menu

Sunday 27 May 2012

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆက်သွယ်ရေးနှင့် သတင်းနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါလာ ခေတ်ကာလနှင့် လျော်ညီခြင်း မရှိတော့သည့် မိုနိုပိုလီ လုပ်ကိုင်နေခြင်းအပေါ် သုံးသပ်မှုများရှိနေ

လက်ရှိဥပဒေတွေ မပြီးသေးလို့ ပုဂ္ဂလိကကို လုပ်ခွင့် မပေးသေးဘဲ MPT ပါနေရတာလို့ ပြောတယ်။ နိုင်ငံတကာမှာ ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရပိုင်းက အနည်းအကျဉ်းပဲ ပါပေမယ့် ဒီမှာက အကုန်လုံး ပါနေတော့ တိုးတက်သင့် သလောက် မတိုးတက်ဘူး  . . .


7342 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ တိုးတက်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် များစွာ အရေးကြီးလာပြီး မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့ကသာ အဓိက ချုပ်ကိုင်ထားခြင်း မှာ ခေတ်နှင့် လျှော်ညီမှု မရှိတော့ကြောင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အပါအ၀င်ပြည်တွင်းမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ဝေဖန်သုံးသပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် သဘာဝရင်းမြစ်များစွာ ပိုင်ဆိုင်ထားသော်လည်း ဆက်သွယ်ရေး ကဏ္ဍအပါအ၀င် အခြေခံကျသော Infrastructure များတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့်အပြင် ၎င်းတို့ အတွက် သုံးစွဲရသည့် ကုန်ကျစရိတ်မှာလည်း အများဆုံးဖြစ်နေကြောင်း ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နေသူများက ပြောဆိုကြပါသည်။

“မြန်မာနိုင်ငံကိုလာပြီး ရင်နှီးမြှုပ်နှံချင်သူတွေ များပေမယ့် အဓိက ကျတဲ့ အခြေခံ အဆောက်အဦတွေမှာ ဈေးနှုန်းကြီးမြင့်နေတာက ပြဿနာ ဖြစ်နေပါတယ်။ မြေယာဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ ဘာမှဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘဲနဲ့ ဈေးနှုန်းက နိုင်ငံ တကာဈေးကို ရောက်နေပြီ။ နောက်ပြီး လျှပ်စစ်မီး။ ဘယ်လိုဖြစ်နေတယ်ဆိုတာ အများသိပြီးသားမို့ မပြောချင်တော့ပါဘူး။ အဓိကကျတဲ့ နောက်တစ်ခုက ဆက်သွယ်ရေးကဏ္ဍ။ တယ်လီဖုန်း တစ်လုံးအတွက် သုံးစွဲရတဲ့ငွေဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဈေးအကြီးဆုံးပဲ။ ဈေးနှုန်းက အမြင့်ဆုံးဖြစ်နေပြီးရတဲ့ ၀န်ဆောင်မှုကျတော့ ဘယ်လိုမှ လုပ်ငန်းလုပ်လို့မရတဲ့ အနေအထားလေ။ ဒီတော့ ကျွန်တော်တို့မှာ ဘယ်လောက်ပဲ အရင်းအမြစ်တွေပေါ ကြွယ်ဝတယ်ပြောပြော နိုင်ငံတကာ ရင်နှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရာမှာ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ရင် တပန်းရှုံးနေဦးမှာပဲ”ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ဆိုပါသည်။

လက်ရှိဥပဒေတွေ မပြီးသေးလို့ ပုဂ္ဂလိကကို လုပ်ခွင့် မပေးသေးဘဲ MPT ပါနေရတာလို့ ပြောတယ်။ နိုင်ငံတကာမှာ ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရပိုင်းက အနည်းအကျဉ်းပဲ ပါပေမယ့် ဒီမှာက အကုန်လုံး ပါနေတော့ တိုးတက်သင့် သလောက် မတိုးတက်ဘူး  . . .
မြန်မာနိုင်ငံအနေဖြင့် (၈၈) လူထုလှုပ်ရှားမှု အပြီးတွင် ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲ ကျင့်သုံးခဲ့သည် ဆိုသော်လည်း လုပ်ငန်းအများစုမှာ အစိုးရထိန်းချုပ်မှုဖြင့်သာ လည်ပတ်ခဲ့သည်။  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီအချိန်တွင် လုပ်ငန်းအချို့အား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးခဲ့သည်။ လွှဲပြောင်းခဲ့သော လုပ်ငန်းများထဲတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်းကြီးဌာနလက်အောက်ရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပါဝင်ခဲ့ခြင်း မရှိခဲ့ဘဲ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆက်သွယ်ရေးနှင့်သတင်း အချက်အလက် နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပြီးလာ ရောက်လေ့လာသော ပြည်ပလုပ်ငန်းရှင်များ လစဉ်ရှိနေသော်လည်း အဓိက အခက်အခဲမှာ ရင်နှီးမြှုပ်နှံခွင့်ပြု နိုင်သော ဥပဒေမရှိသေးခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ဖေ ဖော်ဝါရီလ ၁ ရက်နေ့က ပြည်ထောင် စုလွှတ်တော်တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှု ကဏ္ဍများတွင် ပုဂ္ဂလိက ပါဝင်ရင်နှီးမြှုပ်နှံမှုကို စတင်ခွင့်ပြုသွားမည်ဟု အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းသွားခဲ့သည်။
“လက်ရှိဥပဒေတွေ မပြီးသေးလို့ ပုဂ္ဂလိကကို လုပ်ခွင့်မပေးသေးဘဲ MPT  ပါနေရတာလို့ ပြောတယ်။ နိုင်ငံတကာမှာ ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရပိုင်းက အနည်းအကျဉ်းပဲ ပါပေမယ့် ဒီမှာက အကုန်လုံးပါနေတော့ တိုးတက်သင့်သလောက် မတိုးတက်ဘူးပေါ့။ ကျွန်တော့်အမြင်က နိုင်ငံတကာနဲ့ တန်းတူပေးလုပ်ရင်တော့ ကောင်းတာပေါ့။ အင်တာနက်လိုင်းတွေ ဆိုရင်လည်း သူများနိုင်ငံတွေမှာ ISP အများကြီးရှိတယ်။ ပုဂ္ဂလိကအပိုင်းကို ဒီထက်ပို လုပ်ပိုင်ခွင့်ပေးသင့်တယ်။ အထူးသဖြင့် MPT  က MPT u Transparency ရှိဖို့ လိုအပ်တယ်။ MPT က ဘာတွေလုပ်နေလဲ၊ ဘယ်လိုတွေရှိနေလဲ စသဖြင့်ပေါ့၊ သတင်းအချက်အလက် တွေကို အရေးကြုံမှ ထုတ်ပြန်တော့ အထင်အမြင်လွဲတာမျိုး ရှိလာတာပေါ့”ဟု MIDO    ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က ဆိုပါ သည်။
“ကျွန်တော်တို့ အမြင်ကတော့ Monopolize ဖြစ်နေတဲ့ဆက်သွယ်ရေးရဲ့ပေါ်လစီကို ပြင်သင့်တယ်လို့ ထင်ပါတယ်။ ခုဆိုရင် ဆက်သွယ်ရေးက ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ပိုင်ခွင့်တွေပေါ်မှာ အခြေခံပြီး ဟိုဟာလုပ်လို့ မရဘူး၊ ဒီဟာလုပ်လို့မရဘူးဆိုပြီး လုပ်နေတယ်။ တစ်ဖက် ကကြည့်မယ်ဆိုရင်လည်း သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ကုမ္ပဏီတွေက လုပ်ကိုင်ခွင့်ရနေတယ်။ အခု လက်ရှိ အဆိုးဆုံးဖြစ်နေတာက နှစ်သိန်းတန်ဖုန်းတွေ ချပေးတဲ့အချိန်မှာ စနစ်တွေရှုပ်ထွေးအောင် လုပ်ပြီး တကယ်တမ်း အများနဲ့ဆိုင်တဲ့ ဈေးကွက်ကို ချထားမပေးဘဲ သူတို့ခရိုနီတွေကပဲ ရောင်းလို့ရတဲ့သဘောမျိုး လုပ်ထားတယ်။ ပေါ်ပေါ်တင်တင်ပဲ ဘယ်သူမှ ဘာမှမပြောဘဲ ထိုင်ကြည့်နေရတဲ့ အခြေအနေကို ရောက်သွားတယ်။ အခုထက်ထိလည်း သူတို့ဆီကပဲဝယ် လို့ ရမယ့် ပုံစံကိုပဲ ပြောင်းယူလိုက်တယ်။ နောက်တစ်ခုက Top up ကတ်တွေ သုံးစွဲမှုနှုန်း အရမ်းမြင့်တက်လာတော့ ကော်မရှင်တွေ အများကြီးရတဲ့ အချိန်ကျမှ သူတို့ရဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေက ဖုန်းဆိုင်တွေကို ပေးထားတဲ့ ကော်မရှင်ခတွေကို လျှော့ချလိုက်တယ်။ အခု Top up ကတ် တွေ ဘယ်လောက်ဝယ်ဝယ် ၂ ရာခိုင်နှုန်းပဲ ရတော့တယ်။ ပြောချင်တာက တော့ မြန်မာ့ဆက်သွယ်ရေးက Cooperation ကို ပြောင်းသင့်တယ်။ အများနဲ့ဆိုင်တဲ့ လုပ်ငန်းအဖြစ် ပီပီပြင်ပြင် ပြောင်းရင်ပြောင်း၊ မပြောင်းရင်လည်း အများပြည်သူ ပွင့်လင်းမြင်သာတဲ့ အခြေအနေနဲ့ ဆက်သွယ်ရေး က ချပေးတဲ့ အခွင့်အရေးကို အားလုံး ညီတူမျှတူရသင့်တယ်လို့ ယူဆပါတယ်”ဟု Blogger  တစ်ဦးဖြစ်သူ ကိုအဂ္ဂမှ ပြောပါသည်။
မြန်မာ့နိုင်ငံ၏ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ တိုးတက်မှု နှေးကွေးနေခြင်းမှာ ဈေးကွက်စီးပွားရေး၏ အသက်ဖြစ်သော လွတ်လပ်စွာယှဉ် ပြိုင်မှုမရှိခြင်းကြောင့် ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍမှ လွတ်လပ်စွာ ပါဝင်ခွင့်ရှိရန် လိုအပ်ကြောင်း နည်းပညာကုမ္ပဏီများတွင် ဦးဆောင်နေသူများက သုံးသပ်ကြပါသည်။
“ကျွန်တော့်အမြင်က လုပ်ပိုင်ခွင့်ရှိတဲ့သူပဲ လုပ်လုပ်၊ ဘယ်သူပဲလုပ်လုပ် ယှဉ်ပြိုင်မှုရှိတဲ့ ဈေးကွက်တစ်ခု ဆိုရင် အဆင်ပြေမယ်လို့ မြင်တယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်တော့လည်း လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကိုပဲ ချပေးတော့လည်း မကောင်းဘူးပေါ့။ ပိုက်ဆံရှိတဲ့သူ လုပ်နိုင်တဲ့သူတွေ အားလုံးလည်း လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ရတဲ့ ဈေးကွက်မှာ ၀င်လုပ်ခွင့်ရမယ်ဆိုရင် သုံးစွဲသူအတွက် သက်သာတာပေါ့။ ပထမအဆင့်မှာ လုပ်ပိုင်ခွင့် ရှိသူအချင်းချင်းကို အရင်ယှဉ်ပြိုင်ခိုင်းတဲ့ ဈေးကွက်ဖြစ်စေချင်တယ်။ သူတို့လည်း ပြိုင်ဆိုင်ရရင် တဖြည်းဖြည်း ဈေးတွေ လျော့ကျလာမှာပဲ။ အခုက တကယ်တမ်း ပြိုင်ဆိုင်တာမဟုတ်ဘဲ  တစ်ခုတည်းက လက်ဝါးကြီးအုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော့် ရဲ့အမြင်ကို ပြောရရင်တော့ Free Competitive Market ဖြစ်စေချင်ပေမယ့် တကယ်တမ်း လက်တွေ့ကျတာ ကခုနကပြောတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ ပြိုင်ခိုင်းတာက လက်တွေ့ဖြစ်နေတယ်”ဟု Myanmar Link ၏ CEO  ဖြစ်သူ ဦးသီဟက သုံးသပ်ပါသည်။

ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ ပွင့်လင်း မြင်သာမှု မရှိတာဟာ အကျင့်ပျက် ခြစားခြင်း ရှိနေလို့ပဲ။ Clean Government တို့ Good Governance တို့ ပြောနေပေမယ့် လာဘ်ပေးလာဘ်ယူတွေ အကျင့်ပျက် ခြစားမှုတွေက ရှိနေဆဲပါပဲ
အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း အာဆီယံနိုင်ငံများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် အစိုးရ၏ ပါဝင်ပတ်သက်မှု မရှိသလောက်နည်းပါပြီး ကွန်မြူနစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အစိုးရပါဝင် ပတ်သက်မှု ရှိသော်လည်း လုံခြုံရေးအရ ထိန်းချုပ်မှု ရှိသည်မှအပ ကောင်းမွန်သော ၀န်ဆောင်မှုနှင့် အဖိုးနှုန်းချိုသာစွာ သုံးစွဲနိုင်ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ကို ပိုင်ဆိုင် ထားပြီးဖြစ်သောကြောင့် ကွန်မြူနစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံထက် သတင်းအချက်အလက် စီးဆင်းမှုတွင် ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်ကြောင်း အဓိကကျသည်မှာ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုကို အားပေးသော မူဝါဒချမှတ်ပေးနိုင်ရန်သာ အရေးကြီး ကြောင်း ဗီယက်နမ်နိုင်ငံ VMG Media JSC မှ ဒု-ဥက္ကဋ္ဌဖြစ်သူ Mr. Kien Pham က ဆိုပါသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍအား အစိုးရမှ ချုပ်ကိုင်ထားခြင်းထက် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းသည် အပြိုင်အဆိုင် ရှိလာနိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှာလာနိုင်မည် ဖြစ်ကြောင်းလည်း Blogger တစ်ဦး ဖြစ်သူ ကိုနေဘုန်းလတ်က သုံးသပ်ပါသည်။
“နိုင်ငံတကာမှာဆိုရင် အင်တာနက်လိုင်း ခဏလေးကျတာနဲ့ ISP ကို ဖုန်းလှမ်းဆက်လိုက်တာနဲ့ ချက်ချင်း လာလုပ်ပေးတာမျိုး၊ တချို့မကျေနပ်တဲ့ သူတွေဆိုရင် တရားစွဲတာမျိုးတွေ တောင်ရှိတယ်။ ဒီမှာက အင်တာနက်လိုင်းကျပြီဆိုရင်တောင် ဘယ်သွား ပြောလို့ပြောရမှန်း မသိဘူး။ ဖုန်းဆိုရင်လည်း ဖုန်းလိုင်း မကောင်းလို့ ပြောချင်ရင်တောင် ဘယ်သူမှ တာဝန်ယူဖြေရှင်းပေးမယ့်သူ မရှိဘူး။ ပုဂ္ဂလိကကိုသာ ပေးလိုက်ရင် ကုမ္ပဏီတွေက သူတို့အကျိုးစီးပွားဖြစ်တဲ့ အတွက် ဒီလိုပြဿနာတွေကို မဖြစ်မနေဖြေရှင်း ပေးလာလိမ့်မယ်။ ကုမ္ပဏီတွေ အများကြီးရှိလာတဲ့အခါ တစ်ခုမကောင်းရင် အခြားတစ်ခုကို ပြောင်းရွေးချယ်လို့ရတယ်။အဲ ဒါဆိုရင် အသုံးပြုသူတွေအတွက် အကျိုးရှိလာမယ်။ ပြည်ပကရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေအတွက် ဆိုရင်လည်း တိကျတဲ့ဥပဒေရှိဖို့ လိုတယ် “ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။
“လက်ရှိဖြစ်နေတာကတော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့ ကုမ္ပဏီတွေကလည်း ရောင်းပြီးသွားရင် ဘာမှဆက်ပြီး တာဝန်ယူမပေးနိုင်ကြဘူး။ တာဝန် အရှိဆုံးဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး ကလည်း ဘယ်တော့မှ Complain တောင်းလို့မရဘူး။ စားသုံးသူ အခွင့်အရေးဆိုတာဘာမှ မရှိပါဘူး” ဟု  မိုဘိုင်းဖုန်းသုံးစွဲသူ တစ်ဦးက ပြောပါသည်။
“ဈေးကွက်ထဲမှာ နှစ်သိန်း၊ နှစ်သိန်းခွဲနဲ့ ချပေးတဲ့ဖုန်းတွေ ဘယ်ဈေး ရောက်နေပြီလဲ။ တန်ဖိုးနည်းဖုန်းလို့ ပြောပေမယ့် တန်ဖိုးမနည်းအောင် လုပ်နေတဲ့သူတွေရှိလို့ မနည်းတာပဲ။ ဆက်သွယ်ရေးအနေနဲ့ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ ပွင့်လင်း မြင်သာမှု မရှိတာဟာ အကျင့်ပျက် ခြစားခြင်း ရှိနေလို့ပဲ။ Clean Government တို့ Good Governance တို့ ပြောနေပေမယ့် လာဘ်ပေးလာဘ်ယူတွေ အကျင့်ပျက် ခြစားမှုတွေက ရှိနေဆဲပါပဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါတဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍမှာ ဒီလိုဖြစ်နေမယ် ဆိုရင်တော့ အစိုးရရဲ့ရည်းမှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ မလွယ်ပါဘူး”ဟု ပညာရှင်တစ်ဦးက သုံးသပ်ပါသည်။

အာဆီယံဒေသတွင်း နိုင်ငံများ၏ ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုမှု ပုံသဏ္ဍာန်များ
- ထိုင်းနိုင်ငံတွင် မိုဘိုင်းဖုန်း ၀န်ဆောင်မှုရယူထားသည့်အရေအတွက်မှာ ၂၀၁၁ စစ်တမ်းအရ ၇၇ သန်းအထိရှိနေပြီး လူဦးရေထက် ပင်များပြားသည်။ လိုင်းဖုန်းရယူသူ အရေအတွက်မှာ ၇ သန်းမျှ ရှိနေသည်။  လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီကြီးမှာ ၅ ခု ရှိနေသော်လည်း သုံးခုကသာလွှမ်းမိုးထားပြီး ယင်းသို့လွှမ်းမိုးမှုမျိုးကို 3G ကွန်ရက်အဖြစ် ကူးပြောင်းချိန်တွင် ပြောင်းလဲပစ်ရန် ဆန္ဒရှိနေကြသည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်တည်ထောင်ခဲ့သော ရှင်းကော်ပိုရေးရှင်းက ပိုင်ဆိုင်သည့် Advanced Info Service မှာ အကြီးဆုံးနှင့် ပထမဆုံး မိုဘိုင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ပြီး စင်ကာပူ တယ်လီကွန်းနှင့် ဖက်စပ်ဖြစ်သည်။ United Communication Industry Plc. ပိုင်ဆိုင်သော DTAC ကွန်ရက်မှာ ဒုတိယအကြီးဆုံး ဖြစ်ပြီး နော်ဝေ Telenor နှင့် ဖက်စပ်ဖြစ်သည်။  True Move နှင့် Hutch တို့မှာ နောက်ပိုင်းတွင်မှ မိုဘိုင်းဈေးကွက်သို့ ၀င်ရောက်လာသူများဖြစ်ပြီး ပြည်ပကုမ္ပဏီကြီးများနှင့် ဖက်စပ်များပင် ဖြစ်သည်။ နိုင်ငံပိုင် Telecommunication of Thailand မှာ လိုင်းဖုန်းကွန်ရက်ကိုသာ အဓိက လွှမ်းမိုးထားပြီး မိုဘိုင်းဈေးကွက်တွင်မူ SamartCorp နှင့် ပူးတွဲလုပ်ဆောင်မှု ရှိသည်။
- မလေးရှားနိုင်ငံသည် ဒေသတွင်းတွင် မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီအများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။၂၀၁၀ ပြည့်နှစ် စာရင်းများအရ Maxis Communication က ဈေးကွက်ဝေစု အများဆုံးအဖြစ် ၁၂ သန်းအထိ ရထားသည်။ ဒုတိယနေရာမှ Celecom က ၉ ဒသမ ၂ သန်း၊ တတိယနေရာမှ DiGi က ၇ ဒသမ ၇ သန်းဖြင့် ဈေးကွက်ဝေစုမျှနေသလို အခြားကုမ္ပဏီများစွာ လုပ်ကိုင်ခွင့် ရထားသောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဈေးကွက်ဖြစ်သည်။ 3G စနစ်သာ ၀န်ဆောင်မှုပေးသော U Mobile ပင်သုံးစွဲသူ ၁ ဒသမ ၂ သန်း ရှိနေသည်။ ကုမ္ပဏီများမှာ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့် ချိတ်ဆက်ပူးတွဲ ဆောင်ရွက်မှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ လုပ်ပိုင်ခွင့် လွတ်လပ်ခြင်းကြောင့် နိုင်ငံတကာ က ရင်းနှီးမြှုပ်နှံမှုများသလို ထပ်မံတိုးချဲ့မြှုပ်နှံရန်လည်း စိတ်ဝင်စားကြသည့် ဈေးကွက်ဖြစ်သည်။
- စင်ကာပူသည် ဒေသတွင်းတွင် အဖွံ့ဖြိုးဆုံးလည်း ဖြစ်သောကြောင့် ဆက်သွယ်ရေး ကွန်ရက်မှာလည်း အထူးဖွံ့ဖြိုးသည်။ နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများတွင်ပါ ဖြန့်ကျက်ရင်းနှီးမြှုပ်နှံထားသည်။ မိုဘိုင်းဖုန်း သုံးစွဲမှုအရေအတွက်မှာ လူဦးရေထက်ပင် ကျော်လွန်နေပြီး တစ်ဦးလျှင် ဖုန်းနံပါတ်နှစ်မျိုး ကိုင်ဆောင်သူမှာ ၃၀ ရာခိုင်နှုန်းထက် မနည်းရှိနေသည်။ SingTel ၊ M1နှင့် StarHub  တို့မှာ အဓိက မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများဖြစ်သည်။ ဆက်သွယ်ရေး ကွန်ရက်နှင့် မြန်နှုန်းမြင့်မှု၊ အဆင်ပြေမှုတို့တွင် အာဆီယံနိုင်ငံများ အနက် တစ်နိုင်ငံတည်းသော ပထမကမ္ဘာနိုင်ငံ အဖြစ် မှတ်ယူခံရသည့် နိုင်ငံဖြစ်သည်နှင့် အညီ အာဆီယံဒေသတွင်းတွင် အကောင်းဆုံး ဖြစ်သည်။ သုံးစွဲသူအများဆုံး SingTel မှာ စင်ကာပူတွင်သာမက နိုင်ငံပေါင်း ၂၅ နိုင်ငံအထိ ဖြန့်ကျက်ထားနိုင်သည်။ သုံးစွဲသူ ဒုတိယအများဆုံး နေရာကို M1 ထံမှ StarHub က ရယူထားသည်။ တတိယ အကြီးဆုံး M1 မှာလည်း ဖုန်းနှင့်အတူ အင်တာနက် ပူးတွဲသုံးပါက အရှေ့တောင်အာရှတွင် မြန်နှုန်းအမြင့်ဆုံး ၀န်ဆောင်မှုပေးနိုင်သည့် ကုမ္ပဏီဖြစ်သည်။
- ဗီယက်နမ်နိုင်ငံမှာ နိုင်ငံရေးအရ ကွန်မြူနစ်ဖြစ်သော်လည်း ဖုန်းကွန်ရက်၏ အားကောင်းမှုမှာ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်နိုင်သည်။ ဈေးကွက်ဝေစု အများဆုံးရရှိထားသည့် Viettel Mobile မှာ နိုင်ငံပိုင်ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသည်။ ဒုတိယနေရာမှ Mobifone မှာ ပထမဆုံး တည်ထောင်သည့် မိုဘိုင်းကွန်ရက်ဖြစ်သည်။ တတိယနေရာတွင် ရှိသည့် Vinaphone မှာလည်း နိုင်ငံပိုင်ဖြစ်သည်။ စီဒီအင်မ်အေ ကွန်ရက်ကိုမူ စင်ကာပူ၊ ကိုရီးယားတို့နှင့် ဖက်စပ်လုပ်ထားသည့် S-Fone က ၀န်ဆောင်မှုပေးသည်။ အစိုးရ နိုင်ငံပိုင် ကုမ္ပဏီများကသာ အဓိကလွှမ်းမိုးထားသော်လည်း အပြိုင်အဆိုင်ရှိနေပြီး  ဒေသတွင်းနိုင်ငံများနှင့် ယှဉ်နိုင်သော အဆင့်တွင် ရှိသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်မှု စနစ်ပြောင်းလဲခဲ့ပုံ အဆင့်ဆင့်

-  ၁၉၉၇ ခုနှစ်အချိန်တွင် ဆက်သွယ်ရေး၊ ကြေးနန်းနှင့် စာတိုက်ဝန်ကြီးဌာန(MPT)မှ အီးမေးလ် သုံးစွဲမှုကို စတင်မိတ်ဆက်ခဲ့ပြီး အီးမေးလ်၏ နမူနာလိပ်စာမှာ user@ mtpt400. stems.com ဖြစ်သည်။
- ၂၀၀၀ ပြည့်နှစ်တွင်မူ ကြေးနန်းနှင့် စာတိုက်ဝန်ကြီးဌာန(MPT)မှ email,  web-hosting, web-browsing, server co-location,  FTP,  intranet services အစရှိသော ၀န်ဆောင်မှုများကို စတင်လုပ်ကိုင်ခဲ့။
-  ၂၀၀၀ ပြည့်နှစ်မှာပင် မြန်မာနိုင်ငံ၏ အကြီးဆုံး အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းဖြစ်လာမည့် Bagan Cybertech ပေါ်ထွက်လာခဲ့ပြီး ပုဂ္ဂလိက ကွန်ရက်ဝန်ဆောင်မှု၊ VoIP ဆက်သွယ်မှု များ၊ Dial-up အင်တာနက် ချိတ်ဆက်မှု အစရှိသည်တို့ကို ပြုလုပ်ခဲ့ကာ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် Broadband VSAT/ IP Star အင်တာနက် ဖုန်းတပ်ဆင်မှုများ ပြုလုပ်ခဲ့။
-  အင်တာနက် စတင်သုံးစွဲခွင့်ပြုချိန်က Censorship ကိစ္စများအတွက် ဆော့ဖ်ဝဲသုံးစွဲခဲ့ပြီး ထိုဆော့ဖ်ဝဲကို အမေရိကန် ကုမ္ပဏီဖြစ်သည့် Fortinet  ကုမ္ပဏီမှ ၀ယ်ယူသုံးစွဲခဲ့ခြင်းဖြစ်။
- ၂၀၀၁ ခုနှစ်မှာပင် Myanmar Information, Communication and Technology (MICT) (ယခု Myanmar Info-Tech) စတင်တည်ထောင်ခဲ့သည်။
- ၂၀၀၃ ခုနှစ် နောက်ပိုင်းအချိန်တွင် ပြည်တွင်း အင်တာနက် သုံးစွဲခွင့်အား အများပြည်သူသို့ ပြန်လည် အသုံးပြုခွင့် ပေးရေးအတွက် Internet Service Providers (ISP) ကို အစိုးရပိုင် Bagan Cybertech (ယခု - မြန်မာတယ်လီပို့) နှင့် MPT တို့သာ ရရှိခဲ့ကြသည်။ အဆိုပါ ISP နှစ်ခုမှ IP Star အင်တာနက်ဖုန်း၊ Broadband အင်တာနက်လိုင်းနှင့် ADSL အင်တာနက် လိုင်းများကို ၀န်ဆောင်မှုပေးခဲ့။
- ၂၀၀၈ ခုနှစ်အချိန်တွင် WiMax အင်တာနက်စနစ်အား ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် Red Link မှ စတင်မိတ်ဆက်ခဲ့။
- ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်များတွင်မူ FTTH နှင့် FTTx အင်တာနက် ၀န်ဆောင်မှုများအတွက် လုပ်ကိုင်ရန် ကြိုးပမ်းလာသူ ပုဂ္ဂလိက ကုမ္ပဏီများပေါ်ထွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် LSP(Local Service Provider) အဖြစ် လုပ်ကိုင်ခွင့်ရသော ပုဂ္ဂလိက ကုမ္ပဏီငါးခုပေါ်ထွက်ခဲ့။
- ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းနှင့် ၂၀၁၁ ခုနှစ်နှစ်ဆန်းပိုင်း အချိန်တွင် GSM နှင့် CDMA ဖုန်း များတွင် အင်တာနက်သုံးစွဲခွင့် ပေးခဲ့ပြီး McWill ဖုန်းနှင့် SkyNet အင်တာနက် ၀န်ဆောင်မှုများလည်း ထပ်မံပေါ်ထွက်ခဲ့။
 - ၂၀၀၁ ခုနှစ် နောက်ပိုင်းကာလမှာပင် အင်တာနက်ကဖေး အချို့ ပေါ်ပေါက်လာသော်လည်း လူနည်းစုအတွက်သာ ဖြစ်ခဲ့ပြီး အသုံးပြုခမှာ တစ်နာရီလျှင် ကျပ်ငွေ ၁၅၀၀ ကျော်အထိ ကျသင့်ခဲ့။
-  အင်တာနက်သုံးစွဲမှု အနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အင်တာနက်သုံးစွဲသူ အရေအတွက် လေးဦးသာရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး၊ ၂၀၁၁ ခုနှစ် မတ်လတွင် ၃၈၀၀၀၀ ဦးရှိလာ။

Mobile Phone များ၏ ပြောင်းလဲခဲ့ပုံ အဆင့်ဆင့်
 ဆယ်လူလာဖုန်း - ၁၉၉၀ ပြည့်နှစ်။ စထွက်ခါစ၌ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ထိ ပေါက်ဈေးရှိ။ လုပ်ငန်းရှင်များသာ ကိုင်ဆောင် အသုံးပြုနိုင်ခဲ့သည်။ ၎င်းဖုန်းလိုင်းများအား ယခုအခါ ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
 ခြင်းဖုန်း - ၁၉၉၉၊ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်များ၌ စတင်ချထားပေးခဲ့သည့် CDMA 800 MHz စနစ်သုံးဖုန်းဖြစ်သည်။ ဆက်သွယ်ရေး သွင်းဈေးကျပ် ၅ သိန်း။ ရန်ကုန်နှင့် မန္တလေးမြို့များတွင်သာ သုံးနိုင်ခဲ့။ အထိုင်ဖုန်းနှင့် သုံးစွဲရပြီး ခြင်းတောင်းနှင့် ထည့်သယ်ဆောင်သုံးကြသဖြင့် ခြင်းဖုန်းဟု ခေါ်တွင်ခြင်းဖြစ်သည်။ ဖုန်းနံပါတ်အစမှာ ၇ နှင့်စကာ ဂဏန်း ၆ လုံးပါဝင်သည်။
 GSM - ၂၀၀၂ ခုနှစ်တွင် စတင်ချထားပေးခဲ့။ စတင်ငှားရမ်းပေးခဲ့စဉ်က ကျပ် ၅ သိန်းဖြစ်သော်လည်း နောက်ပိုင်းတွင်ကျပ် ၁၀ သိန်း ထိုမှတဖန် ကျပ် ၁၅ သိန်းသို့ တိုးမြှင့်ပေးသွင်းခဲ့ရသည်။ စတင်ချထားပေးစဉ်ကာလ၌ ပြင်ပပေါက်ဈေးကျပ်သိန်း ၂၀ မှ သိန်း ၅၀ အထိ ပေါက်ဈေးရှိခဲ့သည်။ လူကြိုက်များသည့် ဖုန်းအမျိုးအစား ဖြစ်ပြီး စတင်ချထားပေးခဲ့စဉ်မှစ၍ ကာလရှည်တစ်ခုအထိ အရပ်သားများ လျှောက်ထားရန် ခက်ခဲခဲ့သည်။၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၎င်းဖုန်းများအား ကျပ်ငါးသိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး မည်သူမဆိုလျှောက်ထားနိုင်ခဲ့သည်။၂၀၁၂ခုနှစ် မတ်လတွင် ၎င်း GSM မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများအား ကျပ်နှစ်သိန်းသို့ ထပ်မံလျှော့ချခဲ့သည်။
 CDMA - ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ချထားပေးခဲ့ပြီး နံပါတ်အစမှာ ၀၉၈၀ နှင့်စတင်သည့် 800 MHz ကြိမ်နှုန်းအား အသုံးပြုထားသော မိုဘိုင်းဖုန်းဖြစ်သည်။ ဆက်သွယ်ရေး သွင်းဈေးကျပ် ၅ သိန်းဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ ၂၅ သိန်းမှ သိန်း ၅၀ အထိ ရှိခဲ့သည်။ ၎င်းဖုန်းသည်လည်း ပြင်ပအရပ်သား များ လျှောက်ထားရန် ခက်ခဲခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ ထပ်မံချထားပေးခဲ့သည်။ မန္တလေးမြို့၌ စတင်ချထားပေးခဲ့ပြီး မကြာမီရန်ကုန်မြို့တွင်ပါ ဆက်လက် ချထားပေးခဲ့သည်။ သွင်းဈေးကျပ် ၅ သိန်းဖြစ်ပြီး စတင်ချထားပေးစဉ်က နယ်မြေ အကန့်အသတ် ဖြင့်သာ အသုံးပြုနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ၀၉ မိုဘိုင်းကုတ်သို့ ပြောင်းလဲခဲ့ပြီး ၎င်းဖုန်းလိုင်းရရှိသည့် နေရာများသို့ ယူဆောင် အသုံးပြုနိုင်ခဲ့သည်။ ပထမဦးဆုံး ကြိုတင်ငွေဖြည့်စနစ်(Prepaid Card)ဖြင့် သုံးစွဲရသည့် ဖုန်းလဲဖြစ်သည်။ ၎င်းဖုန်းအား ၇၃ ဖုန်းဟူ၍ လူသိများခဲ့ပြီး မည်သူမဆို လွတ်လပ်စွာ လျှောက်ထားခွင့် ရခဲ့သည်။
 ကမ်းရိုးတန်းဖုန်းခေါ် CDMA 450MHz - ၂၀၀၈ ခုနှစ်၌ စတင်ချထားပေးခဲ့သည်။ ကမ်းရိုးတန်းဒေသများ အတွက် ရည်ရွယ်၍ ချထားပေးခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းရှိ မြို့ပေါင်း တော်တော်များများတွင် သုံးစွဲနိုင်သည်။ သွင်းဈေး ကျပ် ၁၅ သိန်းကျော် ဖြစ်ပြီး ၀၉ ၈၅၊ ၈၆၊ ၈၇ နံပါတ်များဖြင့် စတင်သည်။ ဟန်းဆက်ဖြင့် သုံးစွဲနိုင်သည့်အပြင် အထိုင်ဖုန်းဖြင့်လည်း သုံးစွဲနိုင်ခဲ့သည်။ ၎င်းဖုန်း အမျိုးအစားကဲ့သို့ပင် ကျပ် ၅ သိန်းတန်ဖုန်းများအား ၂၀၁၀ခုနှစ်တွင် နေပြည်တော်၌ စတင်ချထားပေးခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်မန္တလေးမြို့များတွင်ပါ ချထားပေးခဲ့သည်။၂၀၁၁ ခုနှစ်၌နယ်မြို့များတွင်ပါ ထပ်မံချထားပေးခဲ့ပြီး လတ်တလောကာလတွင် ချထားပေးမှု ရပ်ဆိုင်းထားပြီး နောက်တဖန် ထပ်မံချထားပေးမည့်အခါတွင် ကျပ်၂ သိန်းဖြင့် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
WCDMA - GSM မိုဘိုင်းဖုန်း အမျိုးအစားပင်ဖြစ်ပြီး 3G Network တွင် အသုံးပြုနိုင်သည်။ ၂၀၀၉ ခုနှစ် ၀န်းကျင်တွင် စတင်ချထားပေးခဲ့ပြီး ဆက်သွယ်ရေးသို့ သွင်းရသည့်ဈေးမှာ ကျပ်၁၅သိန်းပင်ဖြစ်သည်။ ထိုစဉ်ကာလ၌ ပြင်ပပေါက်ဈေး သိန်း၃၀ ၀န်းကျင်ထိ ပေါက်ခဲ့သည်။ ၄င်းဖုန်းများအား ၂၀၁၂ခုနှစ်ဧပြီလတွင် ကျပ်၂၅၀၀၀ ဖြင့် ထပ်မံချထားပေးလျက် ရှိသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis