menu

Sunday 27 May 2012

အထည်ချုပ်အလုပ်သမားများ ဆန္ဒပြသည်ဆိုရာဝယ်




''ဧပြီလကတည်းက အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ တချို့လည်း လစာထုတ်ချိန် ငိုကြတယ်။ လုပ်နေရင်းနဲ့ အိမ်ပြန်ပို့ဖို့ထက် ကိုယ့်တစ် ယောက်စာ စားစရိတ်၊ နေစရိတ်အတွက်ကိုတောင် ပူပန်နေရတယ်''ဟု အသက် ၂၀ အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ မဝေလွင်(အမည်ရင်းမဟုတ်)က ပြောပြခဲ့သည်။
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဇာတိရွာမှ လွန်ခဲ့တဲ့တစ်နှစ်ခွဲက မဝေလွင်တို့ မောင်နှမသုံးဦး ထွက်လာခဲ့သည်။ မဝေလွင်၊ အစ်မရယ်၊ မောင်လေးရယ်။ မဝေလွင့်မိဘများက လယ်ယာလုပ်ကိုင်ကြသည်။ နောက်ပိုင်း မှာတော့ သီးနှံဈေးဖျက်၊ ရာသီဖျက်နှင့် လေးဧကခန့်ရှိ လယ်လုပ်စာ နှင့် မိသားစု စားဝတ်နေရေး မဖူလုံတော့။ အလုပ်အကိုင်များလည်း ရှားပါးလာတာကြောင့် မဝေလွင်တို့ မောင်နှမတွေ နေရပ်ကို စွန့်ခွာလာခဲ့သည်။ ရန်ကုန်ရောက်တော့ ညီအစ်မနှစ်ယောက်က အထည်ချုပ်စက်ရုံတွေမှာ၊ မောင်လေးကတော့ ပိုက်စက်ရုံတစ်ခုမှာ ၀င် ရောက် လုပ်ကိုင်ကြသည်။

လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမားအများစုမှာ နယ်မှ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းရွှေ့လာကြသူများဖြစ်သည်။ အများစုက လယ်သမား မိသားစုများဖြစ်ကြပြီး မိန်းကလေးများမှာ မူလတန်း ပညာရေး၊ ယောက်ျားလေးများမှာ အလယ်တန်း ပညာရေးနှင့် ကျောင်းထွက်ထားသူများ ဖြစ်ကြသည်။

အများစုမှာ စက်ရုံအဆောင်၊ အဆောင်မရှိပါက နီးစပ်ရာတွင် နှစ်သောင်းခွဲ၊ သုံးသောင်းတန် အိမ်စုငှားနေ၊ အမျိုးအိမ်တွင် နေသူကနေ အဆင်ပြေသလို နေထိုင်ကြသည်။
စက်ရုံအလုပ်ချိန်များမှာ မနက် ၈ နာရီမှ ည ၈ နာရီ (အချိန်ပိုအပါအ ၀င်) ထိ သတ်မှတ်ထားပြီး ပိတ်ရက်မရှိ တစ်ပတ်လုံး ပုံမှန် အလုပ်လုပ်ကြရသည်။ တရားဝင် အစိုးရရုံးပိတ်ရက်နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ၌လည်း အော်ဒါကျရင်ကျသလို အချိန်ပို လုပ်ရပြီး၊ ည ၁၁နာရီ၊ ည ၂ နာရီ၊ ၃ နာရီ အော်ဒါပြီးသည်အထိ အလုပ်ဆင်းရသည်များလည်းရှိကြောင်း သိရသည်။
''အလုပ်မလုပ်ခင်ကတော့ လစာသုံးသောင်းခွဲ၊ လေးသောင်းရမယ်ဆိုတော့ ဟုတ်နေတာပဲ။ မောင်နှမသုံးယောက်ပေါင်း တစ်သိန်းကျော်ရမယ်။ အိမ်ကိုလည်း ပြန်ပို့နိုင်မယ်။ တကယ်လုပ်ကိုင်တော့ ကျွန်မတို့ ထည့်မတွက် ခဲ့တဲ့ မြို့လူနေမှုစရိတ်က ရှိလာတယ်။ မောင်နှမသုံးယောက်နေဖို့ အခန်းငှားခက တစ်လနှစ်သောင်းခွဲ ကျတယ်။ သုံးယောက်ပေါင်းလုပ်တာ တစ်လ တစ်လ အိမ်ကို သုံး၊ လေးသောင်းတောင် ပုံမှန် မပို့နိုင်ဘူး။ တစ်ခါတလေ စရိတ်မလောက်လို့ အိမ်ကို မပို့နိုင်တဲ့အပြင် ချေးငှား သုံးရတာတွေတောင် ရှိတယ်''ဟု မဝေလွင်က ပြောခဲ့ပါသည်။
လုပ်ခလစာနည်းပါးမှု၊ နားရက်မရှိ အလုပ်ဆင်းရမှု၊ လုပ်ငန်းခွင် အဆင်မပြေမှုများ ပေါင်းစုလာမှုက မေလ ၉ ရက်နေ့၌ လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားဆန္ဒပြမှုများ ဖြစ်စေခဲ့သည်။
''အံ့သြလွန်းလို့ ကျွန်မသူတို့ကို နှစ်ခေါက်၊ သုံးခေါက် ပြန်မေးရတယ်။ ကျွန်မလစာ တစ်လတစ်သိန်းဝန်းကျင်၊ အဆောင်စရိတ်၊ စားစရိတ်၊ လမ်းစ ရိတ်နုတ်ရင် လူမှုရေး၊ ကျန်းမာရေး သုံးဖို့တောင် မကျန်ချင်ဘူး။ တစ်သိန်းဆိုတာ နည်းလှပြီထင်နေတာ။ နောက်ပြီး ကျွန်မမှာ ပိတ်ရက်ရှိတယ်။ အလုပ်ချိန်က၊ မနက် ၉ နာရီက ညနေ ၅ နာရီ''ဟု ဆန္ဒပြမှုများသို့ လာရောက်ခဲ့သည့် လူမှုရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုပါသည်။
ဆန္ဒပြအလုပ်သမားများက ရှားပါးစရိတ် သုံးသောင်းအား လစဉ်ပေးသွားရန်အဓိက တောင်းဆိုခဲ့ကြသည်။

''အချိန်ပို သိပ်မဆင်းတဲ့အခါ၊ အော်ဒါ သိပ်မရတဲ့အခါ စက်ရုံက တခြားစရိတ်မရလည်း ကိစ္စမရှိဘူး။ ဖြတ်တောက်ခံရလည်း ကိစ္စမရှိဘူး။ ရှားပါးစရိတ်သုံးသောင်းနဲ့ စားသောက်လို့ရတယ်'' ဟု အထည်ချုပ် အလုပ်သမားတစ်ဦးဖြစ်သည့် မချိုလွင်က ပြောပြခဲ့သည်။

အချိန်ပို သိပ်မဆင်းတဲ့အခါ၊ အော်ဒါ သိပ်မရတဲ့အခါ စက်ရုံက တခြားစရိတ်မရလည်း ကိစ္စမရှိဘူး။ ဖြတ်တောက်ခံရလည်း ကိစ္စမရှိဘူး။ ရှားပါးစရိတ်သုံးသောင်းနဲ့ စားသောက်လို့ရတယ်
စက်ရုံများဘက်မှ တောင်းဆိုမှုအချို့ကို လိုက်လျောခဲ့သော်လည်း အဓိကတောင်းဆိုသည့် ရှားပါးစရိတ် ကျပ်သုံးသောင်းအား အများဆုံးကျပ်တစ်သောင်းခွဲအထိသာ တိုးပြီး ကန့်သတ်ထားသည့်ရက်အတွင်း အလုပ်ခွင် ပြန်လည်ဝင်ရောက်ရန်၊ သတ်မှတ်ရက်အတွင်း အလုပ်ခွင် ပြန်မ၀င်ရောက်သူများအား မိမိဆန္ဒအလျောက် အလုပ်မှ နုတ်ထွက်သည်ဟု မှတ်ယူသွားမည်ဟု ကြေညာခဲ့ကြသည်။
ရန်ကုန်မြို့အနှံ့အပြားတွင် အထည်ချုပ်စက်ရုံ ၁၅၀ ခန့်ရှိနေပြီး အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသူ ၁၀၀၀၀၀ ခန့်ရှိသည်။ အထည်ချုပ် ပို့ကုန်ဝင်ငွေသည် ၂၀၁၁ ခုနှစ်တွင် ဒေါ်လာသန်း ၇၇၀ ထိ မြင့်တက်လာခဲ့ပြီး ၂၀၀၁ ခုနှစ်က ရရှိခဲ့သည့် စံချိန်တင် ၀င်ငွေဒေါ်လာ ၈၂၉ သန်းကို မီလုနီးပါးထိ ဖြစ်လာခဲ့သည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ အ၀တ်အထည် ပို့ကုန်ဈေးကွက် ၃၄ ရာခိုင်နှုန်းကို ရရှိထားပြီး ဂျာမနီ၊ စပိန်တို့ကလည်း မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်များဖြစ်သည်။
လူဦးရေး သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၌ ၇၅ ရာခိုင်နှုန်းကျော်မှာ ကျေးလက်နေလူထုဖြစ်ပြီး မကြာသေးမီနှစ်များ၌ အလုပ်အကိုင် ရှားပါးမှုများကြောင့် ကျေးလက်လူထုမှာ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်း လုပ်သားအဖြစ်လည်းကောင်း နီးစပ်ရာ မြို့၊ စက်မှုဇုန်များ၌လည်းကောင်း ၀င်ရောက် လုပ်ကိုင်ခဲ့ကြသည်။
''မြန်မာနိုင်ငံမှာ စက်မှုဇုန်လုပ်သားတွေအတွက် စားဝတ်နေရေး အာမခံချက် မရှိသလို အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း အကာအကွယ်ပေးမှုက မရှိသေးပါဘူး။ အကြီးမားဆုံး ပြဿနာကတော့ အလုပ်သမားတွေအနေနဲ့ အလုပ်သမား ၀န်ကြီးဌာနအပေါ်မှာ ယုံကြည်မှု လျော့ကျနေတာပါပဲ။ ပြဿနာတစ်ခုခုဖြစ်တိုင်း အလုပ်သမားရုံးကို နောက်ဆုံးမှ သွားကြတယ်။ သူတို့စိတ်ထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမားရုံးက အတူတူပဲ ဆိုတဲ့ ခံစားချက်တွေ ရှိနေတယ်'' ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့မှ ကိုညီညီဇော်က ပြော ပြခဲ့ပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis