menu

Monday 16 July 2012

လေပြေတချို့၊ မြက်ရိုင်းတချို့နှင့် အိပ်မက်တချို့(လခြမ်းအိမ်)

(၁)
မနင်းဖြစ်တာကြာတဲ့ မြေကြီးပေါ် ခြေချလိုက်တာနဲ့ လမ်းဘေး မြက်ပင်ရိုင်းတချို့က ကျွန်တော့်ခြေထောက်တွေကြား တိုးဝှေ့နှုတ်ဆက်ကြတယ်။
လူတိုင်း….. ကိုယ့်မွေးရပ်ဇာတိနဲ့ ပထမဆုံး ချစ်ခဲ့သူကို ဘယ်တော့မှ မမေ့ကြသလိုမျိုး။
အမေနဲ့တွေ့ဖို့၊ ချစ်သူသတိရလို့၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပြန်လာကြသူတွေထဲ ကျွန်တော် အခုလို ဘာကြောင့်ပြန်လာမိခဲ့ရတာလဲ။  အတွေးတွေလိုပဲ မျက်နှာပြင်ပေါ်ဖြတ်ပြီး တိုက်ခတ်လာတဲ့လေတွေကလည်း ဝေ့ဝေ့၀ဲဝဲ။ ကျွန်တော့်ဦးခေါင်းထက်က ဆံပင်တွေကလည်း ဝေ့ဝေ့၀ဲဝဲ။ ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး မြေနီလမ်းဟောင်းလေးပေါ်
ခြေဦးတည့်လိုက်ရင်းနဲ့ တောင်ပေါ်လေကို တ၀ ရှူရှိုက်လိုက်တယ်။

ဝိုး … လတ်ဆတ်လိုက်တာ..။
အရင်အတိုင်း မပြောင်းလဲတဲ့ လေပြေတချို့ကို သိဟောင်းကျွမ်းဟောင်းတွေလို အရင် နှုတ်ဆက်. ပြီးတာနဲ့ တစ်ဆက်တည်း ခြေလှမ်းကို အလိုက်သင့် ရွေ့လျားမိတော့ ကျွန်တော်တို့မြို့လေး လူမသိ သူမသိ ပြောင်းလဲသွားသလိုမျိုး(သူစိမ်းတစ်ယောက်လို) ခံစားလိုက်မိတယ်။ ဘာထူးလဲ .. ကျွန်တော်ရော။ ကိုယ့်စိတ်ကိုယ် ရှင်အောင်မွေးရင်း အလိုက်သင့် ပြောင်းလဲတတ်ခဲ့တာပဲမဟုတ်လား။

(၂)

ကျွန်တော် အလယ်တန်းလောက်ကပါ။ ခုနစ်တန်းလား၊ ရှစ်တန်းလား သိပ်မမှတ်မိ။ ကျွန်တော့်နေတဲ့မြို့လေးမှာ ကျွန်တော်တက်ခဲ့တဲ့အထက်တန်းကျောင်းက တခြားကျောင်းတွေနဲ့ သင်ရိုးညွှန်းတမ်းမတူဘူး ။ အလယ်တန်းစတက်တဲ့ ငါးတန်းကနေ ရှစ်တန်းအထိ အကြိုသက်မွေးမှုပညာ ဘာသာရပ်ကို သင်ရိုးထဲမှာ ပေါင်းထည့်ပေးထားတယ်။ ကျွန်တော်တို့ကတော့ အတိုကောက် ကြို/သက် လို့ပဲခေါ်တယ်။ အဲဒီဘာသာသင်တဲ့အချိန်ဆို သိပ်ပျော်တာ။ ရွှံ့လေးတွေနဲ့ အရုပ်လုပ်တာတို့၊ ဆင်ဖြူတော်ရုပ်၊ ဦးတီပွားရုပ် မိုလောင်းတာတို့သင်ရတယ်။ ပန်းချီတို့ ၊ ကြိမ်ခြင်းထိုးတာတို့၊ နောက်ဆုံး ပုံနှိပ်ဘလောက်တုံး လုပ်တာကအစ ပါတယ်။ မိန်းကလေးတွေကတော့ ဟင်းချက်၊ ပန်းထိုး၊ စက်ချုပ် စတာတွေ သင်ရတာပေါ့။
အဲဒီတုန်းက သင်ပေးတဲ့ ဆရာတွေထဲမှာ မှတ်မှတ်ရရ ရှိခဲ့ရတဲ့ ဆရာတစ်ယောက်ရှိတယ်။ ဆရာက စာသင်ရင်း ပြင်ပဆိုင်ရာ ဗဟုသုတတွေလည်း ပြောပြ၊ မေးလည်းမေးဆိုတော့ အဲဒီအချိန်ကတည်းက ပတ်ဝန်းကျင်လေ့လာမှု ကို မသိမသာ စိတ်ပါဝင်စားလာရတယ်ဗျ။ အခန်းထဲမှာ သူက ကျောင်းစာနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ တစ်ချက်တစ်ချက်ဖောက်ဖောက်မေးရင် ဖြေနိုင်အောင်လို့လေ။ ဥပမာ-
" မင်းတို့ ပတ်ဝန်းကျင်လေ့လာမှု ဘယ်လောက်ကောင်းလဲ မေးမယ်ကွာ။ ဒီနေ့တော့ စကားလုံးတစ်ခုမေးမယ်။ကဲ..  အော့ဘ်ဆာဗေးရှင်း ဆိုတဲ့ အင်္ဂလိပ်စာလုံးရဲ့အဓိပါယ် ဘယ်သူသိလဲဟေ့။" ဆိုတာမျိုးတွေပေါ့။
ကျွန်တော်တို့မှာ စဉ်းစားလိုက်ရတာလေ။ ဘယ်သူမှ မဖြေနိုင်ကြဘူး။ ဒါပေမယ့် ဆရာက အဖြေကို မပြောဘူး။ ကိုယ့်ဖာသာကိုယ် ပြန်ရှာကြဆိုပြီး စာဆက်သင်နေတယ်လေ။ ဘယ်ရမလဲ။ အဲဒါကို တေးထားတာပေါ့။ အိမ်ပြန်ရောက်တာနဲ့ အဘိဓါန် ပြန်လှန်ကြည့်။ အဖြေတွေ့တော့မှာ ကိုယ့်နဖူးကိုယ် ပြန်ရိုက်မိတာမျိုးတွေပေါ့။
ကျောင်းအချိန်ဇယားကလည်း ကြို/သက်ချိန်ကို နှစ်ချိန်ဆက်၊သုံးချိန်ဆက် ပေးထားတာ
ဆိုတော့ ကျောင်းဆင်းချိန်နဲ့အကိုက် ညနေပိုင်းတွေများပါတယ်။ တစ်ပတ်ကို ငါးချိန်ကနေ ဆယ်ချိန်ကြားလောက် သင်ရတယ်။ ဆရာက စိတ်လိုလက်ရရှိတဲ့အချိန်မျိုးတွေဆို ကမ္ဘာ့သမိုင်းအကြောင်း၊မြန်မာ့သမိုင်းအကြောင်း ကို ကျောင်းသားတွေ စိတ်ဝင်စားလာအောင် ပြောပြတတ်သေးတယ်။ ဆရာက ပြောရင်းနဲ့ ဇာတ်ရှိန်တက်တုန်း တိုးလိုတန်းလန်းနဲ့ ဇာတ်လမ်းဖြတ်ထားရင် ၀ိုင်းပြီး တောင်းဆိုကြတာပေါ့။
ဆရာပြောတဲ့အထဲက ဟစ်တလာအကြောင်း…၊ ခုထိမမေ့သေးဘူး။ ဟစ်တလာငယ်ငယ်က ပန်းချီဆွဲတဲ့အကြောင်း၊ သူ့စစ်သားတွေ စစ်ချီတဲ့အခါ ခြေလှမ်းချရင် ဖနောင့်နဲ့ ချခိုင်းတဲ့အကြောင်း၊ ဘာကြောင့် ဖနောင့်နဲ့ ချခိုင်းတယ်ဆိုတဲ့အကြောင်း၊ စတာတွေကို မျက်စိထဲ မြင်လာအောင် ပြောပြနိုင်တယ်။ မှတ်မှတ်ရရ ဆရာက ဟစ်တလာပုံကို ကျောက်သင်ပုန်းပေါ်မှာ လက်တန်းဆွဲပြခဲ့ဖူးတယ်။ နောက် အနုမြူဗုံးကို ဘယ်လိုလုပ်တဲ့အကြောင်းလည်း ပါသေးတယ်။ ပြောရရင်အများကြီး။

(၃)
တစ်နေ့မှာပေါ့။ ဆရာက စိုက်ပျိုးရေးအကြောင်းသင်ရင်း မက်ဆေ့ခ်ျတစ်ခုပါ ထည့်ပြောလာတယ်။
"မင်းတို့ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံတွေရဲ့အကြောင်း သိကြလား.".တဲ့။ ဘယ်သိမှာလဲ။ ကျွန်တော်တို့က ဆရာပြောပြမှ သိမှာပေါ့ လို့ ၀ိုင်းပြောတော့ ဆရာက..
"မင်းတို့ကောင်တွေ မှတ်ထား။ငါသိသလောက်တော့ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဟာ ဘယ်တော့မှ မချမ်းသာဘူး..။ငါသိသလောက်နော်.."တဲ့။
ဘာလို့လဲ။ကျွန်တော်တို့စဉ်းစားကြတယ်။ဆရာက ပွင့်ပွင့်လင်းလင်း ပြန်ဆွေးနွေးခိုင်းတယ်။ သူ့အဆိုလို့ပဲ ပြောပါတော့။ ဘယ်သူမှ ပြန်မဆွေးနွေးနိုင်ကြဘူး။ အဲဒီအချိန်က လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်အချိန်။ ကာရာအိုကေခွေတွေ ရှေ့မှာ ဘာဦးတည်ချက်၊ညာဦးတည်ချက်တွေ စထည့်စပြုနေတဲ့အချိန်။ တီဗွီမှာလည်း လာတဲ့သတင်းတွေမှာ တစ်ဝက်လောက်က နွေစပါး၊မိုးစပါး စံပြစိုက်ကွက်တို့၊  ကောက်ရိတ်သိမ်းပွဲတို့ ပါနေတဲ့အချိန်လေ။ ဆည်တွေလည်း တဗြုန်းဗြုန်း ဆောက်နေတဲ့အချိန်ပေါ့။ အဲဒီတုန်းက မီသမျှ ဥာဏ်လေးနဲ့ ကျွန်တော် ဆရာ့အဆိုကို မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့တယ်။
အကြောင်းပြချက်က သိပ်မရှိပေမယ့် ကိုယ်သိသလောက်လေးနဲ့ ထောက်ပြ၊ တစ်ဧက တင်း(၁၀၀)ဆို ၊ ဆယ်ဧကတင်း(၁၀၀၀)၊ဧက(၁၀၀)ဆို တင်း(၁၀၀၀၀)၊ တစ်နိုင်ငံလုံး စိုက်ဧက ဘယ်လောက်ဆို တစ်နှစ် ဘယ်လောက် စသဖြင့် ။ကလေးအတွေးတွေနဲ့ပေါ့။
ဆရာကကျွန်တော်ပြောတာတွေကိုတစ်ခွန်းမှမငြင်းဘဲ ပြုံးနေတယ်။
" အေးအေး.. ဟုတ်ပါပြီ။ ဘာမှ မပြောတာထက်စာရင် ဒီလိုလေးလုပ်မှ စည်စည်ကားကားရှိတော့မပေါ့ကွ။ "ဆိုပြီး နောက်ထပ် ကျွန်တော်သိတာတွေ ထပ်ပြောခိုင်းတယ်။
ဒါနဲ့ ကျွန်တော်လည်း နားထင်သွေးရောက်ပြီး စီကာပတ်ကုံးနဲ့ သိသမျှတွေ ပြောလိုက်တာ
ကျောင်းဆင်းမှပဲ နားတော့တယ်။ ပြန်ရောက်တော့ ကိုယ့်ကိုယ်ကို သဘောတွေတွေ့ ၊ဆရာတော့ ငါပြောတာ လက်ခံသွားပဟလို့ သတ်မှတ်လိုက်ပြီး အိမ်ပြန်ရောက်တော့ မေမေစိုက်ထားတဲ့ နှင်းဆီပန်းအိုးလေးတွေကို စိတ်လို လက်ရ ရေတွေလောင်းပေးနေမိတာ မေမေတောင် အံ့သြယူရတဲ့အထိ။ မေမေမေးတော့ ရယ်ကျဲကျဲနဲ့ ဖြေမိတာက
"အဟဲ.. ကျွန်တော် စိုက်ပျိုးရေးကို အခြေခံနေတာဗျ.." လို့။
အဲဒီနေ့ညက မက်တဲ့အိပ်မက်ထဲမှာ နှင်းဆီပန်းအိုးလေးတွေပါတယ်။ ပန်းအိုးထဲမှာ ထူးထူးခြားခြား ပန်းမပွင့်ပဲ  စပါးနှံတွေ …စပါးနှံတွေ… အို..ဖြိုးဖြိုးကိုဝေလို့။

(၄)
နောက်နေ့.... နောက်နေ့တွေမှာတော့ ကျောင်းသားသဘာဝအတိုင်းအပျော်တွေကြားမှာ ပြောခဲ့၊ ဆိုခဲ့တာတွေ မေ့မေ့ပျောက်ပျောက်။

(၅)
ဆယ့်ငါးနှစ် တိုင်ခဲ့ပြီ။
အိမ်ပြန်ဖို့တွေးမိတိုင်းလူငယ်ဘ၀ ကျောင်းတုန်းကအကြောင်းတွေ ပြန်စဉ်းစားမိတိုင်း အမြဲတမ်း ဆရာ့ကို အမှတ်ထင်ထင် သတိရမိတယ်။
တကယ်ကို ဆယ့်ငါးနှစ် ရှိသွားပြီ။ ဆရာအခု ကျောင်းမှာ ရှိသေးလား၊ မရှိတော့ဘူးလား၊ နေမှကောင်းရဲ့လား၊ တွေးရင်းနဲ့ ကိုယ်ပြောဖူးခဲ့တဲ့စကား၊ ငြင်းခဲ့ဖူးတဲ့အရိပ်တစ်ခုက အတိတ်ကတစ္ဆေလို  ခြောက်လှန့်လာတယ်။
အခုရော ဘာတွေဖြစ်နေပြီလဲ။ အရင်က တင်းတစ်ရာ ၊ တစ်ရာငါးဆယ်ထွက်တဲ့လယ်တွေ အခု ဘယ်လောက်များတိုးပြီးထွက်နေပြီလဲ။ ဘာတွေဖြစ်နေလဲ။ မေးခွန်းပေါင်းမြောက်များစွာနဲ့ တွေးလိုက်တိုင်း ကိုယ့်စကားတစ်ခွန်းအတွက် ကိုယ် လိပ်ပြာ မသန့်ဖြစ်မိတယ်။ အိမ်ပြန်မယ်လို့ကြံတိုင်း အဲဒီဒေသ(ကိုယ့်ဇာတိ)မှာ ကိုယ်ကိုယ်ကို ဆရာဂိုဏ်း သင့်နေသလို ခြောက်ခြောက်ခြားခြား ခံစားရတယ်။

(၆)
ကျွန်တော် .. ကျွန်တော့်မြို့လေးကို လွမ်းခဲ့ဖူးတယ်။
လူတိုင်း ကိုယ့်မွေးရပ်ဇာတိနဲ့ ပထမဆုံး ချစ်ခဲ့သူကို ဘယ်တော့မှ မမေ့ကြသလို ကျွန်တော်လည်း လူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်မွေးရပ်မြေကို လူတစ်ယောက်ပုံစံနဲ့ပဲ အခု… ပြန်လာခဲ့ပြီ။
ဟော.. ဟိုမှာ မေမေပါလား။
လက်လှမ်းပြလိုက်ရင်း ခြေလှမ်းကို အရှိန်မြှင့်လိုက်တယ်။ အိမ်ရောက်ရင် ပထမဆုံး ရေချိုးမယ်။ အဖေနဲ့ အမေ့ကို ကန်တော့မယ်။

(၇)

ပြီးရင် ကျွန်တော် နောက်ထပ် လုပ်ဖြစ်မှာကတော့………………………………….။
From facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis