ဂီတလောကမှာ အောင်မြင်မှု တစ်နေရာနဲ့ ပရိသတ်အခိုင်အမာ ရထားပြီးသား
အနုပညာရှင် တစ်ဦးဖြစ်တဲ့ တေးသံရှင် အောင်လက ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ
ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလူမင်းရိုက်ကူးပြီး ၂၀၁၁ ခုနှစ်
မတ်လပိုင်းတုန်းက ‘ရန်ကုန်မြို့ထဲ လမ်းလျှောက်ခြင်း’ ဆိုတဲ့
စီးရီးထွက်ရှိခဲ့တဲ့ နန်းဆုဦးနဲ့အတူ အဓိက ဇာတ်ဆောင်မင်းသားအဖြစ်
ပါဝင်သရုပ်ဆောင်မယ့် ‘ဘောင်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေပါတယ်။
ဂီတသမားတွေက သရုပ်ဆောင်အလုပ်ကိုတွဲလုပ်ကြသလို သရုပ်ဆောင်တွေကလည်း
ဂီတအနုပညာအလုပ်တွေကို လုပ်လေ့ရှိပြီး အနုပညာ နယ်ပယ်နှစ်ခုလုံးမှာ
အောင်မြင်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အောင်လရဲ့ နောက်ထပ်
အနုပညာခြေလှမ်းတစ်ခုနဲ့ ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့ . . .
မေး ။ အခုလို ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်သွားတဲ့ အကြောင်းကို အရင်ပြောပြပေးပါ။
ဖြေ ။ ဒီဇာတ်ကားရဲ့ပရိုဂျူဆာ ဖြစ်တဲ့ မင်းသမီးအမေက ကျွန်တော်တို့ နဲ့
ဟိုးအရင်ကတည်း ခင်ခဲ့ကြတာ။ မင်းသမီးကလည်း ငယ်ငယ်တည်းက ကျွန်တော်တို့
လက်ပေါ်ကြီးခဲ့တာဆိုတော့ သူတို့က တစ်ကားလောက် ရိုက်ပေးပါဆိုတဲ့အခါ
ငြင်းလို့မရလို့ ရိုက်ဖြစ်ခဲ့တာပါ။ ပြီးတော့ ဇာတ်ကလည်း ဂီတနဲ့ပတ်သက်တဲ့
ဇာတ်ကား ဖြစ်နေတာကြောင့်ပါ။
မေး ။ သရုပ်ဆောင်တစ်ယောက် လုပ်ရတော့မယ် ဆိုတဲ့အချိန်မှာ အောင်လဘက်က ပြင်ဆင်ခဲ့ရတာမျိုးတွေ ရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အများကြီးတော့ပြင်ဆင်ရပါ တယ်။ အထူးသဖြင့်ကတော့
အန်ကယ်လေး(ဦးလူမင်း)နဲ့ ရိုက်မယ်ဆိုတော့ ပိုပြီးတော့ပိုပြီးပြင်ဆင်ရတယ်။
အန်ကယ်လေးကလည်း အများကြီး သင်ပေးတယ်။ ဇာတ်ကားမရိုက်ခင် ကတည်းက ဇာတ်လမ်းကို
ပြောပြပြီး ကိုယ့်ကာရိုက်တာပုံစံမျိုး လေ့ကျင့်ခဲ့ ရတယ်။
မေး ။ ပထမဆုံး သရုပ်ဆောင်ရမယ့် ဒီဇာတ်ကားမှာ အောင်လအတွက် ဘာတွေက အခက် အခဲဖြစ်စေလဲ။
ဖြေ ။ ဒီဇာတ်က လူငယ်ဇာတ်လေး ဆိုတော့ ကျွန်တော့်အတွက်
အရမ်းကြီးခက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် စကားပြောရတာတော့
ကျွန်တော့်အတွက် တော်တော်ခက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က
စာရွက်ကြည့်ပြီး ပြောရတဲ့စကားမျိုး မှားတာတွေရှိတော့လေ။ နောက်ပြီး အခု
ရိုက်နေတဲ့ရက်တိုင်းမှာလည်း ကျွန်တော့် အတွက်တော့ ခက်ခဲနေတာချည်း ပါပဲ။
အခက်ခဲဆုံးဖြစ်မှာကတော့ နောက်ဆုံးအခန်းပဲ ထင်တယ်။ အဲဒီ မှာက
အန်ကယ်လေး(လူမင်း)နဲ့ စကားတွေ အပြိုင်ပြောရမှာဆိုတော့လေ။
မေး ။ ဂီတနဲ့ သရုပ်ဆောင် အဲဒီအနုပညာ နှစ်ခုအပေါ်မှာ အောင်လအနေနဲ့ ဘယ်လိုခံစားမိလဲ။
ဖြေ ။ ဂီတအလုပ်က ကိုယ့်ကိုယ် ကိုယ်ပိုင်တယ်။ ကျွန်တော်ကိုယ်တိုင်
အဲဒီဂီတနဲ့ စာသားတွေထဲမှာ စီးမျောပြီး ဖန်တီးရတာမျိုးလေ။ ရုပ်ရှင်မှာကျတော့
ဇာတ်ရုပ်တစ်ခုကို ကိုယ်က အငှားခံစားပြီး အဲဒီထဲကိုဝင်သွားရတာ မျိုးဆိုတော့
ကိုယ့်ကိုကိုယ်မပိုင်ဘူးလို့ ခံစားရတယ်။ ပုံစံကတော့ တော်တော်ကွဲတယ်။
မေး ။ ဒီကားကလည်း ဂီတနဲ့ပတ်သတ်တဲ့ ကားလေးဆိုတော့ အောင်လသီချင်းတွေ ပါမှာလား။
ဖြေ ။ ကျွန်တော့်ရဲ့ ဒုတိယခွေထဲက သီချင်းတွေ တော်တော်များများသုံးမှာပါ။ အရင်ပရိသတ်သိပြီးသား သီချင်းတွေထဲက တစ်ပုဒ်လောက်ပဲ ပါမှာပါ။
မေး ။ အခုလိုသရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သတ်ပြီး ဂီတအသိုင်းအ၀ိုင်းက
သူငယ်ချင်းတွေနဲ့ မိသားစု ဘယ်လိုအားပေးလဲ။ ရှေ့ဆက်ပြီးတော့ရော
သရုပ်ဆောင်ဘက်မှာ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိနေပြီလား။
ဖြေ ။ အမေကတော့ အားပေးတယ်။ အခုရိုက်ကွင်းကိုလည်း သူလိုက်လာပေးတယ်။ S.I.R
က သူငယ်ချင်းတွေကတော့ ပြတ်သားတယ်။ ‘မင်းလုပ်နိုင်ရင်လုပ်ပေါ့’တဲ့။
ကျွန်တော့်အနေနဲ့ကတော့ အခုလောလောဆယ်မှာ ဒီကားရိုက်ဖြစ်တယ်။ ဒါပေမယ့်
နောက်ပိုင်းကတော့ ဘာမှ မသေချာသေးပါဘူး။
မေး ။ ဒီဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သတ်ပြီး အမှတ်တရဖြစ်တာမျိုးရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အမှတ်တရကတော့ကျွန်တော့် အခန်းတွေ မပါသေးပေမယ့် လေ့လာလို့ရအောင်
ရိုက်ကွင်းကိုလာကြည့်တဲ့ နေ့မှာပဲ သက်ပြင်းတွေ အကြိမ်ကြိမ်ချပြီး
သူများအစား စိတ်တွေပူနေခဲ့ရတယ်။ မဖြစ်တော့ဘူး ထင်တယ်ဆိုပြီး ပရိုဂျူဆာ
အန်တီကိုငြင်းပေမယ့် မရခဲ့ဘူး။ ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီဆိုကတည်း
စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး။ ရုပ်ရှင် ကြည့်ရင်လည်း
ငါလုပ်လို့ဖြစ်မှာ မဟုတ်ဘူးထင်တယ်ဆိုတဲ့ စိတ်နဲ့ကြည့်လို့မရခဲ့ဘူး။ ဂီတနဲ့
ပတ်သက်တာတွေလည်း ဘာမှမလုပ်ဖြစ်ခဲ့သလို လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့
လည်း စိတ်ဓာတ်တွေ ကျခဲ့ရတယ်။
မေး ။ ဒါဆိုဒီကားအတွက် ဘယ်လိုအားတင်းပြီး ရိုက်ကူးခဲ့တာလဲ။
ဖြေ ။ အဓိကတော့ ကျွန်တော့် ကောင်မလေးက အများဆုံး အားပေးခဲ့တာပါ။
ဖြစ်အောင်လုပ်ရင်တော့ ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့အားပေးစကားနဲ့အတူ အမှတ်တရလေး
ဖြစ်ချင်တာကြောင့် စိတ်အားတင်းပြီး ရိုက်ဖြစ်ခဲ့တာပါ။
EMG |
No comments:
Post a Comment