menu

Friday 17 August 2012

အိပ်မက်ဟာ သူ့နားထင်သူ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်(ငြိမ်းအေးအိမ်)

နည်းနည်းတော့ထူးဆန်းတယ်။ ဘာမှလည်း စိတ်စွဲတာမရှိ၊ အဆက်အစပ်မရှိဘဲ ဦးလေးကြီး ဦးစိန်သန်းကို အိပ်မက်မက်တယ်။  ဆောင်းအိပ်မက် ကယောက်ကယက် ဆိုတာမျိုးလား။ ဒီဇင်ဘာလလည်ရဲ့ မနက်လင်းလုလင်းခင်မက်တဲ့ အိပ်မက်ဆို တော့ အဲလိုပဲ ပြောရမလားမသိ။ အမေကတော့ မစွဲမလန်းဘဲနဲ့ အိပ်မက် မက်ရင် အမက်ခံရတဲ့ အဲဒီလူနေထိုင်မကောင်းလို့ဖြစ်ဖြစ် သူက မင်းကို သတိတရရှိနေလို့ဖြစ်ဖြစ် မက်တာမျိုးလို့ဆိုတာပဲ။ ဟုတ်လားတော့ မသိ။ သက်သေပြလို့ရတဲ့ဟာမှ မဟုတ်တာကိုး။ အဲဒီ ဦးလေးကြီးက ကျွန်တော့်ကို သတိတရရှိဖို့ဆိုတာတော့ ဝေးလှ။ ဖြစ်နိုင်ချေ နည်းပါ့။ လူက လူပျိုကြီး။ ဘယ်သူ့မှသိပ်သံယောဇဉ် ထားတတ်တာ မှ မဟုတ်ပဲ။ အိပ်မက်ထဲမှာ သူ ငယ်နေ ဝနေလိုက်ပုံများ မှတ်တောင် မမှတ်မိချင်ဘူး။ ပါးစောင်မှာခဲထားတဲ့ဆေးပြင်းလိပ်ကြီးက သူ့မျက်နှာ ဝအစ်အစ်မှာ တွဲလောင်းချိပ်နေလို့သာ သူ့အမှတ်အသားအဖြစ် မှတ်မိ လိုက်တာ။

သင်္ကေတဆိုတာ ဒါမျိုးပြောတာနေမှာ။ သင်္ကေတဝါဒီဆိုတာ တွေကလည်း အဲလိုမျိုးက စတာလားမသိ။ ခက်တာက အားလုံးလိုလို ကိုယ် မသိတာတွေကများတယ်။ ကိုယ်ဘာမှ မသိဘူးဆိုတာတစ်ခုတည်း ကိုပဲ ကိုယ်ပြန်ပြန်သိနေ၊ သတိရနေမိတာလေးကိုပဲ ကျေးဇူးတင်နေရ သေးတော့တယ်။
ထူးဆန်းတာက အိပ်မက်ထဲမှာ အအေးပုလင်းတစ်လုံးပါ ပါသေးတယ်။ အဲဒါကို သင်္ကေတတစ်ခုအဖြစ်သရုပ်ခွဲရင် အခြား တစ်ဘက်မှာ ဘာအနက်အဓိပ္ပါယ်တွေထွက်လာလေမလဲ မဆိုနိုင်ပြန်။
(အိပ်မက်ထဲမှာတော့) ရင်ပူနေတဲ့ကျွန်တော်ဟာ အအေး ပုလင်းတစ်လုံး အသည်းအသန်လိုက်ရှာနေတယ်။ တကယ်ဆို ဘီယာ အေးအေး တစ်ပုလင်းလိုက်ရှာဖို့ကောင်းတာပေါ့။ ဘာ့ကြောင့်လဲဆို အိပ်မက်ထဲမှာမဟုတ်တဲ့ ကျွန်တော်အရှင်လတ်လတ်ကြီးက ဘီယာ အေးအေး သိပ်ကြိုက်တတ်တာကိုး။ အချိုရည် အအေးပုလင်းတွေမှ သိပ်မသောက်တတ်တာကိုး။ အိပ်မက်ကိုက အဲသလို။ စကတည်းက သိပ်အချိုးမပြေတာ။
ပုလင်းတွေက တန်းစီ ထားတာမှ အပုံလိုက်ကြီး။ တံဆိပ် မျိုးစုံပါပဲ။ ရန်ကုန်အအေးဖျော်ရည် စက်ရုံတစ်ခု ကထုတ်လုပ်ထားတာ တွေပေါ့။ စပါ့ကလင်၊ ပက်ဆီ၊ ဗင်တို၊ ဖရူတို၊ ပင်မှည့်၊ လိမ္မော်၊အမျိုး ကိုစုံနေတာပဲ။ ကျွန်တော် ဘာတံဆိပ် သောက်ချင်တာလဲ။ လည်ချောင်း ကဖြင့် ရေဆာတဲ့ဝေဒနာနဲ့ ပူလောင်လှ ပြီ။ ကျွန်တော့်လက် တွေဟာ တံဆိပ်တွေကိုရွေးနေတာလား၊ ပုလင်းအေး မအေးကို စမ်းကြည့် နေတာလားမသိဘူး။ (ကျောင်းပြီးစ ကာလတုန်းက ဟိုအလုပ်လုပ်ရမလို ဒီအလုပ်လုပ်ရမလိုနဲ့ ကျွန်တော်တို့တတွေ အလုပ်ကိုင် ရွေးချယ်နေခဲ့ ကြပုံမျိုးပေါ့။ ကိုယ်ရွေးမိတဲ့အလုပ်တစ်ခုတည်းကိုပဲ သေတပန် သက်တဆုံး ရိုးမြေကျလုပ် ကိုင်ဆောင်ရွက်သွားကြရမယ့်အတိုင်း)။ ကျွန် တော့် ဖြစ်ပုံက လူပျိုကြီး မိန်းမရွေးနေတာနဲ့လည်း တူနိုင်တာပဲ။ လက်ကျန်အချိန်လေးမှာ တစ်ခုခုတော့ သေချာချင်မှာပေါ့။
ပုလင်းပုံကြီးဆီမှာ ကျွန်တော့်လက်ကတရွေ့ရွေ့သွားနေ တယ်။ နည်းနည်းအေးတယ်ထင်ရတဲ့ ပုလင်းတစ်လုံး ဆွဲထုတ်လိုက်တယ်။ တံဆိပ်က ဖရူတိုတဲ့။ ဟုတ်တယ်။ ဒီအမျိုးအစား ကျွန်တော်မသောက်ရ တာ၊ သောက်ခွင့်မကြုံတာ ဘယ်လောက်ကြာပြီလဲ။ နောက်တစ်ခု ကျွန်တော် သတိတရရှိနေတာက အဖေအလွန်ကြိုက်တဲ့ တံဆိပ်ဖြစ်နေ တာကိုပဲ။ အဖေကွယ်လွန်တာ (၁၀)စုနှစ်တစ်ခုကျော်ပြီ။ တမလွန်ရဲ့ ဟိုမှာဘက် ဘာရှိမှန်းမသိပေမယ့် စိတ်ထဲမယ် အဖေကတော့ ရှိနေမြဲ။လူတွေဟာ သေဆုံးသွားပြီးတဲ့နောက် ဘယ်ရောက်သွားကြတာလဲ။  သေပြီးသူတွေ ရောက်ရှိရာအရပ်တစ်ခုခုဟာ တကယ်ပဲရှိနေတာလား။ ရှိနေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာကော မဖြစ်နိုင်ဘူးလား။ သေတယ်ဆိုတာ ဘယ်မှရောက်သွားတာမဟုတ်ပဲ၊ သတ္တလောကကြီး ထဲက အပြီးတိုင်ချုပ်ငြိမ်းပျောက်ကွယ်သွားတာမျိုးရော မဖြစ်နိုင်ပေဘူး လား။ စဉ်းစားကြည့်ရင်တော့ ချာချာလည်ချင်စရာကြီး။
အဖေတောင် ဖရူတိုမသောက်ရတာ ဆယ်နှစ်ကျော်ရောပေါ့ လို့ တွေးနေရင်း အအေးပုလင်းဟာ လက်ထဲမှာသိပ်မအေးတော့သလို ခံစားရတယ်။ ဒါနဲ့ ဘေးနားကရေခဲသေတ္တာအကြီးကြီးကိုဖွင့်လိုက်တယ်။ အဲဒီထဲမှာလည်း အအေးပုလင်းမျိုးစုံ စုံစီနဖာပွလို့။ ရေခဲသေတ္တာထဲက ပုလင်းကတော့ အပြင်က ပုလင်းထက်ပိုအေးမှာပဲဆိုပြီး ဖရူတို တစ် လုံး ဆွဲထုတ်လိုက်တယ်။ တစ်ခုခုမှားနေသလိုပဲ။ ကျွန်တော့်လက်ထဲက ကိုင်ထားလက်စ ပုလင်းကပိုအေးနေတယ်။ အော်  မီးမလာလို့ အအေး သေတ္တာလည်းမအေးခဲနိုင်တော့ပါလားလို့တွေးရင်း လက်ထဲက ပုလင်း ကိုပဲ ဖေါက်သောက်ဖို့ကျိုးစားရတယ်။ ရင်ပူလိုက်တာ။ ဖေါက်တံက တော်တော်နဲ့ရှာမတွေ့ဘူး။ ဦးလေးကြီးဦးစိန်သန်းကတော့ ဆေးပြင်းလိပ် ငွေ့ တစ်ထောင်းထောင်းနောက်က အစ်တစ်တစ်မျက်နှာထဲမှာနစ် နေတဲ့ မျက်လုံးတစ်စုံနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ မျက်နှာက ပြုံးတုံးတုံး၊ မြုံစိစိနဲ့ ။ သူ့ကြည့်ရတာ ဖြစ်တည်ခြင်းရဲ့အနက်တစ်ခုခုကို လိုက်ရှာ နေသလိုလို၊ လောကကြီးထဲ သူမြင်တွေ့နေရတဲ့ အရာရာကိုပဲ လှောင် ပြောင် နေသလိုလို။ သူက အစစ်အမှန်တစ်ခုခုကို တွေ့ရှိထားပြီး၊ အစစ် ကိုမတွေ့ပဲ အမှားကို အမှန်ထင်ကိုးကွယ်နေသူ ကျွန်တော်တို့ကိုကြည့်     ရင်း သနားစရာသတ္တဝါတွေအဖြစ်  စိတ်ပျက်လက်ပျက်ဖြစ်နေ သလိုလို။ ဘာကြီးမှန်းလည်းမသိဘူး။
ရတနာပျောက်လို့ရှာပုံမျိုးနဲ့ အအေးတစ်ပုလင်းကို အသည်း အသန်လိုက်ရှာနေတဲ့ကျွန်တော့်လှုပ်ရှားမှုတွေကိုကြည့်ရင်း ရူးပါ့မောင်ရာ လို့ ထင်ချင်ရင်လည်း ခင်ဗျားရဲရဲ ထင်ပြစ်လိုက်လို့ ရသေးတယ်။
အနက်အဓိပ္ပာယ်တစ်ခုခုကို တွေ့အောင်ရှာရတဲ့ကိစ္စဟာ အမြဲလိုလို စိတ်ပင်ပန်းရတတ်ပြီး၊ ရှာတွေ့ပြီဆိုတဲ့အခါကျပြန်တော့လည်း စိတ်ဘဝင်ကျသွားမှာလား တော်တော်ကြီးကို စိတ်အနာတရဖြစ်သွားနိုင် သလားဆိုတာ မသေချာလှတဲ့အကြောင်း ဒီဦးလေးကြီး မေ့လျော့နေပုံရပါတယ်။ မှန်တယ်ထင်တာတွေ မှားခဲ့ပြီး ၊ အမှားလို့သတ်မှတ်ချက်တွေဟာ အခြေအနေအကန့်အသတ်တစ်ခုအောက် မှာ မှန်နေတတ်ပြန်တာကို အခါခါကြုံဖူးခဲ့ကြပြီပဲ။
တကယ်တော့ ဘဝဆိုတာ တစ်ခါတရံ သူစားလေ့ရှိတဲ့ ကွမ်းလိုပါပဲ။ မြိုချလည်းမဟုတ်၊ ထွေးထုတ်လည်း မဟုတ်ဆိုတာမျိုး။ အဲဒီမဟုတ်တာနှစ်ခုကြားထဲမှာ ကြိုက်တတ်တဲ့ အရသာ တစ်မျိုးမျိုးပါ နေလေတော့ ဒီအရည်မရ အဖတ်မကျန် ကွမ်းကိုပဲ မကြာမကြာ ဝယ်ဝယ် ဝါးနေမိတော့တယ်။
‘‘ကျွန်တော်တို့ဟာ တကယ့်ဘဝမှာနေထိုင်ကြတဲ့အခါမှာ ဘာမှမသေချာတာတွေကို အသည်းအသန်လိုက်ရှာနေကြပုံမျိုးကို အိပ်မက်အဖြစ်ဖန်ဆင်းပြီးပြန်မက်ပြနေတယ်လို့ ခင်ဗျားမထင်မိဘူးလား‘‘
ခုချရေးမိတဲ့အမေးဝါကျဟာ အိပ်မက်ထဲက ဦးလေးဦးစိန်သန်း  ကို အိပ်မက်ထဲက ကျွန်တော်က အိပ်မက်ထဲမှာပဲ  လှမ်းမေးလိုက်တာ လား။ ဒါမှမဟုတ် စာရေးနေတဲ့ ကျွန်တော်က ဒီစာကို မတော်တဆ ဖတ်မိမယ့် စာဖတ်သူ တစ်ယောက်ယောက်ကို လှမ်းမေးနေတာလား။ မသေချာဘူး။ ကျွန်တော် မသိဘူး။ တကယ်တော့ ကျွန်တော်မသိတာ တွေက ကျွန်တော်သိနှင့်ပြီးတာ (ဒါမှမဟုတ် သိတယ်လို့ထင်ထားတာ တွေ)ထက် မတန်တဆများနေတယ်။ ဘာမှမသေချာဘူးဆိုတာ တစ်ခု တည်းကသာ အသေချာဆုံးဖြစ်စဉ်ပါပဲ။
အဲလိုရင်းနဲ့ အိပ်မက်ထဲကကျွန်တော်ဟာ ဖေါက်တံကိုရှာတွေ့ သွားတယ်။ လက်ထဲမှာ ရတနာတစ်ပါးလို ကိုင်ထားတဲ့ ဖရူတို ပုလင်းကို ဖေါက်လိုက်တယ်။ အံဩစရာပဲ။ ပွင့်သွားတဲ့ပုလင်းဝဟာ မည်းညစ်ညစ် ချေးတွေနဲ့ တစ်ဝက်ပိတ်နေတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဘယ်လိုမှ သောက်ချင်စရာမရှိတဲ့ သောက်ဖို့မသင့်တဲ့ အနေအထားပဲ။ ကြက်ဥ တစ်လုံးသာ ဆိုရင်တော့ ပုပ်နေတဲ့ကြက်ဥလို့ပြောရမှာ။  သောက်သင့် မသောက်သင့် စဉ်းစားတယ်။ သောက်ရတော့မှာပေါ့လို့ ဆုံးဖြတ်တယ်။  လိုတာမရတော့တဲ့အခါ ရတာကိုပဲလိုသလောက်ယူတတ်တဲ့ လူ့သဘာဝ ကို သွားတွေ့တယ်။ ဟက်ကနဲ ရယ်ချလိုက်ချင်တယ်။ စဉ်းစားကြည့်ပါဦး ဒါဟာ အတော်ရယ်ချင်စရာကောင်းတဲ့ ဟာသတစ်ခုမဟုတ်ဘူးလား။
ဒါပေမယ့် လည်ချောင်းတွေက ပူလှပြီ။ ပုလင်းကို မော့မယ် အလုပ်၊ ပုလင်းဝမှာ အအေးသောက်တဲ့ ပလတ်စတစ်ပိုက်တံဝလေး တစ်ခု ပြူတစ်တစ်ဖြစ်နေ ပြန်တယ်။ ဘယ့်နှယ် တစ်ယောက်ယောက် သောက်ထားပြီးသား ပိုက်တံက ဘာ့ကြောင့် ပုလင်းသစ်တစ်လုံးထဲက ထွက်လာရပြန်တာလဲ။ ဒါလည်း ကျွန်တော် မသိပြန်ဘူး။ မသိတဲ့ အကြောင်းကို သိသိ နေတာကို ခက်နေပြန်တယ်။ ကျွန်တော်ပိုက်တံကို ဆွဲထုတ်လိုက်တယ်။ သကောင့်သားပိုက်တံက အကောင်းအတိုင်း မဟုတ်ပြန်ဘူး။ တမင်ကို လိမ်ခေါက်ထားတဲ့အနေအထားနဲ့။ အအေးအတူသောက်ရင်း သမီးရည်းစား နှစ်ယောက် စိတ်ကောက်ကြ တဲ့အခါ ကောင်မလေးက အလုပ်မရှိ အလုပ်ရှာပြီး ပိုက်တံကို ပယ်ပယ် နယ်နယ် လိမ်ခေါက်ထားသလိုမျိုး။ လိုချင်တာတစ်ခုကို အသည်းအသန် ရှာဖွေလို့ရလာပြန်တော့လည်း ကောင်းကောင်းကန်းကန်း မဟုတ်ပါလား လို့ တွေးနေမိပြန်တယ်။ ပိုက်တံကိုဆွဲနှုတ်ရင်း ဦးလေးကြီးဆီ ခြေလှမ်း လှမ်းလိုက်တယ်။ ပုလင်းကို မော့မသောက်ခင်မှာ မရှိတော့တဲ့ အဖေ့ကို သတိရလိုက်သေးတယ်။ တစ်ဆက်တည်းမှာပဲ ဖရူတိုကိုပဲ ကြိုက်တတ် တဲ့ ကျွန်တော့်သားခမျာ သူ့ပုလင်းရှာအလှည့်မှာ ပုလင်းသန့်သန့် အေးအေးလေးမှ ရပါလေစလို့ ပူပန်မိပြန်တယ်။ လူတွေများ၊ ကိုယ် တောင် မရလိုက်တဲ့ဟာတစ်ခုကို ကိုယ့်မျိုးဆက်ကျ ရစေချင်ပြန် ကြတယ်။
ခြေလှမ်းတွေရွေ့ရင်း နှုတ်က စကားတွေ ထွက်ကျနေတယ်။
ဦးလေးကြီးရေ ကျွန်တော်တို့ဟာ ဘဝမှာ ဘာတွေကိုရှာဖွေနေကြပြီး၊ ဘာတွေကို တွေ့ရှိခဲ့ကြတာလဲ။ ရှာဖွေဆဲမှာ နာကျင်ပြီး ရှာတွေ့သွား ပြန်တဲ့အခါ စိတ်ထိခိုက်ကြရဦးမှာပဲလား။ အဲလိုဆိုရင် ခင်ဗျားတို့ရဲ့ ဘဝဆိုတဲ့ဟာကြီးက သိပ်တော့ဖြင့်စွံမယ့်ပုံ မပေါက်ပါဘူးဗျာ။ ဒါမှမဟုတ် ဘဝဆိုတာ ခင်ဗျား ဖွာထုတ်လိုက်တဲ့ မီးခိုးငွေ့တွေလိုပဲလား။ အဲလို လှမ်းမေးလိုက်မိတယ် ထင်တာပါပဲ။ အိပ်မက်ထဲမှာပါ။
လူတွေဟာ ဘာ့ကြောင့်များ ကိုယ့်နားထင်ကိုယ် သေနတ်နဲ့ ပစ်ခတ်ဝံ့ခဲ့ကြပါလိမ့်။
အဲသလိုစဉ်းစားနေတုန်းမှာပဲ ကျွန်တော့်အိပ်မက်ဟာ သူ့ နားထင်သူ သေနတ်နဲ့ ပစ်ခတ်ပြလိုက်တဲ့အတွက် ကျွန်တော်လည်း အိပ်မက်ထဲကလွင့်စင်ထွက်လာခဲ့ရတယ်။ အအေးလေးတစ်ငုံတောင် သောက်ခွင့်မရခဲ့ဘူး။


၂၀ဝ၆ ဒီဇင်ဘာ ၁၅ (၁၁း၂၀နာရီ)မြစ်ကြီးနား၊ နဂါးနှစ်ကောင်ဟိုတယ်(၃၀၉)
 From facebook page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis