menu

Monday 16 July 2012

ဘ၀ထဲမှပုဂံ (သို့မဟုတ်) ဆေးရေးပန်းချီ သမားများ(ကိုနော်(ပုဂံ))

အရာခပ်သိမ်းသော၊ သတ္တ၀ါအပေါင်းကို ငြိမ်းအေးစေသော မြတ်ဗုဒ္ဓအားရည်မှန်း၍ ရှေးခေတ်မင်း၊ သူကြွယ်အပေါင်းတည်ထားခဲ့သည့် ဘုရားအဆူဆူကြားတွင် နေပူမရှောင်၊ မိုးရွာမရှောင် ရှာဖွေလုပ်ကိုင်စားသောက်နေရသော သူတို့လေးတွေ၏ ဘ၀ကို ကျွန်တော် သိနေခြင်းပင်  . . .

"What you see is not there. What you know is there."
''အဲ့ဒီမှာ မင်းမြင်တဲ့အရာဟာ မရှိပါဘူး။မင်းသိတဲ့အရာသာရှိတာပါ။''  
ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆို၏ စကားကို အမှတ်မထင် သတိရမိလိုက်သောနေရာသည် ပုဂံမြို့ဟောင်း အတွင်းရှိ အညတရ  ပန်းချီသမားလေးများ ၀န်းကျင်တစ်ဝိုက်တွင် ဖြစ်၏။  
ထီးလိုမင်းလိုဘုရားတွင် ပိတ်ပန်းချီဆိုင် ဆယ့်လေးငါးဆိုင် အနည်းဆုံး ရှိမည်ထင်သည်။ ကျွန်တော်နှင့် ထိုင်စကားပြောနေသော ပန်းချီသမားနှစ်ယောက်မှ လွဲလျှင် ကျန်ပန်းချီသမားများသည် ဆိုင်အသီးသီးဝယ် စားပွဲခုံလေးများဖြင့် ပန်းချီရေးဆွဲနေကြ၏။

''သဲပန်းချီကားတစ်ချပ်အတွက် ပထမဆုံး ပိတ်သားကို ချုပ်ဆေး အဖြူပတ်ရတယ်''   
လေတစ်ချက် ဝှေ့တိုက်လိုက်ရာ ဆိုင်၌ချိတ်ဆွဲထားသော ပိတ်ပန်းချီကားလေးများ၏ ပိတ်သားလွှာအချင်းချင်း ရိုက်ခတ်သွားသောကြောင့် မြည်သံဆွဲ အလင်္ကာသံတစ်မျိုးဖြစ်ကာ ၀န်းကျင်တွင် လွင့်ပျံ့သွား၏။ အသံလာရာဆီသို့ ဘုရားဖူးလာဧည့်အပေါင်း လှည့်ကြည့်မိ၏။ပန်းချီကားလေးများသည် သူ၏သခင်ဆိုင်ရှင်ကိုယ်စား ခရီးသွားတို့ကို ဈေးခေါ်ပေးနေသလား အတွေးကျွံမိသည်။
''ပိတ်ကို ကျွန်တော်တို့ ဘိုမတက်ထရွန်ကို သုံးပါတယ်။ ချုပ်ဆေးအဖြူပတ်ပြီး ကော်သုတ်တယ်။ အရင်ကတော့ တမာကော်တို့ ထနောင်းကော်တို့ သုံးခဲ့တာပေါ့။ ခုတော့ နို့ကော်ကို သုံးကြတယ်။ နို့ကော်ကမြန်တယ်။ ခိုင်တယ်။ ကော်တင်ပြီး နှစ်နာရီ၊ သုံး နာရီလောက် အခြောက်ခံရတယ်။ ခြောက်သွားရင် နောက်တစ်ခါ ထပ်သုတ်တယ်။  
''ပြီးရင်သဲတင်တာပေါ့။ သဲက သုံးမျိုးလောက်ရှိတယ်။ အောက်ခံ အရောင်လေးနဲ့ လိုချင်ရင်ဆိုပါတော့ အ၀ါရောင်လိုချင်ရင် ချောင်းသဲကို သုံးတယ်။ ချောင်းသဲက ၀ါတယ်။ ဖြူချင်ရင်သောင်သဲပေါ့။ ဧရာဝတီ ဖြစ်ကမ်းကသဲသုံးတယ်။ ရှေးဟောင်း အရောင်လိုချင်တယ်၊ အောက်ခံညို့ ချင်တယ်ဆိုရင်တော့ ဘုံနုကို သုံးတယ်။ သဲကိုသည်အတိုင်းကပ်လို့ မရဘူး။ ထောင်းရသေးတယ်လေ။ ဆန်ကာလည်းချရတယ်။ အမှိုက်၊ ခဲကင်းအောင်လုပ်ရတယ်။ ခြောက်အောင်လှန်းရတယ်။ သဲကပ်ပြီးရင် ကော်ပြန်လိုက်ရတယ်။ နှစ်ထပ်သုံးထပ်လိုက်တယ်။
''ပြီးမှ ခဲတံနဲ့ ကောက်ကြောင်း လိုက်တယ်။ ကညစ်လို့ခေါ်တဲ့ ဂေါက်နဲ့ ဒီဇိုင်းဆွဲ ဆေးထည့်၊ ဆေးသွင်း လုပ်ကြတယ်။ backround ကတော့ နောက်ဆုံးအပြီးသတ်ပဲ ''ပန်းချီသမားလူငယ်က သဲပန်းချီအကြောင်း စိတ်ရှည်စွာ ရှင်းပြသည်။ ဖွားတော်မူခန်း၊ ဗုဒ္ဓ၀င်ခန်းများကို ငါးရက် ခြောက်ရက်မျှကြာအောင် ရေးဆွဲရကြောင်း ပြောသည်။ သူတို့ရေးဆွဲထားသော ကားများကိုကြည့်လျှင် ပုဂံဘုရားများမှ နံရံဆေးရေးပန်းချီများကို ပုံတူရေးဆွဲထားသည်လည်း ပါသည်။ သူတို့ကိုယ်တိုင် ဖန်တီးရေးဆွဲထားသည်များလည်း ပါသည်။ တုပ ရေးဆွဲထားသည်များလည်း ရှိမည်။  
''ကျွန်တော်က ဆယ်တန်း မအောင်ပါဘူး။ ကျွန်တော်က ငယ်ငယ်ကတည်းက အလုပ်လုပ်တယ်။ လေးတန်းကျောင်းသားကတည်းက ဒီအလုပ်ကို လုပ်နေပြီ။''  
ပန်းချီသမားလေး၏ မိဘများသည် ကိုးလုံးတန်းအရပ်ဘက်မှဖြစ်ကြောင်း သိရသည်။ သူ၏အဘိုး အဘွားများသည် အစဉ်အလာအားဖြင့် ၀မ်းရေးအတွက် ရေလုပ်ငန်းကို လုပ်ခဲ့ကြရသည်ဟုဆိုသည်။
''အရင်တုန်းကတော့ ဧည့်ကလည်းရှားတော့ စက်ဘီးလေးတစ်စီးနဲ့ ဘုရားတကာလိုက်ပြီး ကိုယ့်ပန်းချီကားလေးတွေကို ဧည့်သည်နောက်လိုက်ပြီး ဖြန့်ပြလိုက်၊ လိုက်ရောင်းလိုက်နဲ့ပေါ့။''
ခုတော့ ဘုရားအဆူဆူလိုက်ပြီး ရောင်းစရာ မလိုတော့။ သူ့တွင် ကိုယ်ပိုင်ဆိုင်ခန်းရှိနေပြီဟု ဆိုချင်ပုံရသည်။ သို့ရာတွင် သူငယ်စဉ်ကလိုပင် ဘုရားအဆူဆူကြား ဧည့်သွားရာခြေကုန်အောင်လိုက်၍ ရောင်းနေရသည့် ဘ၀များစွာ ရှိနေသေးသည်ကိုလည်း သူငြင်းဆိုနိုင်လိမ့်မည်မဟုတ်။  
''လေးတန်းလောက်တုန်းကစပြီး သင်ခဲ့ရတာ ယွန်းပညာပါ။ ပိတ်ပေါ်မှာ ပန်းချီရေးတာကိုတော့ ဦးမောင်မြတို့ ဦးမောင်ကြည်တို့ဆီက လက်ဆင့်ကမ်း သင်ခဲ့ပါတယ်။ သဲပန်းချီကတော့ ပုဂံကိုငယ် ဆီကပါ။ သဲပန်းချီရယ်လို့ ပုဂံမှာ ရေးဆွဲပြီး ရောင်းချတာ နှစ်နှစ်ဆယ်လောက်ပဲ ရှိဦးမယ်ထင်တယ်။''

အရာခပ်သိမ်းသော၊ သတ္တ၀ါအပေါင်းကို ငြိမ်းအေးစေသော မြတ်ဗုဒ္ဓအားရည်မှန်း၍ ရှေးခေတ်မင်း၊ သူကြွယ်အပေါင်းတည်ထားခဲ့သည့် ဘုရားအဆူဆူကြားတွင် နေပူမရှောင်၊ မိုးရွာမရှောင် ရှာဖွေလုပ်ကိုင်စားသောက်နေရသော သူတို့လေးတွေ၏ ဘ၀ကို ကျွန်တော် သိနေခြင်းပင်  . . .
ပိတ်ပန်းချီ၊ သဲပန်းချီ၊ သဲပန်းပု ပန်းချီ၊ ကျောက်ပန်းပုပန်းချီ၊ အင်းကြင်းကျောက်မှုန်များဖြင့် အဆင်တန်ဆာပြုထားသည့် ပန်းချီဟူ၍အမျိုးမျိုး သူ့ဆိုင်တွင် ရှိသည်။ ကိုယ်တိုင်ရေးဆွဲတာရှိသကဲ့သို့ တခြားဆရာများ ရေးဆွဲထားသည်လည်း ရှိ၏။ ဥရောပ သားသုံးလေးဦး သဲပန်းချီရေးဆွဲနေသည်ကို စိတ်ဝင်တစား လေ့လာနေသည်။
''စပိန်၊ အီတလီ ခရီးသွားတွေ ၀ယ်ကြတယ်။ အာရှကလည်း ၀ယ်ပါတယ်။ တစ်ခါက ထိုင်းကုန်သည်တွေ လာဝယ်ဖူးတယ်။ အလိပ်လိုက်ပဲ။ အလျား ၁ ပေ၊ အနံ ၆ လက်မ ဆိုက်တွေ။ နှစ်ခေါက် သုံးခေါက်ပဲ။ ဆိုင်တိုင်းရောင်းလိုက်ကြရတယ်။ သူတို့က ဟိုမှာပြန်ရောင်းကြမှာလေ။ ဗီ ယက်နမ်လဲ အဲဒီလို လာဝယ်ဖူးတယ်။''
ပြည်တွင်း ဘုရားဖူးများနှင့် ပြည်ပနိုင်ငံခြားသားများအပေါ် ရောင်းချပုံ တူညီမှုမရှိခြင်းနှင့် စပ်လျဉ်း၍-  
''လက်မှုပညာကို ချစ်တဲ့ နိုင်ငံခြားသားတွေကြတော့ ဈေးပိုရောင်းတာတော့ မဟုတ်ဘူး။ လက်မှုပညာရဲ့ တန်ကြေးကို သူတို့သိအောင်လို့ပါ။ သူတို့ကလည်း သိပါတယ်။ ကျွန်တော်တို့ကလည်း လက်မှုပညာရဲ့ တန်ကြေးကိုမြှင့်ချင်တဲ့ဆန္ဒနဲ့ တန်ဖိုးမြှင့်တင်ရောင်းတယ်။ ဥပမာ ဗမာ ငါးထောင်ရောင်းတဲ့ ပစ္စည်းကို နိုင်ငံခြားသားကြတော့ ဒေါ်လာ(၁၀/၁၅) နဲ့ ရောင်းတယ်။ ပစ်စလက်ခတ်ကြီး ရောင်းတာမျိုးတော့ မဟုတ်ပါဘူး။''   
ဧည့်သည်ကို အရုပ်ရေးကြည့်ရလောက်အောင် ပါးခဲ့သော အချိန်ကာလတွေ ကြုံခဲ့ဖူးကြောင်း သူက ပြောပြသည်။ ထိုကာလများမှာ ဆားရောဂါ ဖြစ်ခဲ့တဲ့အချိန်မျိုး၊ စက်တင်ဘာအရေးအခင်းလို ကာလမျိုးပေါ့ဟု ဆို၏။ ခရီးသွားလုပ်ငန်းကိုအကြောင်း ပြုပြီးလုပ်ကိုင်ရသော သည်အလုပ်မျိုးမှလွဲရင် တခြားဘာလုပ်ရမလဲ မစဉ်းစားတတ်ပါဘူးဟု ပြောသည်။
''ကျွန်တော့ ဘ၀အနေနဲ့ပြောရရင် ဒီလုပ်ငန်းလေးဟာ ချစ်စရာ ကောင်းပါတယ်။ အောင်မြင်နေလို့ ပြောတာ မဟုတ်ပါဘူး။ ခုကျွန်တော် လုပ်ကိုင် ရောင်းချနေတဲ့ အလုပ်က ဗုဒ္ဓရဲ့ဇာတ်တော်တွေ၊ ဗုဒ္ဓရဲ့ဖြစ်စဉ်တွေကို နိုင်ငံခြားသားတွေလာရင် အကျယ်တ၀င့်ပြောပြရတယ်။ ရှင်းပြ ရတယ်။ သူတို့နားလည်အောင် အင်္ဂလိပ်စာကိုလည်း လေ့လာထားပါတယ်။ ကိုယ့်ယဉ်ကျေးမှုကိုလည်း နိုင်ငံခြားတိုင်းပြည်တွေ ပျံ့နှံ့စေတယ်။ ဗုဒ္ဓဘာသာကို သူတို့ စိတ်ဝင်စားလာ စေနိုင်တယ်။ ပြီးတော ပုဂံဒေသရဲ့ လက်ရာဖြစ်တဲ့အတွက် သူတို့အမှတ် တရ၀ယ်သွားကြသလို ကျွန်တော်တို့အတွက်လည်း အဆင်ပြေတယ်ပေါ့။ ခုဆို ကျွန်တော်ရဲ့ မိသားစု အားလုံး ဒီလုပ်ငန်းမှာ ပါဝင်လာကြပြီ''
ပန်းချီဆိုင်လေး အတွင်းသို့ နိုင်ငံခြားသား တချို့ဝင်လာသည်။ ပန်းချီသမားသည် သူ၏ပန်းချီကားပေါ်တွင်သာ အာရုံစူးစိုက်ရေးဆွဲနေသည်။ ပုဂံခေတ် အမျိုးသမီးတစ်ဦး ပုံဆွဲနေခြင်းဖြစ်သည်။ အနီရောင် နောက်ခံနှင့် ပုဂံသူ၏ ကိုယ်နေဟန်သည် နွဲ့ပျောင်းသိမ်မွေ့လှ၏။ ကြာပန်း တစ်ပွင့်ကို လက်တွင်ကိုင်ထားပြန်ရာ ပုဂံသူ၏ အလှကို ပို၍ပေါ်လွင်သွားစေသည်။ တခြားသော နေရာများတွင်လည်း ပန်းချီသမားလေးများသည် သူတို့၏ ဖန်တီးမှု အသီးသီးဝယ် အာရုံဝင်စားလျက်ရှိကြ၏။ ပန်းချီကားလေးများကား လေတိုးလိုက်သည့်အခါတိုင်း သူတို့ဝတ္တရား မပျက် မြည်သံစွဲအလင်္ကာဖြင့် လာသမျှ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်အပေါင်းကို ခရီးဦးကြိုပြုနေသည်။   
ထီးလိုမင်းလိုမှ အထွက် ပုဂံမြို့ဟောင်းအတွင်း ဖြတ်လာသောအခါ ဧည့်ကားတစ်စီးနောက်တွင် ပန်းချီကားလိပ်များ၊ ခြင်းများယူဆောင်လျက် ဆိုင်ကယ်၊ စက်ဘီးကိုယ်စီဖြင့် ကပ်ပါသွားသည်ကို ဖျတ်ခနဲမြင် တွေ့လိုက်ရ၏။
ကျွန်တော်၏ အာရုံတွင် စောစောပိုင်းက မြင်တွေ့ခဲ့ရသည့် ဗုဒ္ဓ၀င် ပန်းချီကားများ၊ ပုဂံခေတ်ပျိုဖြူ၏ အလှများ၊ အလင်းအမှောင် အသွေးအရောင်စုံလှသော လက်ရာမြောက် ရောင်စုံပန်းချီကားများ၊ စုတ်တံနှင့် ဆေးများ၊ ပန်းချီကားများအပေါ် ခံစားခဲ့ရမှုများသည် ရုတ်ခြည်းလွင့် ပျောက်သွားသည်။ ထိုသို့ လွင့်ပျောက်သွားခြင်းနှင့်အတူ ပြန်လည်အစားထိုး ၀င်ရောက်လာခြင်းကားသူတို့ လေးတွေ၏ ဘ၀။ အရာခပ်သိမ်းသော၊ သတ္တ၀ါအပေါင်းကို ငြိမ်းအေးစေသော မြတ်ဗုဒ္ဓအားရည်မှန်း၍ ရှေးခေတ်မင်း၊ သူကြွယ်အပေါင်း တည်ထားခဲ့သည့် ဘုရားအဆူဆူကြားတွင် နေပူမရှောင်၊ မိုးရွာမရှောင် ရှာဖွေလုပ်ကိုင်စားသောက်နေရသော သူတို့လေးတွေ၏ ဘ၀ကို ကျွန်တော် သိနေခြင်းပင်။
ဒါကြောင့် ပီကာဆိုကြီးက မင်းမြင်တဲ့အရာ မရှိပါဘူး။ မင်းသိတဲ့အရာသာ ရှိတာပါလို့ဆိုခဲ့သည်လားတော့ မသိ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis