကျွန်တော်တို့ကို လွတ်ငြိမ်း ချမ်းသာခွင့် တစ်နှစ် ပေးမယ့်အစား ကြက်တစ်ကောင်စီသာ ပေးလိုက်ပါလားဗျာ”

၂၀၁၁ ခုနှစ်၊ မေလ ၁၆ ရက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထွက်လာအပြီး နှစ်ကြီး အဆောင်ဘက်မှ ထွက်ပေါ်လာသော စကားသံ ဖြစ်သည်။ သြော် တော်တော်လည်း ပြောတတ်ကြတာပဲဟု ကျွန်တော် တွေးရင်း ပြုံးမိသည်။ ရုတ်တရက် ကြည့်လျှင်တော့ ထိုစကားသံသည် အစိုးရ၏ စေတနာကို ပြက်ရယ်ပြုခြင်း ဖြစ်သည်ဟု ထင်မှတ်စရာ ရှိသည်။ မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။ နှစ်အကန့်အသတ်မဲ့နှင့် နှစ်ရှည်လများ ဆယ်စုနှစ် တစ်ခုကျော် အကျဉ်းထောင် ထဲ၌ နေထိုင် ခဲ့ရသော နှစ်ကြီး အကျဉ်းသားများ၏ ရင်တွင်းမှ ခံစား ထွက်ပေါ်လာသော စကား သာလျှင် ဖြစ်သည်။


အကျဉ်း ကျနေသူများ၏ ခံစားချက်ကို ထောင်ကျဖူး သူများသာ နားလည်နိုင်သည် ဖြစ်၏။ ထောင်ဆိုသည်မှာ အိမ်မဟုတ်၊ ဟိုတယ်မဟုတ်၊ တည်းခိုခန်း မဟုတ်၊ ဘုန်းကြီးကျောင်း မဟုတ်ပါ။ လူသားတို့၏ ကိုယ်ချင်းစာ တရားကို အပြည့်အ၀ ထားရှိနိုင်သော နေရာလည်း မဟုတ်ပါ။ ထောင်ဝင်စာတွင် မိမိအိမ်မှ ပေးပို့လိုက်သော အစားအသောက်များကို ခြိုးခြံချွေတာ စားသောက်ရင်း ကာ ရှည် ဖြတ်သန်းရသော နေရာဖြစ်သည်။ အပြင်တွင် ဘာမျှ မဟုတ်သော ငါးပိကြော် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်သည် ထောင်ထဲတွင်တော့ မြိန်ရှက်ဖွယ် ဟင်းကောင်းတစ်ခွက် ဖြစ်သည်။ သို့ဆိုလျှင် အိုးမလာ၊ အိမ်မလာ ထောင်ထဲတွင် ဆယ်စုနှစ် တစ်ခုကျော် ရုန်းကန် နေထိုင်လာကြရသော နှစ်ကြီး အကျဉ်းသားများ၏ လွတ်ငြိမ်း ချမ်းသာခွင့် တစ်နှစ်အစား ကြက်တစ်ကောင် ပေးပါဆိုသော စကား၏ အတိမ်အနက်ကို တွေးဆ မိမည်ဟု ထင်ပါသည်။

“ကျွန်တော် ထောင်ထဲမှာ နေသားချည်းပဲ ၁၃ နှစ် ရှိပြီဗျာ။ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ပေါင်း ၁၇ ကြိမ် ကြုံဖူးပြီးပြီ။ တစ်ခါမှ ကျွန်တော်တို့ မပါဘူး။  အိမ်ကလည်း လာမတွေ့နိုင်တော့ ကျွန်တော့် အမေလည်း သေလား ရှင်လားတောင် မပြောတတ်ပါဘူးဗျာ”အောင်အောင်ဆိုသော နှစ်အကန့်အသတ်မဲ့ ပြစ်ဒဏ် ကျခံနေရသော  အကျဉ်းသားက ပြောခြင်းဖြစ်သည်။ သူက ဟိုပင်မြို့က ဖြစ်သည်။ မူးယစ် ဆေးဝါးမှုဖြင့် ထောင်ကျခြင်း ဖြစ်၏။

“အခုအခေါက် သေဒဏ်တွေကို ထောင်သစ် ပြောင်းပေးလိုက်တာဆိုတော့ နောက်အခေါက်တွေ ကျရင် ကျွန်တော်တို့ အတွက် ပါလာမှာပေါ့ဗျာ”
တင့်လွင်ဦးက ၀င်ပြောသည်။ သူလည်း မူးယစ်မှုဖြင့် နှစ်အကန့်အသတ်မဲ့နှင့် ထောင်ကျနေသူဖြစ်သည်။

“မင်းက ထောင်ဝင်စာ လာနိုင်တဲ့ သူဆိုတော့ ပြောအား ရှိတာပေါ့ကွာ။ ငါကတော့ ၁၀ နှစ် ရှိပြီ။ တစ်ခါမှ ငါတို့အတွက် နှစ်တောင် မတည်ပေးနိုင် ပါဘူးကွာ။ အစိုးရက ငါတို့ကို မေ့နေပြီ ထင်တယ်”

အိုက်လွန်းက ရှမ်းသံဝဲ၀ဲနှင့် ၀င်ပြောသည်။ သူလည်း နှစ်အကန့် အသတ်မဲ့ အကျဉ်းသား။ ထောင်ဝင်စာလည်း တစ်ခါမျှ မလာနိုင်။ အိမ်တွင် ရှိ အမေအို၊ ဇနီးနှင့် သားသမီးငယ်များ ဘယ်သောင်ဘယ်ကမ်း ဆိုက်နေပြီ ကိုလည်း မသိနိုင်။ သူတို့ အားလုံး၏ မျက်လုံးတွေက မျှော်လင့်ချက်ကင်းမဲ့ နေမှုကို ဖော်ပြနေသည်။

“သြော် ကိုတင့်လွင်ဦးက အိမ်က ဧည့်တွေ(ထောင်ဝင်စာ) လာတာပေါ့”

ကျွန်တော်က စကားလမ်းကြောင်း လွှဲဖို့ကြိုးစားလိုက်သည်။
“ဟုတ်တယ် အစ်ကို။ ကျွန်တော့်အိမ်က တစ်နှစ်တစ်ခါ လာတွေ့တယ် လေ”

“ဗျာ...”

တင့်လွင်ဦး၏ အဖြေကို ကြားရင်း ကျွန်တော် ဘာပြောရမှန်း မသိ။ သူကတော့ တစ်နှစ်တစ်ခါ ထောင်ဝင်စာ လာတွေ့ခြင်းကိုပင် အားရ၀မ်းသာ ပြောပြနေသည်။ တစ်လတစ်ကြိမ်၊ နှစ်လတစ်ခါ ထောင်ဝင်စာ ပုံမှန်လာ နေသော ကျွန်တော်ပင်လျှင် လုံလောက်အောင် စားသောက်ဖို့ အနိုင်နိုင်။ ဒါတောင် တောင်ကြီး တောင်လေးလုံးထောင်က အစားအသောက် ကောင်း၍။ တစ်နှစ်မှ တစ်ခါသာ ထောင်ဝင်စာ လာနိုင်သော သူတို့ ဘယ်လိုနေထိုင် စားသောက်ကြသည် မသိ။ လုံးလုံး ဧည့်တွေ့မလာနိုင်သူများ ဆိုလျှင်။ သေချာတာ တစ်ခုကတော့ ရှိသည်။ လူဆိုသည်မှာ မိမိ ရှင်သန်နေထိုင်ရေး အတွက် ကြံဖန် ရှင်သန်နေထိုင်ကြသည်သာ ဖြစ်၏။

ကျွန်တော် မှတ်မိပါသည်။ အစိုးရသစ် တက်ပြီး အကျဉ်းသားများ အားလုံးသည် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို မျှော်လင့်တကြီး စောင့်မျှော် နေချိန်ဖြစ်သည်။ ထောင်ထုံးစံအတိုင်း သတင်းကလည်း အစုံစုံ၊ ဟိုနေ့လာမည်။ ဒီနေ့လာမည်၊ ဘယ်လောက်ပေးမည်၊ ဘယ်လိုလွှတ်မည် စသဖြင့် အမှုအမျိုးမျိုး၊ နှစ်အမျိုးမျိုး အကျဉ်းသားများ ကြားတွင် လွတ်သတင်းများက လွင့်ပျံနေ၏။ ဘုရား ရှိခိုးသူက ရှိခိုး၊ သမ္မတကြီးနဲ့ အစိုးရ အဖွဲ့ကို မေတ္တာပို့သူ ကပို့၊ ယခင်က ထောင်ထဲတွင် ညစ်ကျယ်ကျယ် နေခဲ့သူများပင် ထိုရက်ပိုင်းက ခပ်ကုပ်ကုပ်နှင့် မျှော်လင့်တကြီး စောင့်မျှော်ခဲ့ကြ၏။

၂၀၁၁ ခုနှစ်၊ မေလ ၁၆ ရက်၊ ညနေ ၆ နာရီ သတင်းကို မရလိုက်၊ ထောင်ထဲတွင် မီးပျက် သွား၍ ဖြစ်သည်။ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီဆိုသော သတင်းကိုတော့ ထောင်ဝန်ထမ်းများမှ တစ်ဆင့်ကြားရသည်။ သို့သော် ဘယ်လိုမှန်း မသိသေး။ မီးပြန်လာပြီး အားလုံး တီဗွီရှေ့တွင် ငုတ်တုတ်ထိုင်ပြီး ၈ နာရီ သတင်းကို စောင့်မျှော်ကြသည်။ တစ်ထောင်လုံး တိတ်ဆိတ်ငြိမ်သက်လျက်။ ၈ နာရီ သတင်းလာတော့ သတင်း ကြေညာသူမှာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက် သည်ဟု ကြေညာလိုက်သည်နှင့် တစ်ထောင်လုံး ရှိ အကျဉ်းသားများ၏ အားရ၀မ်းသာ “ဟေ...” ခနဲ အော်လိုက်သော အသံက ဘ၀ဂ ညံသွားသည်။ သိပ်မကြာပါ။

နောက်ဆက်တွဲ ထွက်ပေါ်လာ သည့် တစ်နှစ်လျှော့ပေါ့ပေးလိုက်သည် ဆိုသော  သတင်းစကားသံကို ကြားလျှင်ကြားချင်း “ဟာ...”ဆိုသည့် စိတ်ပျက် အားလျှော့သံများ လွင့်ပျံ့သွားသည်။ ပြီးတော့ တစ်ထောင်လုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ တီးတိုးမှုတ်ထုတ် လိုက်သော သက်ပြင်းချသံများသာ တစ်ခါ တစ်ခါ ထွက်ပေါ်လာသည်။ နှစ်အကန့်အသတ်မဲ့ အကျဉ်းသားများက အိပ်ရာစောစော ၀င်ကြ သည်။ တချို့စောင်ခေါင်းမြီးခြုံလျက်။ ကျွန်တော် ထင်သည်။ သူတို့၏ ခေါင်းအုံးတွင် အနည်းငယ် မျှ စိုစိစိုစိ ဖြစ်နေပေလိမ့်မည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်
“TV တွေ ဖွင့်ထား၊ TV တွေ ဖွင့်ထား”

Main Jail ရှိ တာဝန်ကျဝန်ထမ်းတစ် ယောက်၏ အော်သံကြောင့် ကျွန်တော် လန့်နိုး သွားသည်။ မနက်စာ ထမင်းစားပြီး နေ့ခင်း (၁၂-၂)တန်းပိတ်ချိန်တွင် တစ်ရေးအိပ်နေချိန်  ဖြစ်သည်။ ချက်ချင်းထပြီး TV ရှေ့သွားကြည့် လိုက်သည်။ ဒုတိယ အကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း။ အကျဉ်းသား ၆၅၃၉ ယောက်လွှတ် မည်။ နှစ်အကန့်အသတ်မဲ့ အကျဉ်းသားများ မပါ။ နှစ်ကြီးများ မပါ။ ထောင်တစ်သက်များ မပါ။

“ဒီတစ်ခါလည်း သွားပြန်ပြီဗျာ။ ကျွန်တော် ထောင်သက် ၁၃ နှစ်အတွင်း လာလိုက်တဲ့ လွတ်ငြိမ်း ချမ်းသာတွေ၊ လာတိုင်းသာ ကျွန်တော်တို့ကို နှစ်တည်ပြီး တစ်ခါလာ တစ်နှစ်ပေးရင်း အခု လောက်ဆို လွတ်ပြီဗျ”

လောက်စုန်းဟု အမည်ရသော နှစ်အကန့် အသတ်မဲ့ အကျဉ်းသားက ညည်းတွားရေရွတ်လိုက်သည်။
“အေးကွာ ငါတို့ ဒီတစ်ခါ တော်တော် မျှော်လင့်ထားတာ။ နောက်ဆုံးငါ မလွတ်ရင်တောင် ငါ့မိန်းမ လွတ်သွားရင် ကောင်းမှာကွာ အခုတော့”

အိုက်စိုင်းက ညည်းသံတစ်ဝက်၊ ငိုသံတစ်  ၀က်နှင့်ပြောသည်။ သူလည်း နှစ်အကန့်အသတ်မဲ့ အကျဉ်းသား။ မူးယစ်မှု။ လင်ရော မယားပါ ထောင်ကျသည်။ ထောင်တွင်းနေသား ၇ နှစ် ရှိပြီဖြစ်သည်။ အိမ်မှာက သားငယ်၊ သမီးငယ် တို့နှင့်။ အမေအိုကြီးထံတွင် ကလေးများကို ထားခဲ့သည်။

“ခင်ဗျားတို့ စိတ်မဆိုးရင် ကျွန်တော် တစ်ခု လောက် မေးချင်တယ်ဗျာ”

ကျွန်တော် ပြောလိုက်သည်။
“ဟာ အစ်ကိုကလည်း ဒါတွေ မလိုပါဘူး ဗျာ။ မေးချင်ရာသာ မေးစမ်းပါဗျာ”

အောင်အောင်နှင့် လောက်စုန်းက ပြိုင်တူ ပြောသည်။ ကျွန်တော် သူတို့ကို ကြည့်ရင်း-
“ခင်ဗျားတို့ ဘာဖြစ်လို့ ဘိန်းကုန်ကူးတာ လဲ။ အခု လွတ်သွားရင်လည်း ထပ်လုပ်ဦးမှာပဲ မဟုတ်လား”

သူတို့အားလုံး တိတ်သွားသည်။ ကျွန်တော် က ဆက်၍။
“ခင်ဗျားတို့ ရှာဖွေထားခဲ့တာတွေနဲ့ ကောင်း ကောင်း နေနိုင်ကြပြီ မဟုတ်လား”

သူတို့အားလုံး၏ မျက်နှာများ ညှိုးငယ်သွား သည်။ အတန်ကြာ တိတ်ဆိတ်သွားပြီးမှ-
“အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော် ကြံမိ ကြံရာ လုပ်မိတာပါ။ နောက်တစ်သက်လုံး ထပ် လုပ်ဖို့ စိတ်မကူးရဲတော့ပါဘူး အစ်ကိုရာ”

အိုက်စိုင်းက စပြောသည်။ အောင်အောင်က
“ရှာထား ဖွေထားတာတွေ ရှိမှတော့ ဒီလိုနေ ပါ့မလား ကိုမြအေးရာ”

ချိုင်းစုတ်ပြဲနေသော အင်္ကျီအပြာကို ပြရင်း ပြောသည်။ သူက ဆက်၍-
“ဒါကြောင့် ကိုမြအေး လွတ်ရင် ကျွန်တော့် အတွက် ပုံစံအင်္ကျီ တစ်ထည်လောက် ပေးခဲ့ပါလို့ ပြောမယ် စိတ်ကူးထားတာ”

“နေစမ်းပါဦး။ ကျွန်တော် လွတ်မယ်လို့ ခင်ဗျားကို ဘယ်သူပြောလို့လဲ”

“ဟာ အစ်ကိုတို့က ယုံကြည်ချက် အကျဉ်းသားတွေ မျှော်လင့်ချက် အများကြီး ရှိတာပေါ့ ဗျာ။ အခု ၆၅၃၉ ယောက်ထဲ ပါရင် ပါမှာပေါ့။ ကျွန်တော်တို့သာ နှစ်မတည် ဘာမတည်နဲ့ ဘယ် သောင်ဘယ်ကမ်း ဆိုက်ရမလဲ ဖြစ်နေတာ”

အိုက်စိုင်းက ၀င်ပြောသည်။
“ကျွန်တော်တော့ မထင်သေးပါဘူး ကို အိုက်စိုင်းရာ”

ကျွန်တော် ပြောလို့မှ မဆုံးခင်-
“အစ်ကိုကြီး ဒီတစ်ခါမှာ ကျွန်တော်တို့ မပါသေးဘူးနော်”

ဘယ်က ရောက်လာမှန်း မသိသော မြမောင်က စကားသံဝဲတဲတဲနှင့် ကျွန်တော့်ကို မေးသည်။ သူက ပအို့ဝ်အမျိုးသား ဟိုပုန်းအနီးရွာက။ စုန်းဟု ထင်ရသော အမျိုးသမီးနှင့် ကလေးများကို သတ်သည့် လူသတ်မှု။ သေ ဒဏ်ကျခံရသူ။ ပြီးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှင့် သေဒဏ်လွတ်ပြီး ထောင်တစ်သက် ပြောင်းထားသူ။

“ခွီးမှပဲ။ မင်း မနေ့တစ်နေ့ကမှ သေဒဏ်က လွတ်ပြီး အခုချက်ချင်း ထောင်ကလွတ်ချင်လို့ ရမလား”
ကျွန်တော် သူ့ကို ကြည့်ရင်း ပျစ်ပျစ်နှစ်နှစ်ပြောလိုက်သည်။ ကျွန်တော့် စကားကြောင့် ဘေးနားရှိအားလုံး ရယ်မောလိုက်ကြသည်။ မြမောင် ခေါင်း ကုတ်ပြီး ထွက်သွားသည်။ ရယ်သံများက တိုး၍တိုး၍သွားသည်။ ကျွန်တော် ထင်သည်။ ထိုရယ်သံများသည် ခြောက်ကပ်ကပ်နိုင်လွန်းသည်ဟု။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်
“လွတ်ငြိမ်းချမ်းသာခွင့် လာပြီဟေ့။ အားလုံး ပါတယ်ကွ”

အကျဉ်းသား တစ်ယောက်၏ ၀မ်းသာအားရ အော်သံကြောင့် ၆၄ နှစ် မြောက်လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ထောင်တွင်း ဘောလုံးပွဲမှ အကျဉ်းသားများ အဆောင်တွင်းသို့ အလုအယက် ၀င်ပြီး TV သတင်းကို သွားကြည့် ကြသည်။ ကျွန်တော်လည်း ကော်ဖီသောက်ရင်း နားစွင့်နေလိုက်သည်။
“...ထောင်တစ်သက်နှင့် နှစ်အကန့်အသတ်မဲ့ အကျဉ်းသားများ မပါ”

TV သတင်း ကြေညာသူ၏ အသံမဆုံးခင် နှစ်အကန့်အသတ်မဲ့ အကျဉ်းသားများ မျက်နှာ ညှိုးငယ်စွာဖြင့် အဆောင်တွင်းမှ ပြန်ထွက်လာကြသည်။ ခံစားခွင့်ရသူ တချို့ကတော့ ပျော်မဆုံး။ တချို့ကျတော့လည်း ခံစားခွင့်ရသည်။ သို့သော် လွတ်ရက်က ဝေးနေလွန်းသည်။ တချို့နှစ် ၃၀ အထက် နှစ်ကြီး အကျဉ်းသားများက နှစ် ၃၀ တည်၍ ပျော်သလို၊ တချို့က မတင်း တိမ် မရောင့်ရဲနိုင်။ ထောင်ရောက်တာ တစ်လပင် မပြည့်သေးသော တစ်နှစ်သာကျသည့် အကျဉ်းသား တစ်ဦးက ချက်ချင်း မလွတ်၍ မျက်ရည်ပေါက် ပေါက်ကျအောင် အော်ငိုသည်။ နှစ်အကန့်အသတ်မဲ့နှင့် ထောင်တစ်သက် အကျဉ်းသားများက ဘာခံစားခွင့်မျှ မရ၍ မည်သူနှင့်မျှ မရောဘဲ သူတို့ အချင်းချင်း ဟိုတစ်စု၊ ဒီတစ်စု ထိုင်မှိုင်နေကြသည်။

“အစ်ကိုကြီး ကျွန်တော်တို့ကို နှစ်တည် ပေးဦးမှာလားဗျာ”

စောလှိုင်နှင့် မြမောင် ရောက်လာပြီး ကျွန်တော့်ကို မေးသည်။ သူတို့ က အမှုတွဲ။ စုန်းမ သတ်မှု။ ထောင်တစ်သက်  အကျဉ်းသားများ။ တကယ် တော့လည်း အယူအဆ အစွဲအလမ်း အမှားများကြောင့် ပြစ်မှု ကျူးလွန်မိကြ သူတွေ ဖြစ်သည်။ ပအိုဝ့် တိုင်းရင်းသားများဖြစ်၍ ပွင့်လင်းသည်။

“တည်တော့ တည်ပေးမှာပေါ့ကွာ။ ဒီအတိုင်းတော့ မင်းတို့ကို မထားပါ ဘူး”

ကျွန်တော် အားပေးလိုက်သည်။
“အစ်ကို၊ နှစ်တည်ရင် ဘယ်လောက် တည်နိုင်လဲဗျာ”

အိုက်ရီ ပါရောက်လာပြီး မေးသည်။ သူလည်း ထောင်တစ်သက် အကျဉ်းသား။ အောက်လမ်းဆရာဟု ထင်သူကို သတ်မှု။ အယူအဆအစွဲ အလမ်းအမှားများကြောင့် ထောင်ကျရသူ။ ပလောင်တိုင်းရင်းသား။
“အရင်တုန်းကတော့ လူသတ်မှု သေဒဏ်က လွတ်ရင် တစ်ကျွန်း နှစ်၂၀ တည်ပေးတာပါ။ အခုတော့ ငါမသိဘူး”

ကျွန်တော် နားလည်သလောက် ပြန်ဖြေပေးလိုက်သည်။
“နှစ် ၂၀ တည်ပေးရင် ကောင်းမှာပဲဗျာ။ ကျွန်တော် အခုနေသား ၁၀ နှစ်ကျော်ပြီ၊ လျှော့ရက်တွေ၊ ဘာတွေရရင် နောက်ထပ် လေးငါးနှစ်ဆို လွတ်မှာဗျ”

အိုက်ရီ ပြောသည်။ သူ့ကိုကြည့်လိုက်တော့ သူ့မျက်လုံးတွင် မျှော်လင့် ချက်ရောင်ခြည်များ။
“ကျွန်တော်တို့ကိုဗျာ ဘာမှမပေးတဲ့ အပြင်၊ မပါလို့တောင် ကြေညာလိုက် သေးတယ်ဗျာ”

အောင်အောင်တို့ အုပ်စု ရောက်လာပြီး သူတို့ထဲမှ ကိန်ရှင်းက စိတ်ပျက် လက်ပျက်ပြောသည်။ သူကပင်ဆက်၍
“ကျွန်တော် ထောင်ထဲရောက်တာ ၁၃ နှစ် ရှိပါပြီဗျာ။ လွတ်ငြိမ်းချမ်း သာခွင့်တွေလည်း ၁၇ ကြိမ်တောင်ပေးပြီးပါပြီ။ ဘယ်တော့များမှ ကျွန်တော် တို့ နှစ်အကန့်အသတ်မဲ့တွေ ခံစားခွင့်ရမလဲ မသိဘူး။ အဖမ်း ခံရတုန်းက သမီးငယ်လေးတောင် အပျိုကြီးဖားဖား ဖြစ်လောက်ပြီ။ အခုအချိန်ထောင်က လွတ်လို့ လမ်းမှာ တွေ့ရင်တောင် အဖေမှန်း၊ သမီးမှန်း မှတ်မိတော့မယ်  မထင်ဘူး”

ကိန်ရှင်း ပြောရင်း သူ့မျက်လုံးမှာ မျက်ရည်တွေ ၀ဲလာသည်။ ကျွန်တော် သူတို့ကို ကြည့်လိုက်သည်။ ထောင်ဝင်စာ မလာ။ ဧည့်တွေ့မရှိ။ ပါဆယ်ပို့သူ မရှိဘဲ ၁၃ နှစ်လုံးလုံး ထောင်က ကျွေးသည်ကို စားရင်း ထောင်က ပေးတာကို ၀တ်ရင်း နေထိုင်လာခဲ့သော ဘ၀များကို ကိုယ်ချင်းစာမိသည်။

“ခင်ဗျားတို့ နေသားများတဲ့သူတွေကို ကျွန်တော် အကြံပေးချင်တယ်။ ထောင်ထဲမှာ နှစ်အကန့်အသတ်မဲ့ပဲကျကျ၊ ထောင်တစ်သက်ပဲကျကျ၊ ထောင် တွင်း နေသားနဲ့ လျှော့ရက်စုစုပေါင်း ၁၄ နှစ် အထက် နေသားရှိတဲ့သူကို ဥပဒေ အရ လွတ်ငြိမ်း ချမ်းသာခွင့် Parroll လျှောက်ခွင့်ရှိတယ်လို့ နရသိန် မဂ်္ဂဇင်း ထဲမှာ ကျွန်တော် ဖတ်ဖူးတယ်။ ခင်ဗျားတို့ ကြိုးစားကြည့်ပါလား”

ကျွန်တော် အကြံပေးလိုက်သည်။
“ကျွန်တော်တို့က နေသား ၁၄ နှစ်မှ မပြည့်သေးတာ”

အိုက်စိုင်းက စောဒကတက်သည်။ အောင်အောင်က ၀င်၍
“မဟုတ်ဘူး။ ကိုမြအေး ပြောတာက ထောင်တွင်းနေသားနဲ့ လျှော့ရက် စုစုပေါင်း ၁၄ နှစ်ကို ပြောတာ။ နေသားချည်းပဲ မဟုတ်ဘူး။ ငါလည်း နရသိန်ထဲမှာ ဖတ်ဖူးတယ်”

“မင်း နှစ်အကန့်အသတ် မရှိတွေက ဘယ်လိုလုပ်လျှော့ရက်ရမှာလဲ”
တင့်လွင်ဦး ၀င်ပြောလိုက်၍ အားလုံးငြိမ်းသွားသည်။ သူကပင် ဆက် ပြီး-

“နောက်ပြီးနေသားနဲ့ လျှော့ရက် ၁၄ နှစ်ရှိတယ်ပဲထား၊ ဥပဒေမှာ ဘယ်လိုရှိရှိ အဲဒီဥပဒေရဲ့ ခံစားခွင့်ကိုရအောင် ဘယ်သူက ငါတို့အတွက် ပြောပေး၊ ဆိုပေးမှာလဲ။ ငါတို့အားလုံး အိမ်က ထောင်ဝင်စာ လာနိုင်တဲ့သူ တွေလည်း မဟုတ်ဘူး။ မိသားစုနဲ့တောင် ဆယ်နှစ်ကျော်ဝေးနေပြီး သေလား ရှင်လားမသိ။ မိန်းမလည်း နောက်ယောက်ျားယူသွားပြီလား မသိ။ ကလေး တွေလည်း ဘယ်လိုဘ၀ရောက်နေမှန်း မသိတဲ့ ငါတို့က ဘာလုပ်နိုင်မှာမို့ လို့လဲ”

တင့်လွင်ဦးက ပြောရင်း အသံတိမ်ဝင်သွားသည်။
“စိတ်မပျက်ပါနဲ့ဗျာ။ ခင်ဗျားတို့အတွက် တစ်ခုခုတော့ ဖြစ်လာမှာပါ။

ကျွန်တော် ၀င်ရောက်နှစ်သိမ့်လိုက်သည်။ သူတို့အားလုံး သက်ပြင်းကိုယ်စီချပြီး ထွက်သွား ကြသည်။ ကျွန်တော်လည်း ဆက်ပြီးပြောစရာ မရှိ။ ပြောလည်း မပြောတတ်တော့။

ဟုတ်တော့လည်း ဟုတ်သည်။ သူတို့လို နှစ်ရှည်လများ ထောင်ထဲတွင် နေထိုင်လာခဲ့ကြ သည့် နှစ်အကန့်အသတ်မဲ့နှင့် ထောင်တစ်သက် အကျဉ်းသားများအတွက် နှစ်မတည်ပေးသရွေ့ မျှော်လင့်ချက် မရှိ။ သေတစ်ပန် သက်ဆုံး  ထောင်ထဲတွင် အရိုးဆွေးအောင် နေထိုင်သွားရုံမျှ သာရှိသည်။ ဘာမျှမတတ်နိုင်။ ဥပဒေအရ ခံစား ခွင့်ရရှိအောင်လည်း ရှေ့နေ မငှားနိုင်။ ထောင်ဝင် စာလည်း မလာနိုင်။ မည်သို့ပင်ဆိုစေကာမူ မည် သည့်ပြစ်မှုဖြင့် ထောင်ကျသည်ဖြစ်စေ အားလုံး သည် လူသားများဖြစ်၍ ကျွန်တော်တို့သည် လူ သားဆန်စွာဖြင့် စဉ်းစားရန်လိုအပ်သည်ဟု ထင်ပါသည်။

ကျွန်တော်တို့၏ ထောင်အတွေ့ အကြုံအရ အမှန်တကယ်ဆိုးသွမ်းရက်စက်ပြီး ထောင်ကျလာသူများရှိသလို၊ အမှတ်မထင် ကျူး လွန်မိရင်း ထောင်ကျလာသူများလည်း ရှိသည်။ လောဘဇောတိုက်ပြီး အချီပေါင်းများစွာ ဒုစရိုက် မှုကို ကျူးလွန်သူများ ရှိသလို၊ စားဝတ်နေရေး အခက်အခဲကြောင့် ဖြတ်လမ်းနည်းလိုက်ရင်း ထောင်ကျရသူများလည်း ရှိသည်။ တစ်လ၊ နှစ်လ၊ တစ်နှစ်၊ နှစ်နှစ် ကျသူများရှိသလို နှစ် တစ်ရာ၊ နှစ်ရာ၊ တစ်သက်၊ အကန့်အသတ်မဲ့ ကျရသူများလည်း ရှိသည်။ သူတို့အားလုံးသည် လူသားစင်စစ်များ ဖြစ်သည်။ ထို့ကြောင့် လူသား ဆန်စွာ စဉ်းစားပေးရန်လိုသည်ဟု ကျွန်တော် ထင်သည်။

ကျွန်တော် ၁၉၉၀ လွန်နှစ်များက အင်းစိန် ထောင်တွင် ကြုံခဲ့ရဖူးသော လူတစ်ယောက် အကြောင်းကို ပြောချင်သည်။ သူ့နာမည် ၀င်းမောင်ဖြစ်သည်။ သူ့အမေက ပန်းရောင်းသည်။ ဆင်းရဲသည်။ ကျောင်းထားတော့လည်း မပြည့်စုံ။ စာအုပ်ဖိုးတောင် အနိုင်နိုင်။ တခြားကျောင်း သားများကြားတွင် မျက်နှာငယ်သည်။ အိမ်ပြန် ရောက်တော့ အမေ့ကို ကူပြီးဈေးရောင်းရသည်။ စာကျက်ချိန်နည်းသည်။ စာမရလျှင် ကျောင်း တွင် ဆရာမ၏ အဆူအဆဲခံရသည်။ ထို့ကြောင့်ကျောင်းပြေးသည်။ လေသည်။

ထို့မှတစ်ဆင့် အပေါင်းအသင်းမှားပြီး ကြုံရာလစ်တတ်၊ ခိုး တတ်လာသည်။ သူခိုးလေးဝင်းမောင် ဖြစ်သွား သည်။ ထမီခိုးမှုဖြင့် ထောင်ကျသည်။ ထောင် ကလွတ်တော့ ရပ်ကွက်ထဲတွင် ခိုးမှုဖြစ်တိုင်း ရဲက မသင်္ကာ၍ ခဏခဏခေါ်မေးခံရသည်။ ပြုပြင်ချိန်မရ။ ပြုပြင်ဖို့လည်း အခွင့်အလမ်းများ မရှိ။ တဖြည်းဖြည်း သူခိုးကြီးဖြစ်လာပြီး ထောင် ထပ်ကျသည်။ ထောင်ထဲတွင် အကျဉ်းသား အချင်းချင်း အနိုင်ကျင့်မှုကို မခံနိုင်၍ လူသတ်မှု ဖြစ်သည်။ ၀ိရာမထောင်တွင်းလူဆိုးကြီးလုံးလုံး ဖြစ်သွားသည်။ ကျွန်တော်နှင့် တွေ့ချိန်တွင် ၀င်း မောင်သည် လူ ၃ ယောက်ကို သတ်ပြီးသော လူသတ်သမားကြီး ဖြစ်နေပေပြီ။ ထောင်သံသရာ မဆုံးတော့။ သူ့အတွက် ထောင်သာလျှင် အမေ့ အိမ်၊ ထောင်သာလျှင် အမေ့ကျောင်း ဖြစ်နေပြီး နောက်ဆုံးထောင်ထဲမှာပင် ဘ၀ဆုံးဇာတ်သိမ်း သွားသည်။ ကျွန်တော် တစ်ခါတစ်ခါ တွေးမိ၏။

ဝင်းမောင်အတွက် ပထမဆုံးထောင်ကျပြီး သူခိုး လေးဘ၀တွင် ပြုပြင်ချိန်၊ ပြုပြင်ရန်အခွင့်အလမ်း များ ပေးခဲ့ပါက သူခိုးလေးဟု ရပ်ကွက်ထဲတွင် ၀ိုင်းပယ်မည့်အစား၊ ရဲကမသင်္ကာ၍ခဏခဏခေါ် ယူစစ်ဆေးမည့်အစား ၀ိုင်းဝန်းဖေးမပြုပြင်ခဲ့ပါမူ ၀င်းမောင်သည် ယခုလို အဖြစ်ဆိုး၊ ဘ၀ဆိုးမျိုး ကို ကြုံတွေ့လိမ့်မည်ဟု မထင်ပါ။ ဆိုးသွမ်းသော ကလေးငယ် အတွက် ရိုက်နှက် ဆုံးမရန် ကြိမ်လုံး လိုပါသည်။ သို့သော် ကြိမ်လုံးသည် ၀ါးရင်း တုတ်တော့ မဖြစ်သင့်ပါ။

ယခုအခါ စနစ်ပြောင်း၊ ခေတ်ပြောင်းသည် နှင့်အညီ ထောင်တွင်းမူဝါဒများလည်း ပြောင်းလဲ နေပြီဟု ကြားသိရပါသည်။ ယခင် ဆိုရှယ်လစ် ဆောင်ပုဒ်ဖြစ်သော “ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ် မည်” ဆိုသည့်အစား ထောင်များ၊ ရဲဘက်စခန်း ကို Correctional Department စာရိတ္တပြုပြင် ပြောင်းလဲရေးအဖြစ်သို့ ရောက်အောင် အာဏာပိုင် အဆင့်ဆင့်မှ ကြိုးပမ်းဆောင်ရွက်နေသည်ဟု  လည်း သိရပါသည်။

အမှန်စင်စစ်အားဖြင့် ထောင်သည် လူ့ပတ် ၀န်းကျင်မှ သီးခြားဖယ်ထုတ်ခံထားရသော လူမှု အဖွဲ့အစည်းတစ်ခုသာလျှင် ဖြစ်ပါသည်။  တစ်နည်းအားဖြင့် ပြစ်မှုမျိုးစုံကို ကျူးလွန်ထား သော လူများဖြင့် ဖွဲ့စည်းနေထိုင်ရသော လူ့အဖွဲ့ အစည်းပင် ဖြစ်ပါသည်။ ထိုသို့သော လူများကို ပစ်ပယ်ထားမည့်အစား ပြန်လည်ကောင်းမွန်လာအောင်၊ မိမိ၏ အမှား အယွင်းများကို ပြန်လည် ဝေဖန်သုံးသပ်လာအောင် အခြေအနေကောင်းများ ကို ဖန်တီးပေးရန်လိုအပ်မည်ဟု ယူဆမိပါသည်။ ကျခံရသော ပြစ်မှုပြစ် ဒဏ်၏ အချိုးအစားလိုက် ထောင်ထဲတွင် ရေရှည်ထားမည့်အစား ပြင်ပ လောကတွင် လူမှုဝန်ထမ်းအလုပ်များကို ကူညီလုပ်ကိုင်စေခြင်း၊ ကောင်း မွန်စွာနေထိုင်ခြင်းဖြင့် မိမိအတွက် ဘ၀သစ်တစ်ခုတည်ဆောက်ရန် အခွင့် အရေး ရနိုင်သည်ဆိုသော မျှော်လင့်ချက်ရှိစေခြင်း အခြေအနေများကို တည် ဆောက်ပေးရမည် ဖြစ်သည်။

နိုင်ငံတကာ အကျဉ်းထောင်များတွင် လည်း  နှစ်ရှည်အကျဉ်းသားများမှ ထိုက်သင့်သော ပြစ်ဒဏ်ခံစားပြီးသူများကို ထောင်တွင်း ကောင်းမွန်စွာ နေထိုင်ခြင်းရှိ၊ မရှိပေါ်မူတည်၍ Parole ပေးခြင်းများ ရှိပါသည်။ ဆယ် စုနှစ်တစ်ခုကျော် ဆိုသည့် အချိန်ကာလသည် လူတစ်ယောက်၏ ဘ၀တွင် ပြောင်းလဲခြင်းများစွာ ဖြစ်နိုင်ပါသည်။ စိတ်ပညာရှုထောင့်အရ ပြင်ပလော ကနှင့် ဆယ်နှစ်ကျော် အဆက်ပြတ်နေထိုင်ကြသူများသည် ပုံမှန် စိတ်အနေ အထား ရှိနိုင်မည်မဟုတ်။ နိုင်ငံတော် အနေနှင့်လည်း များပြားလှသော အကျဉ်းသားများကို ပိတ်လှောင်ထားခြင်းဖြင့် အကျိုးမရှိနိုင် ပါ။ အစိုးရဘတ် ဂျက်အရ ၄င်းတို့၏ စားစရိတ်၊ ၀ယ်စရိတ်များဖြင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေ ပါသည်။ ပို၍ဆိုးဝါးသည်မှာ နှစ်အကန့်အသတ်မဲ့ အကျဉ်းသားများ၊ ထောင် တစ်သက်အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်တိုင်း ဖယ်ချန် ထားသလိုဖြစ်နေခြင်းပင်။

ယင်းအကျဉ်းသားများ ကိုယ်တိုင်ကလည်း ၄င်းတို့ အား အစိုးရမှ ပစ်ပယ်ထားသည်ဟု ခံစားနေရခြင်းပင်။ မျှော်လင့်ချက်ကင်းမဲ့ ဆိပ်သုဉ်းနေသော သူတို့သည် ကျားမကြောက်၊ မြွေမကြောက် ဖြစ်ချင်ရာဖြစ် ထင်ရာစိုင်းတတ်သည့် စရိုက်သဘာဝများ ဖြစ်ပေါ်လာတတ်ပါသည်။ ပို၍ ဆိုးဝါးလာသော အခြေအနေ တစ်ရပ်သည် ကျွန်တော်တို့အားလုံးအတွက် မည်သည့်ကောင်းကျိုးကိုမျှ မဖော်ဆောင်နိုင်ပါ။ လူ့အဖွဲ့အစည်းကိုလည်း အကျိုးမပြုနိုင်ပါ။ နှစ်အကန့် အသတ်မဲ့အကျဉ်းသားများနှင့် ထောင်တစ် သက်အကျဉ်းသားများကို ထိုက်သင့်သော နှစ်တည်ပေးရန်လိုပါမည်။ ထိုက် သင့်သော ပြစ်ဒဏ်ကို ခံစားအပြီးတွင် ပြင်ပလူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းစွာ နေထိုင် တတ်လာအောင် ပဲ့ကိုင်ထိန်းသိမ်းပေးဖို့ လိုပါသည်။ ၄င်းတို့အတွက် မျှော်လင့်ချက် အလင်း ရောင်များရှိနေကြောင်း ထင်ထင်ရှားရှား ပြသပေးဖို့ လိုပါလိမ့်မည်။

ညသည် နက်သည်ထက် နက်လာသည်။ ဆောင်းမြူတို့နှင့် ခြုံလွမ်း သော အအေးဓာတ်ဝင်ရောက်လာသည်။ ကင်းစောင့်ဗာရာတို့၏ အုန်းမောင်း  ခေါက်သံကိုလည်း ကြားရသည်။ ကျွန်တော် နားစိုက်ထောင်ကြည့်၏။ နှစ် ကြီးထောင်ဘက်မှ ထောင်တစ်သက်နှင့် နှစ်အကန့်အသတ်မဲ့ အကျဉ်းသား များ၏ မောဟိုက်နွမ်းနယ်နေသော သက်ပြင်းချသံများကို ဆူညံစွာကြား နေရ၏။ ခက်ခဲပင်ပန်းလွန်းသော ညနက်များစွာကို သူတို့ဆက်လက် ဖြတ် သန်းနေမည်သာ။


မြအေး
(Teen Magazine April 2012)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis