menu

Monday 16 July 2012

“ချောင်းကိုပစ်၍ မြစ်ကိုရှာ”(စိုးမင်း)

          ရခိုင်ပြည်နယ်မှာ မြစ်ချောင်းအင်းအိုင်တွေ ပေါများတယ်ဆိုပေမယ့်လည်း ရိုးမတောင်ကြောကြီးက ဘင်္ဂလားပင်လယ်အော်ကြီးနဲ့ကပ်လျက် အပြိုင်တည်နေတာဆိုတော့ မြောက်ဘက်ပိုင်းမှာသာ ကုလားတန်မြစ် (သူတို့ခေါ် ကစ္စပနဒီ)၊ လေးမြို့မြစ်၊ မေယုမြစ်၊ နတ်မြစ်ရယ်လို့ မြစ်တပ်ခေါ်စရာရှိပြီး ကျန်တာကတော့ ချောင်းငယ်မြောင်းငယ်ကလေးတွေ များပါတယ်။ ပြည်မကမြစ်ကြီးလေးသွယ်လို မြန်မာပြည်တနံတလျား ဝေးလံခေါင်ဖျား စီးဆင်းနေစရာမလိုပဲ ရခိုင်ရိုးမက စီးကျလာရင် ရွှတ်ကနဲ ပင်လယ်ဝ ရောက်သွားပါလေရော။ ဒါပေမယ့်လည်း ကုန်းတွင်းပိုင်းကို ၀င်လေသမျှ မုတ်သုန်မိုးတွေက သူ့အပေါ်မှာ အရင် ချစ်မိုးစွေခဲ့တာဆိုတော့ အင်မတန်စိမ်းလန်းတဲ့ ရေဝေရေလဲ တောတောင်သျှိုမြောင်ကလေးတွေ ပေါပါတယ်။ ချောင်းဆိုပေမယ့်လည်း အညာဒေသက ဒေါင်းသေတို့ ဆင်သေတို့လို နွေမှာ ရေစပ်စပ်ပဲကျန်တဲ့ သဲချောင်း၊ တောင်ကျချောင်းမျိုး မဟုတ်ပဲ ရေအားကောင်းကောင်း ချောင်းဝကျယ်ကျယ်နဲ့ပါ။ ရေစီးတန့်သွားလို့ သဲငွေသောင်ကျွန်း ထွန်းစရာတောင် သိပ်မရှိလှပါဘူး။
ရေစီးရှိန်မကုန်ခင် ပင်လယ်ဝကပြန်တက်လာတဲ့ ဒီရေအတက်အကျနဲ့တွေ့တော့ မြစ်ဝကျွန်းပေါ်အရပ်လိုပဲ လှေကလေး လောင်းကလေးတွေနဲ့ သွားရလာရ လွယ်ကူကြတာပေါ့။ သို့သော်လည်း ဟိုဘက်မှာလို ဗေဒါတွေ ဒိုက်ပုံတွေတော့ မတွေ့မိပါဘူး။ အုန်းပင် ဓနိတော၊ ကိုင်းတောကြီးတွေပဲ ပေါပါတယ်။
       ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဆိုတာတောင် ပေါ်လာတာ ဘာမှ မကြာသေးပဲ ခုထက်ထိ ဖောက်လို့ကောင်းတုန်း၊ ပြင်လို့မဆုံးရှိတုန်းဆိုတော့ ရခိုင်မှာစည်ကားတဲ့ မြို့ကြီး ရွာကြီးများဟာ ရေဆိပ်ရှိတဲ့နေရာတွေဖြစ်နေတော့တာ မဆန်းပါဘူး။ ဒါကြောင့်လည်း တောင်ကုတ်လောက်က ကလေးထိန်းလာလုပ်တဲ့ သူငယ်မလေးတွေက စစ်တိုင်းကြီး ရုံးစိုက်ရာ အမ်းရွှေမြို့ကြီးကို ဂနိုင်စာရင်းသွင်းထားပြီး ရွှေထွက်ရင်တောင် မနေနိုင်ပေါင်တော် လို့ အော့ကြောလန်ကြတာနေမှာပ။ ရုံးတော်ပေါ်က စေလိုရာစေ ဘိုးဘိုးကြီးများကတောင် “ရခိုင်ပြည်နယ်တစ်ခုလုံး ဘယ်နေရာသွားသွား၊ သွားချင်တဲ့နေရာသွား ဆရာဝန်တစ်ယောက်အတွက် ထမင်းငတ်စရာမရှိဘူး။ အကုန်ဂျီပီကောင်းတယ်။ အမ်းကလွဲလို့။” လို့ ပြောစမှတ်ရှိကြတာ ကြားနာဖူးပါရဲ့။ ကိုယ်ကတော့ အမ်းမှာ ပျော်ပျော်ကြီးနေလာခဲ့တာ ကြာပြီဆိုတော့ တယ်ဟုတ်တဲ့ငါပါလားလို့ စိတ်ကြီးတွေ ၀င်ပြီး ဒီတစ်ခါတော့ ရခိုင်မှာ အခေါင်ဆုံးလို့ ဆိုတဲ့ အမ်းမြို့နယ်ထဲက အခေါင်တကာ့ အခေါင်ဆုံးဆိုတဲ့ နေရာလေးတွေကို သွားလည်ချင်စိတ်တွေ ပေါက်လာပါတယ်။ ဒါနဲ့ပဲ အမ်းမြို့နယ် မြေပုံကြီးကို ကြည့်လိုက်တဲ့အခါ ဘာမြို့ ဘာရွာ၊ ဘာအမှတ်တံဆိပ်စာသားကလေးတွေမှ တပ်ထားလို့မရပဲ ပလာဟင်းလင်းကြီးဖြစ်နေတဲ့ မြောက်ဘက်စူးစူးက ဒလက်ချောင်းဖျားရှိရာကို သွားလည်ဖြစ်ခဲ့ပြန်ပါတယ်။
          အဲသည်အရပ်က ဘယ်လောက်ခေါင်သလဲဆိုရင် မြေပုံပေါ်မှာ ကျေးရွာအုပ်စုနံမယ်တောင် ထိုးထားစရာ တစ်ခုနှစ်ခုပဲရှိပြီး အစိုးရအုပ်ချုပ်ရေး ရုံးအဆောက်အဦ ဘာဆိုဘာမှ မရှိ။ ကျေးလက်ကျန်းမာရေးဆေးပေးခန်းတောင် အခုမှ ဆောက်မလို့ နေရာရှာထားတုန်း၊ ကားလမ်းက နွေအခါမှာ တ၀က်လောက် ၀င်လို့ရပြီး မိုးတွင်းမှာတော့ လှေနဲ့ဆန်ရုံကလွဲလို့ ဘာမှ မရှိ။ ချောင်းစပ်မဟုတ်တဲ့နေရာတွေမှာ ချင်းရွာကလေးတွေရှိပြီး နံမယ်ဘယ်လိုခေါ်သလဲဆို ဘယ်သူမှ ရေရေရာရာ မပြောနိုင်ပဲ တောင်ပေါ်သားတွေ နေတဲ့ရွာလေးတွေ လို့ပဲ ပြောကြပါတယ်။ လူတွေနေတာကတော့ အမှန်ပါ။ ဘာလို့ဆိုတော့ ဆေးရုံကို အဲသည်ဘက် လူနာတွေ ရောက်ရောက်လာကြသားပဲ။ များသောအားဖြင့် စောင်ကြားကြီးကို ၀ါးဘိုးဝါးနဲ့လျှိုပြီး လူနာကို ရှေ့တစ်ယောက် နောက်တစ်ယောက်ထမ်းလာကြတာ လမ်းမှာတင် နှစ်ရက်ကြာခဲ့သတဲ့။ ဗန္ဓုလစစ်ချီတဲ့နည်းကို သည်နေ့အထိသုံးနေကြတုန်းပါပဲ။ ဆေးရုံမှာတော့ အဲလိုလူနာတွေလာရင် “ဆရာရေ။ ဟတ်စကီးတစ်စီး ရောက်နေတယ်။” လို့ အကြောင်းကြားကြပါတယ်။ အဲလိုခါဆိုရင် ခါတိုင်းလို “ဟိုဟာလုပ်ထားနှင့် ဒီဟာလုပ်ထားနှင့်” ဖုန်းနဲ့ မှာတမ်းချွေလို့ မရပဲ ကိုယ်တိုင်ချက်ချင်းတက်ကြည့်မှ ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ သူတို့တွေက ကိုယ့်ဆီမလာခင် ရမ်းကုရော၊ ဓါတ်ကုရော၊ နတ်ကုရော၊ လုပ်ချင်တာတွေ အကုန် ပေါက်ကရလုပ်ထားပြီး ဘာနဲ့မှ မရလို့ ကိုယ့်ဆီရောက်လာတာပါ။ မြန်မြန်သွားကြည့်ပြီး “အောင်မယ်မင်း မသေလို့တွေ့ရ မေ့နိုင်ပါရိုးလား။” လို့ သဘောထားပြီးသာကု၊ သေမယ့်ကံမပါသေးလို့ ကိုယ့်ဆီရောက်လာတာဆိုတော့ ကိုယ်ကလည်း လုပ်ချင်တာတွေ လျှောက်လုပ်လိုက်လို့ ရသေးတယ်။ သေမှာ မဟုတ်ဘူး။
          ဆေးရုံအနေနဲ့ ဒလက်ကျေးရွာအုပ်စုကို သိနေရတဲ့အကြောင်းကတော့ ကာကွယ်ဆေးထိုးထွက်ရင် အဝေးဆုံးနေရာ (ညအိပ်ညနေ သွားမှရတယ်) တီဘီလူနာတွေ ဆေးပြတ်သွားရင် အလိုက်ရခက်ဆုံးနေရာ (တစ်လတစ်ခါ ဆေးလာထုတ်ဖို့ ချိန်းတာတောင် ပြန်လာနိုင်ဖို့ မလွယ်)။ ကျေးလက်ကျန်းမာရေးဆေးပေးခန်း အသစ်ကလေးတစ်ခု တိုးချဲ့ဖွင့်ထားပေးမယ့်နေရာ လို့ ရင်းနှီးပြီးသားပါ။ အမ်းကမပြောင်းခင် တစ်ခေါက်လောက်တော့ သွားအကြည့်ချင်သား လို့ စိတ်ကူးမိနေတုန်း ရန်ကုန် ဆေးသုတေသနက ငှက်ဖျားရောဂါ ကွင်းဆင်းလေ့လာကုသရေးအဖွဲ့ရောက်လာတော့ အတော်ပဲ ဖြစ်သွားတာပေါ့။ ကိုယ်မရောက်ဖူးသေးတဲ့နေရာတွေကို ခပ်တည်တည်နဲ့ လူတတ်ကြီးလုပ်ပြီး လိုက်လိုက်ပို့ရတာ ဘယ်နှစ်ခါရှိပလဲတောင် မမှတ်မိတော့ဘူး။ မသွားခင်မှာ ပထ၀ီလေး သမိုင်းလေး ကိုယ့်ဘာသာ ရှာကြံမေးမြန်းဖတ်ဖြစ်တော့ စိတ်ဝင်စားစရာကောင်းတာတွေ သွားတွေ့ပါတယ်။ မြေပုံပေါ်မှာကြည့်ရင် အမ်းမြို့နယ်ဆိုတာ ရခိုင်ရိုးမကို အမ်းချောင်းကလေးက ဖြတ်စီးသွားလို့ ဖြစ်လာတဲ့ တောင်ကြားလမ်းကလေးပေါ့။ သူ့ထဲကို သယုချောင်းတို့၊ ဟင်းရွက်ချောင်းတို့ ချောင်းငယ်ကလေးတွေ ဟိုနားကစီးဝင် သည်နားကစီးဝင် ၀င်တယ်။ တခြား ကိုယ်မသိတဲ့ချောင်းတွေလည်း ရှိလိမ့်ဦးမယ်။ အဲသည်တောင်ကြားလမ်းကလေးရဲ့ မြောက်ဘက်မှာတော့ မန်းရွှေစက်တော် ဘုရားပွဲက ကြည့်ရင် ဖုန်တလုံးလုံးနဲ့ အနောက်ဘက် တောင်ပေါ်တက်သွားတဲ့ ငဖဲဆိုတဲ့ ချင်းရွာကလေးကို ရောက်တယ်။ အဲသည်ရိုးမတောင်တန်းကြီးရဲ့ အရှေ့ဘက်ကဟာ စေတုတ္တရာမြို့နယ်။ အနောက်ဘက်ဆင်းသွားရင် မင်းပြားမြို့နယ်။ အလယ်က တောင်ပေါ်အရပ်ဟာ မြေပုံပေါ်မှာ ပလာကြီးဖြစ်နေတဲ့ တောင်ပေါ်သားတို့နေထိုင်ရာ အရပ်ပဲ။
           မောရစ်ကောလစ်ရေးတဲ့ ဧကရီဖွားစောဝတ္ထုထဲမှာ အဲဒါ သက်တိုင်းပြည် လို့ခေါ်တယ်။ နရသီဟပတေ့ရဲ့ စစ်သေနာပတိ သရေပစ္စယပတေ့ရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို လေးမြှားတစ်ချက်တောင် မပစ်ရပဲ တပ်ပျက်သွားစေတဲ့ ၀ိဥာဉ်များနဲ့ စစ်တိုက်နိုင်သူတောင်ပေါ်သားတွေ နေထိုင်ရာ အရပ်ပါတဲ့။ အမတ်ကြီးရာဇသင်္ကြန်ကိုယ်တိုင် စစ်အင်အားအလုံးအရင်းနဲ့ ခြောက်လတစ်နှစ် ပိတ်ဆို့တိုက်ခိုက်တော့မှ သက်မင်းက အညံ့ခံလို့ ပုဂံသားတွေ အနိုင်ရသွားပေမယ့် ရာဇသင်္ကြန်တောင် အဲသည်ကအပြန် ကံကုန်ရှာတယ် လို့ဆိုတယ်။ သက်တိုင်းပြည်ရှိတဲ့ အထောက်အထားအနေနဲ့ သက်မြို့ဟောင်းဆိုတာရယ်၊ မြောက်ဦးမှာ တွေ့ခဲ့သလို ကျောက်ဆစ်ကျောက်တိုင် ရှေးဟောင်းလက်ရာ အစုအပုံတွေရယ် တွေ့ခဲ့ရပြီး သက်မင်းသမီးညီအမတွေ တည်ထားတဲ့ ဘုရားစေတီတွေ ဖူးခဲ့ရပါတယ်။ ထူးခြားတာကတော့ သက်မင်းသမီးဘုရားအမလေးတွေဟာ ရခိုင်မင်းသမီးတွေလို မှောက်တော်ကြီး၊ မှောက်တော်လတ်၊ နတ်သျှင်မယ်၊ စသည်ဖြင့် နံမယ် စိမ်းစိမ်းကြီးတွေ ပေးမထားပဲ မြဇီဝါ၊ မြသီတာ၊ မြမာလာ လို့ အင်မတန် မြန်မာဆန်သလောက် ရှေးမကျတဲ့ အမည်လေးတွေ မှည့်ထားကြပါတယ်။ ဘုရားသမိုင်း ပါးစပ်ရာဇ၀င်တွေကတော့ တစ်ကျောင်းတစ်ဂါထာ ပြောဆိုနေကြပြီး သူတို့ဆီက ဘုရားတိုင်းဟာ မကြာခန ဓါတ်တော်တွေ ကွန့်မြူးကြတယ်။ ဆင်လာဖူးတယ်။ ကျားလာဖူးတယ်။ နဂါးလာဖူးတယ်လို့ ဒဏ္ဍာရီပုံတွေလည်း ရက်စွဲအတိအကျနဲ့ အခိုင်အမာဆိုကြလေတော့ စာအုပ်အငှားဆိုင်တွေမှာ အတွေ့ရများတဲ့ ဂမ္ဘီရတို့ လျှို့ဝှက်ဆန်းကျယ်တို့ထဲ ပါပြီးလောက်ရောပေါ့ လို့ အောင့်မေ့မိပါတယ်။
           ဒလက်ချောင်းဖျားရဲ့ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ ဘိုးတော်ဘုရားလက်ထက်က သားတော် အိမ်ရှေ့ဥပရာဇာ ရခိုင်ကို စစ်ချီတဲ့အခါ သူက ပန်းတောင်းကတဆင့် တောင်ကုတ်လမ်းအတိုင်း ချီပါသတဲ့။ လက်ဝဲကြောင်းချီတဲ့ သတိုးမင်းစောက ဘားအိုင်ကနေချီပြီး ဒလက်မြစ်ဆိပ်ကစောင့်ပါသတဲ့။ လက်ယာကြောင်းချီတဲ့ သီရိဓမ္မရာဇာက လင်းပတေ့ကချီပြီး တန်လွှဲချောင်းဆိပ်ကစောင့်ပါသတဲ့။ ရေကြောင်းချီသူ နေမျိုးကျော်ထင်က မော်တင်စွန်းဘက်က ပတ်လာပြီး သားတော် ဥပရာဇာနဲ့အတူ ရမ်းဗြဲက ရခိုင်အိမ်ရှေ့စံကို အရင် သိမ်းပါသတဲ့။ နောက်မှ ဒလက်ချောင်းဝမှာ လာဆုံပြိး ဓည၀တီကို ဆက်ချီတယ် လို့ ဆိုပါတယ်။ ဦးမောင်မောင်လတ်ရေးတဲ့ ကုန်းဘောင်ခေတ် မြန်မာရာဇ၀င်တော်ကြီးအရဆိုရင်တော့ အဲသည် ဒလက်ချောင်းဖျားအရပ်ဆိုတာ မြန်မာ စစ်သည်ဗိုလ်မင်းတွေ စစ်စခန်းချခဲ့တဲ့နေရာ၊ စစ်ပြင်စစ်ခင်းခဲ့တဲ့နေရာ၊ ဗျူဟာအချက်အချာကျတဲ့နေရာလို့ ဆိုရမလိုပေါ့။ သူတို့ခေတ်မှာတော့ သက်တိုင်းပြည်ရှိသေးတယ်ဆိုတဲ့ အထောက်အထား မတွေ့ရတော့ပါဘူး။ သို့သော်ငြားလည်း ရခိုင်ပြည်နယ်မှာ မှီတင်းနေထိုင်ခြ့ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စု လူနည်းစု (Minority Ethnics) ဆိုတာတွေထဲမှာ သက်၊ ကမ်းယံ၊ ပျူ၊ မြို၊ ခမီ။ ဒိုင်းနက် လို့ခေါ်တဲ့ တောင်ပေါ်သားတိုင်းရင်းသားတွေ ရှိခဲ့တယ်ဆိုတာ မြန်မာ့စွယ်စုံကျမ်းတွေ ထဲမှာရော၊ စစ်တွေနဲ့ မြောက်ဦးက ယဉ်ကျေးမှုပြတိုက်တွေထဲမှာရော အထောက်အထား ခိုင်ခိုင်မာမာ ရုပ်လုံးရုပ်ကြွတွေနဲ့ ပြသထားပါတယ်။ အဲသည်တိုင်းရင်းသားမျိုးနွယ်စုကလေးတွေအဖို့ မျိုးတုန်းပျောက်ကွယ်သွားတော့မယ့် အန္တရာယ်ရှိနေပြီလို့တောင် ဘယ်သူကမှ မပြောနိုင်တော့ပါဘူး။ သူတို့ကိုယ်သူတို့ မျိုးတုန်းပျောက်ကွယ်ရပါတော့မယ်ဆိုပြီး နိုင်ငံတကာမှာ ကလိန်စေ့ငြမ်းစင် အသံကောင်းဟစ်နေတဲ့ သိန်းပေါင်းများစွာသော ဘင်္ဂါလီကျူးကျော်သူတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကြောင့် အမှန်တကယ် မျိုးတုန်းပျောက်ကွယ်သွားတာ ကြာတောင်ကြာလှမှပဲကိုး။ လူကိုလူချင်းမြိုတဲ့ဘ၀မှာတော့ သူတို့ ကုလားကုလားချင်းတောင် မချန်တာမို့ အခုဆိုရင် ကမာန်လူမျိုးတွေ၊ မရမာကြီးလို့ခေါ်တဲ့သူတွေတောင် အမျိုးပျောက်လုလု ဖြစ်လာပါပြီ။ (မယုံရင် ကိုမြအေးဆိုတဲ့လူကြီးကို မေးကြည့်) တော်ပြီကွယ်။ ဒီဘူတာ မဆိုက်ချင်လို့ ဆက်မောင်းလိုက်တော့မယ်။ အခုလောလောဆယ် ဒလက်ချောင်းဖျားမှာ ဘယ်သူတွေ နေပြိး ဘာတွေ လုပ်ကိုင်စားသောက်ကြသလဲ။
           ဒလက်ချောင်းဆိုတာ ရန်ကုန်စစ်တွေ ကားလမ်းပေါ်မှာ ဆောက်ထားတဲ့ တံတားအကြီးကြီးတွေထဲက ကဇုကိုင်းတံတားဖြတ်ထိုးထားတဲ့ချောင်းကြီးပါ။ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ် အစပ်နားမှာ ရှိပါတယ်။ မနှစ်တုန်းက အဲသည်တံတားကြီးကျိုးနေလို့ ကားတွေ ညအိပ်ပြီး ဖက်ကူးဖို့စောင့်ရတဲ့နေရာပါ။ အခုတော့ ကောင်းသွားပါပြီ။ ဒလက်ချောင်းအထက်ကိုတက်ချင်ရင် ကဇုကိုင်းကနေ စက်တပ်လှေကလေးနဲ့ နှစ်နာရီ သုံးနာရီလောက် ဆန်တက်ရပါတယ်။ ရေတက်ရေကျက ကဇုကိုင်းအထိပဲ ရှိတာမို့ သူ့အညာဘက်မှာ ရပ်ကြီးရွာကြီး မရှိတော့သလောက်ပါပဲ။ အခုသွားတဲ့ ဒလက်ကျေးရွာအုပ်စုဆိုတာ ရောက်မှပဲ အိမ်ခြေကလေး နည်းနည်းပါးပါး မြင်ရပါတယ်။ ဒီရေမရောက်တော့လို့ အကြေဘက်က ကမ်းထောင်းကြီးတို့ သရက်တောင်တို့လို ရေလုပ်ငန်းမဖွံ့ဖြိုးပါဘူး။ ရေချိုရတာလေးတစ်ခုပဲ ရှိတယ်။ စိုက်လောက်ပျိုးလောက်တဲ့ မြေပြန့်ကျပြန်တော့လည်း များများစားစား မရှိပြန်လို့ ၀မ်းစာတောင် မင်းပြားက ၀ယ်ရတယ် လို့ ပြောပါတယ်။ မစိုက်ပဲနဲ့ အလိုလို ပေါပေါများများပေါက်နေတာကတော့ တောင်ပေါ်က ၀ါးတောကြီးတွေပါပဲ။ ပျိုတို့လူ ယာမလုပ်တယ်။ ၀ါးခုတ်တဲ့တောင်ဆိုတာ သည်အရပ်ပေါ့။ ကြိမ်တွေပေါလို့ ကြိမ်ခုတ်တဲ့သူတွေကလည်း ခုတ်ကြပါတယ်။ သစ်ကြီးဝါးကြီးဆိုတာကတော့ သိတယ် မဟုတ်လား။ သူတို့လို ဘာမှမဟုတ်တဲ့ တောင်ပေါ်သားတွေအဖို့ သစ်ပင်ခုတ်ဖို့ မပြောနဲ့ သစ်ကိုင်းချိုင်ရင်တောင် မိုးကြိုးပစ်သွားမှာပေါ့။ သူများခုတ်ခိုင်းမှ လက်ခယူခုတ်စားရတဲ့အစားမျိုးပေါ့။ (သစ်လုပ်ငန်းမှာ အလုပ်လုပ်တာကိုပြောတာပါ) ခုတော့ ခုတ်စရာမကျန်တာနဲ့ စကားထဲတောင် ထည့်မပြောကြတော့ပါဘူး။
          နဂိုကမှ လူနေကျဲတဲ့ဒလက်ရွာဟာ ချောင်းကို ဟိုဘက်သည်ဘက်ခွပြီး တောင်ရွာ မြောက်ရွာ။ အလယ်ရွာ နဲ့ အနောက်ရွာဆိုပြီး ခပ်ခွာခွာတင်နေတာမဟုတ်ဘူး။ မခေါ်မပြော၊ မဆက်ဆံပဲ ရန်သူကြီးတွေ လုပ်နေကြသတဲ့။ တယ်ခက်တဲ့တောင်ပေါ်သားတွေကွယ်။ ဘာသာတရားအဆုံးအမမှ မရှိပဲကိုး လို့ မထင်လိုက်နဲ့နော်။ အဲသည်ဘာသာတရား ကြည်ညိုလွန်းလို့ မခေါ်နိုင် မပြောနိုင်ဖြစ်ကုန်ကြတာ။ သက်မင်းသမီးကလေးတွေ ဘုရားတည်ကြတော့ ရွာသားအချင်းချင်း ဘုရားချင်း တန်ခိုးကြီးပြိုင်ကြသတဲ့။ ဖြစ်ရပုံများ။ အဲသည်ထဲမှာမှ ဓါတ်တော်တွေ ကိန်းဝပ်တဲ့ မြသိန်းတန်စေတီဆိုတာ နှစ်ဆူဖြစ်နေပြန်ပါရော။ တောင်ရွာမှာတစ်ဆူ၊ အနောက်ရွာမှာတစ်ဆူ။ ထူးခြားလိုက်ပုံက ဘုရားကိုယ်တော်မြတ် ဆင်းတုနှစ်ဆူကလည်း ဆင်တူကလေးမှ ဆင်တူကလေး။ ရွာသားတွေ ၀ိုင်းမြှောက်ပေးကြလို့ထင်ပါရဲ့။ ရွှေကိုယ်တော်တို့ ဓါတ်တော်ကွန့်မြူးကြတာကလည်း အပြိုင်အဆိုင်။ တို့ဘုရားကမှ အစစ်၊ နင်တို့ဟာ အတုဆိုပြီး တုတ်တပျက် ဓါးတပျက်တွေ ဖြစ်ကုန်လို့ ရှေးဟောင်းသုတေသနက လာရှင်းတာတောင် မရဘူးတဲ့။ ဘုရားက လေးဆူဆိုတော့ ကိုယ့်ရွာ ကိုယ့်ဘုရားနဲ့ကိုယ်နေပြီး ဘုရားပွဲချင်းလည်း ပြိုင်ကြပါသတဲ့။ ဘဘဘိုကလေးတင့်အောင်ရဲ့ ဂုဏ်တုဂုဏ်ပြိုင် ပြဇာတ် သည်မှာလာကရင် ကောင်းမှာနော်။ ဦးစံမတူနဲ့ ခင်လေးဆွေကြီးတို့ရဲ့ “သည်လိုတင်စီးလို့တော့ ဘယ်ရမလဲ ဦးစံမတူ” ဆိုတဲ့ သီချင်းတောင် ကြားယောင်မိသေး။ အခုဆေးပေးခန်းကလေး ဆောက်မယ့်အရေးမှာတောင်ပဲ “အဲသည်ရွာဘက်မှာဆောက်ရင် ငါတို့ရွာက ပိုက်ဆံမထည့်ဘူး။” တို့၊ “ပိုက်ဆံမထည့်ရင် ငါတို့ဘက်မှာ ဆေးလာမကုနဲ့။” တို့ ဖြစ်ကုန်ကြတယ်။ သားသားလည်း သီချင်းဆိုချင်စိတ်တွေ မနေနိုင်မထိုင်နိုင်ဖြစ်လာပြီး “အဲဒါ တို့ဗမာ။” လို့ အသံပြဲကြီးနဲ့ ထအော်ရင် ကောင်းမလား မသိပါဘူး။
         ဒလက်ကအပြန် အိမ်ရောက်တော့ ပါလာတဲ့ အတွေးမျှင်တွေ စာရေးရင်းနဲ့ ရိုက်လာခဲ့တဲ့ ဓါတ်ပုံကလေးတွေကလည်း စိမ်းစိမ်းစိုစိုနဲ့ တော်တော် သာယာသားပဲ လို့ သတိထားမိပါတယ်။ ဘူတန်မှာတုန်းကလို အယ်လဘမ်လိုက် ပြန်ရှဲလို့ မရတာ စိတ်တောင် မကောင်းဘူး။ တစ်ပုံတစ်ပုံတင်ရင် တစ်လကိုးသီတင်းကြာတယ်။ တင်လို့ရသွားတဲ့နေ့ ထီထိုးရမလောက်ပဲ။ ဘုန်းကြီးကျောင်းဝင်းထဲမှာ ခူးမယ့်သူမရှိပဲ ပင်လုံးညွှတ် ၀င်းမှည့်နေတဲ့ သရက်ပင်ကြီးတွေ ပိန္နဲပင်ကြီးတွေလည်း တွေ့ခဲ့တယ်။ ရောင်းစားလို့ မရလည်း ခူးစားလို့ရတာ မသိကြလို့များလား။ အနံ့ကတော့ စားကောင်းမယ့်ပုံပါ။ ပြိုလုလု စာသင်ကျောင်းကြီးလည်း တွေ့ခဲ့တယ်။ ကျောင်းသားတွေ ကြည့်ရတာကတော့ တော်တော် ပျော်ကြပုံပဲ။ မှန်ဘီဒိုအကွဲလေးနဲ့ ကက်ဆက်တိတ်ခွေကလေးတွေ ရောင်းနေသေးတာလည်း မြင်ခဲ့တယ်။ အိမ်ရှေ့ကပြင်မှာ မိုးဟေကိုတို့ ဟိန်းဝေယံတို့ တွေ့ခဲ့တယ်။ ဘယ်ဆိုးလို့လဲ။ သူတို့လည်း သည်အရောက်လာနိုင်ကြသားပဲ။ ခြင်္သေ့ရုပ်ပါတဲ့ ဆိုင်းဘုတ်ကလေးတွေလည်း တွေ့ခဲ့မိတယ်။ သူတို့လည်း သည်အရောက်လာနိုင်သားပဲ။ ဟုတ်ပေါင် ယောင်လို့။ ဘဘကြီးလှူထားတဲ့ ကျောင်းဆောင်သစ်ကလေးတွေလည်း မြင်ခဲ့မိတယ်။ အကျိုးလိုလို့ပဲ ညောင်ရေလောင်းလောင်း သည်အထိအောင် လာလောင်းလို့ သာဓုပါ အဘရယ်။ ကမ္ဘာလောကကြီးဟာ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ၊ ဒလက်ရွာကလေးတွေကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာ စိတ်ထဲမှာ သေချာသလို ခံစားမိပါတယ်။
“အားလုံးသိတဲ့ အလှူ့ရှင်ကြီးတောင် အဖိုးကြီးဖြစ်တော့ မယ်ရင်မှာ အပျိုစစ်ကညာ…။”
Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis