'ဆရာဖြစ်သင်ကြားရန် လူရွေးချယ်ရာ၌ အထူးအရေးကြီးသော အချက်မှာ
တကယ်ဆရာအလုပ်နှင့် တော်မည့်သူကိုသာ ရွေးကြရန် သတိပြုရမည်။
အခြားအလုပ်တစ်ခုခုကို လုပ်လိုသော်လည်း မရနိုင်၍ နောက်ဆုံးဆရာပဲ
လုပ်ပါတော့မည်ဟု စိတ်ထားသောသူ၊ အကျင့်စာရိတ္တပျက် ပြားသောသူ၊ ကျန်းမာရေး
များစွာချို့တဲ့သောသူ၊ စိတ်ထား အလွန်ကျဉ်းမြောင်းသောသူ၊ အချုပ်အားဖြင့်
ကျောင်းသားများ စံနမူနာယူခြင်းဖြင့် အကျိုးမဲ့စေမည့်သူတို့ကို
မရွေးချယ်စေရ။
အစိုးရ အမှုထမ်းအရာထမ်းများတွင် လက်ရွေးစင်များသာ ဖြစ်ကြရမည်။
'ကျောင်းဆရာဘ၀နှင့် စပ်လျဉ်း၍ တွေးမိတိုင်း သတိရမိသော အဆိုအမိန့်
စကားတစ်ရပ်ဖြစ်ပါသည်။ ဆိုမိန့်သူမှာ အခြားမဟုတ်။ ကျောင်းဆရာ တစ်ဦးလည်းဖြစ်
ကမ္ဘာသိ မြန်မာ့သားကောင်းတစ်ဦးလည်းဖြစ်သည့် ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်(၁၉၀၉-၁၉၇၄) ဖြစ်သည်။ ထိုအဆိုအမိန့်ထဲမှ
'ဆရာသည် ကျောင်းသားများအတွက် စံနမူနာ ဖြစ်ရမည်။ အစိုးရ
အမှုထမ်းအရာထမ်းများတွင် လက်ရွေးစင်များ ဖြစ်ရမည်'ဟူ သောအချက်မှာ
အလွန်အလေးအနက် ထားမှတ်သားရမည့်အချက်ဖြစ်သည်။
ကျောင်းဆရာသည် စာပေသင်ကြားရသူသက်သက်မဟုတ်။ တပည့်များအား အသိအလိမ္မာ
ဉာဏ်ပညာနှင့် စိတ်ထားအပြုအမူများကို နည်းပေးလမ်းပြ ဆုံးမသွန်သင်
ပဲ့ပြင်ပေးရသူဖြစ်သည်။ အနာဂတ် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက်
အရင်းအမြစ်ဖြစ်သည့် ကျောင်းသား လူငယ်များအား အခြေခံကောင်း၊
အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးရသူများ ဖြစ်သည်။
စာသင်ကျောင်းမှထွက်ပြီး လူ့အဖွဲ့အစည်းထဲသို့ ရောက်သည့်အခါ
အဆင်သင့်ဖြစ်စေရန် လေ့ကျင့်ပြင်ဆင်ပေးရပါမည်။ ကျောင်းဆရာ၏ တာဝန်နှင့်
ဝတ္တရားမှာ ကြီးမားသည့် အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို
လေ့လာကြည့်သောအခါ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် တိုင်းပြည်ထူထောင်မှုတွင်
ကျောင်းဆရာများသည် ရှေ့တန်းမှ မားမားမတ်မတ်ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ၁၉၂၀
ပြည့် ပထမကျောင်းသား သပိတ် ပေါ်ပေါက်ပြီး နောက်အမျိုးသားကျောင်းများဖြစ်
တည်လာရာ ထိုကျောင်းများမှ ကျောင်းဆရာများနှင့် ကျောင်းသားများသည် နောင်အခါ
တိုင်းပြည်လွတ်လပ်ရေးနှင့် ထူထောင်ရေးတို့တွင် ပါဝင်ကြသည့်ပုဂ္ဂိုလ်များ၊
တိုင်းပြည်ခေါင်းဆောင်များ ဖြစ်လာကြပါသည်။ ကျောင်းဆရာအဖြစ်၊
စာပေပညာရှင်အဖြစ်၊နိုင်ငံခေါင်းဆောင်အဖြစ် ကျွမ်းရာ၊ ကျရာကဏ္ဍမှ
ပါဝင်ခဲ့ကြသည်။
နိုင်ငံပြုတည်ဆောက်သူ ကျောင်းဆရာများကို စဉ်းစားလိုက်လျင် ဦး
စားသတိရမိသူမှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်း(၁၈၇၅-၁၉၆၄) ဖြစ်သည်။
ပထမကျောင်းသားသပိတ်အပြီး ဗဟန်းအမျိုးသားကောလိပ်ကို တည်ထောင်သည့်အခါ
ဆရာကြီးသည် ထိုကောလိပ်တွင် မြန်မာစာပေ နှင့် မြန်မာရာဇ၀င်ပါမောက္ခအဖြစ်
ဆောင်ရွက်သည်။ တပည့်ရင်း ဒီးဒုတ်ဦးဘချိုနှင့်အတူ ဗဟန်း
အမျိုးသားကောလိပ်ပျက်သည့် တိုင်အောင် အမျိုးသားရေးကြိုးပမ်းမှုတွင်
ပါဝင်ခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်ကို
အရင်းခံ၍ ကျောင်းဆရာအဖြစ် ဆင်းရဲချို့တဲ့စွာ ထမ်းရွက်ခဲ့သည်။ တပည့်များ၏
အမျိုးသားရေး ကြိုးပမ်းမှုကို ဘွိုင်းကောက်ဋီကာတွင်
ယူနီဗာစီတီဘွဲ့လေးချိုးကြီးဖြင့် စိတ်အားတက်စရာ
ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ပါသည်။ ကိုယ်တိုင်လည်း မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှုတွင် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ပါဝင်ခဲ့သည်။
တို့ဗမာအစည်းအရုံးတွင် နာယက တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုလိုနီခေတ်တွင်
တပည့်ရင်းဖြစ်သူ ၀တ်လုံတော်ရ ဦးမေအောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်လက်ခံရန်
ကမ်းလှမ်းရာ ငြင်းပယ်ခဲ့သည်။ ဝေလမင်းသားဘုန်းတော်ဘွဲ့ရေးပါက ဆုငွေတစ်ထောင်
ချီးမြှင့်မည်ဟု တိုက်တွန်းသည်ကိုလည်း လက်မခံခဲ့ပါ။ ယုံကြည်ချက်အတွက်
ရပ်တည်ချက် ပြတ်သားမှန်ကန်စွာဖြင့် ရာထူးစည်းစိမ် ဂုဏ်ပကာသနကို
စွန့်လွှတ်ခဲ့ပုံမှာ နမူနာယူထိုက်ပါသည်။
ဆရာကြီးဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)သည် သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊
မောင်ထင်၊ မြကေတု၊ ဒေါက်တာလှဘေတို့ကဲ့သို့ တပည့်လူတော်များစွာကို
မွေးထုတ်ပေးခဲ့သည့် ကျောင်းဆရာကြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏
ကျောင်းအုပ်ဆရာကြီး ဖြစ်သည်။ ရန်ကုန် တက္ကသိုလ်တွင် မြန်မာစာပေ
သင်ကြားနိုင်ရေးအတွက် အောင်မြင်အောင် ကြိုးပမ်းခဲ့သည်။ သူ၏ တပည့်ဖြစ်သည့်
မောင်စိန်တင်(သိပ္ပံမောင်ဝ) သည် မြန်မာစာဂုဏ်ထူးတန်း၏ ပထမဆုံး
ကျောင်းသားဖြစ်ပြီး ဂုဏ်ထူးတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။
လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေ
စစ်တပ်ရန်ပုံငွေ အတွက် ငွေသုံးရာ၊ တို့ဗမာအစည်းအရုံးသို့ လစဉ်ငွေသုံးရာ
ထည့်ဝင်လှူဒါန်း ကူညီခဲ့သည်။ ဆရာကြီးဦးဖေမောင်တင်၏ ကြိုးပမ်းမှုကို
ဆရာမောင်ထင်(၁၉၀၉-၂၀၀၆)က 'ပုဂ္ဂလ အဘိဓာန်'တွင်' ဆရာပေါ်ထွန်းသော ခေတ်သည်
ယနေ့ခေတ်ကဲ့သို့ အမျိုးသားမှန်သမျှ မိမိလူမျိုးမိမိနိုင်ငံအတွက်
ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အဆီးအတားမရှိ လွတ်လပ်စွာ
ဆောင်ရွက်နိုင်သော ခေတ်မဟုတ်ချေ။ နယ်ချဲ့၏ လှောင်အိမ်ထဲတွင်
နယ်ချဲ့ကန့်သတ်ပေးသော နယ်နိမိတ်အတွင်း၌သာလျှင် ရုန်းကန်လှုပ်ရှားနိုင်ကြသည်။
လူတစ်ယောက်ကို လက်ထိပ်ခတ်ပြီး ရုန်းတော့ဟုဆိုလျှင် ထိုသူရုန်းရသော ဥဿာဟသည်
မည်မျကြီးမားမည်ကို ချင့်ချိန်၍ ကြည့်ကြပါ။ လက်ထိပ်မပါဘဲ
လွတ်အောင်ရုန်းသော သူကဲ့သို့ လွယ်လိမ့်မည်မဟုတ်'ဟု ဥဒါဟရုဏ် ဆောင်ကာ
သုံးသပ်ပြပုံမှာ ထိမိပေါ်လွင်လှပါသည်။
စာပေနယ်တွင် အမျိုးသားပညာဝန် ဦးဖိုးကျား(၁၈၉၀-၁၉၄၂) ဟုထင်ရှားသည့်
စာရေးဆရာကြီးသည် ကျောင်းဆရာတစ်ဦးဖြစ်သည်။ ၁၉၂၀ ပြည့် ကျောင်းသားသပိတ်တွင်
ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ ပေါ်ပေါက်လာသည့်အခါ အမျိုးသားပညာဝန်အဖြစ်
ဆောင်ရွက်ခဲ့သည်။ အစိုးရရာထူးကို မယူခဲ့။ အမျိုးသားကျောင်းများ
အောင်မြင်တိုးတက်ရေးအတွက် ကွယ်လွန်သည့်တိုင်အောင် အစဉ်တစိုက်
ဆောင်ရွက်ခဲ့သည်။ အမျိုးသားကျောင်းနှင့် ကျောင်းသားများကိုလည်း
'ထိုကျောင်းတို့မှာ အမျိုးသားကလေးတို့ကို လူဖြစ်အောင်သင်ကြားပေးရာ
ဗဟိုဌာနဖြစ်၏။ အမျိုးသား စစ်သည်တော်ကလေးများ ထွက်ရာ အရပ်ဖြစ်၏'ဟု
ချီးကျူးရေးသားခဲ့ပါသည်။ မြန်မာစာပေနှင့် ယဉ်ကျေးမှု၊ မြန်မာတို့
စိတ်ဓာတ်မြင့်မားမှုအတွက် စာပေဖြင့် စည်းရုံးလှုံ့ဆော်ခဲ့သည့် နိုင်ငံပြု
ကျောင်းဆရာတစ်ဦးအဖြစ် တွေ့ရပါသည်။
ကျောင်းဆရာသည် လူကို ပြုစုပျိုးထောင်ရသူ၊ ပဲ့ကိုင်ထိန်းကျောင်းရသူ၊
ကိုယ်တွယ်ပုံသွင်းရသူ ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် သိမ့်မွေ့ပြီး နက်နဲသော
တာဝန်ကိုယူကြရသူများဖြစ်သည် ...
|
ဆရာကြီး ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)သည် ၁၉၂၀ ပြည့်
ကျောင်းသားသပိတ်အပြီးတွင် ဟင်္သာတမြို့ အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ်
ဆောင်ရွက်ခဲ့သည်။ ဗဟန်း အမျိုးသားကျောင်း ထူထောင်ရာ၌
ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင်
သတင်းနှင့် ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။
အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည်။ မြန်မာ့ဂီတလောက၏
မှီငြမ်းပြုကျမ်းဖြစ်သော ဂီတ၀ိသောဓနီကျမ်းကြီးကို တည်းဖြတ်ပေးခဲ့သည်။
ကျောင်းဆရာ စာပေပညာရှင် အာဇာ နည်အဖြစ် နိုင်ငံအကျိုးပြုခဲ့ပါသည်။
ဆရာကြီးရွှေပြည်ဦးဘတင် (၁၈၉၄-၁၉၆၆)သည် မန္တလေးမြို့
ဗဟိုအမျိုးသားကျောင်းကြီး စတင်တည်ထောင်ရာ၌ ပါဝင်ခဲ့သည်။ ဆရာကြီးဦးရာဇတ်၏
စီမံပေးမှုအရ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း၏ မဟာဂီတ သင်တန်း၌
မြန်မာရှေးသီချင်းကြီးများကို သင်ကြားပေးရသည်။ ကျောင်းဆရာအဖြစ်
ဆယ်နှစ်ဆောင်ရွက်ခဲ့သည်။ မန္တလေး မြူနီစီပယ်လူကြီး၊ လွှတ်တော်အမတ်အဖြစ်လည်း
ဆောင်ရွက်ခဲ့သည်။
အာဇာနည်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့်
သခင်မြ(၁၈၉၇-၁၉၄၇)ကမူ ကြည့်မြင်တိုင် အမျိုးသား နေရှင်နယ်ကျောင်းဆရာကြီး
ဖြစ်ခဲ့သည်။ ၁၉၂၁ ခု သြဂုတ်လ ၁၄ ရက် ဗဟန်း ရွှေကျင်ကျောင်းတိုက်၌
ဖွင့်လှစ်ခဲ့ သည့် အမျိုးသားကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရသူဖြစ်သည်။ ၁၉၄၆
ခုနှစ်၌ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင်
ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ကျောင်းဆရာအဖြစ် နိုင်ငံပြု
တည်ဆောက်ခဲ့သူဖြစ်ပါသည်။
အာဇာနည် ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်(၁၈၉၈-၁၉၄၇)သည် မန္တလေးမြို့
ဗဟိုအမျိုးသားကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဖြစ်သည်။ အမျိုးသားကောလိပ်မှ
ပထမဆုံး ၀ိဇ္ဇာဘွဲ့ရသူဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ
အစိုးရပညာရေးနှင့် အမျိုး သားစီမံကိန်းဌာန ၀န်ကြီးအဖြစ်
ခန့်အပ်ခြင်းခံရသည်။ ဆရာကြီးဦးရာဇတ်သည်
ကိုယ်တိုင်ခေါင်းဆောင်တစ်ဦးဖြစ်သကဲ့သို့ သူ့တပည့်များကိုလည်း
ခေါင်းဆောင်ဖြစ်စေချင်သည်။ ဆရာကြီး၏ လက်သုံးသြ၀ါဒမှာ'ဘာပဲလုပ်လုပ်
နောက်ကလည်း မလိုက်နဲ့၊ဘေးကလည်း ကန့်လန့်ကန့် လန့် မလိုက်နဲ့၊ ရှေ့ထိပ်က
ခေါင်းဆောင် ဖြစ်အောင်ကြိုးစား၊ ယုတ်စွအဆုံး ဓားပြတိုက်စားရင်တောင်
ဓားပြခေါင်းဆောင်သာ ဖြစ်ပါစေ။ ဒါမှသာ ဆရာကြီးရဲ့တပည့် အမျိုးသားကျောင်းထွက်
ပီသမယ်'ဟူ၍ ဖြစ်သည်။ 'သူများကျောင်းက အိုင်စီအက်စ်တစ်ယောက် ထွက်ရင်
ငါ့ကျောင်းက ဗြိတိသျအစိုးရကို ပုန်ကန်မယ့် သူပုန်ဆယ်ယောက် ထွက်ရမယ်'ဟုလည်း
ဆိုပါသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် မြန်မာတို့သည် အခြေခံစစ်ပညာကို
တတ်ထားရမည်ဟု ယုံကြည်ကာ ဗဟိုအမျိုးသားကျောင်းတွင် အမျိုးသားအပျော်တမ်း
ရဲတပ်၊ ရဲညွန့်တပ်၊ ရဲဘင်ခရာ တပ်များ ဖွဲ့စည်းခဲ့သည်။ ကျောင်းသားများ
အားကစားထူးချွန်ပြီး ရဲစွမ်းသတ္တိထက်သန်ရန် အနောက်တိုင်း လက်ဝှေ့သင်တန်း
ဖွင့်ပေးသည်။ မြန်မာမှုဂီတကို မြတ်နိုးတန်ဖိုးထားတတ်ရန် မဟာဂီတသင်တန်း
ဖွင့်ပေးသည်။ အင်္ဂလိပ်စာ တတ်ကျွမ်းထူးချွန်ရန် အမြဲအားပေးသည်။
ကျောင်းသားများ လက်ရုံးရည် နှလုံးရည် ပြည့်ဝအောင်၊ ဘက်စုံထူးချွန်အောင်
သင်ကြားပေးခဲ့သည်။ လွတ်လပ်ရေး တိုက်ပွဲဝင်သားကောင်းများစွာ
မွေးထုတ်ပေးခဲ့ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း(၁၉၀၁-၁၉၄၇)သည် ရေနံချောင်းမြို့
အမျိုးသားကျောင်းတွင် ကျောင်းဆရာကြီးဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏
အစ်ကိုဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ငယ်စဉ်ကပင် အင်္ဂလိပ်စာ ထူးချွန်အောင်
သင်ပေးခဲ့သည်။
၁၉၄၇ ခုနှစ် အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန
ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူ
ဆရာကြီးသခင်ဘသောင်း(၁၉၀၁-၁၉၈၁)သည်လည်း ကျောင်းဆရာကြီးတစ်ဦး ဖြစ်သည်။
မန္တလေး၊ ရွှေဘို၊ ပုသိမ်မြို့များရှိ အမျိုးသားကျောင်းများတွင်
စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် ဆောင်ရွက်သည်။ နိုင်ငံပြု တည်ဆောက်ရေးတွင်
စာပေဖြင့် တစ်တပ်တစ်အား ပါဝင်ခဲ့သည်။ ဘာသာပြန်စာပေ ပေါ်ထွန်းရေးအတွက်
တပ်လှန့်ပေးခဲ့သည်။'ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင်တမွတ်
ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်းတည်း။ ဘာသာပြန်ရေးသည် မိုးပေါ်က
ကြယ်မို့ ခက်ရမည်လော။ မိုးပေါ်ကကြယ်ပင် ဖြစ်လင့်ကစား လာကြလော့။ ယခုပင်ငါတို့
ဆွတ်ခူးကြကုန်အံ့။'ဟူသော နိုးကြားရေး စာတမ်းလာ နှိုးဆော်ချက်မှာ ထက်
သန်တက်ကြွစိတ်ကို ဖြစ်စေပါသည်။ စာပေဖွံ့ဖြိုးခြင်းဖြင့်
တိုင်းပြည်တိုးတက်ရေး မြန်မာပြည်သူတို့ အသိအမြင် ပွင့်လင်းနိုးကြားရေးအတွက်
တစ်တပ်တစ်အား ဖြစ်စေခဲ့သည်။
ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူ၊ မဟာသရေစည်သူဘွဲ့ရ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်သည် မူလက ကျောင်းဆရာတစ်ဦး ဖြစ်သည်။ ၁၉၂၈
မှ ၁၉၃၀ တွင် ပန်းတနော် အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာ ဖြစ်သည်။ ၁၉၃၁
မှ ၁၉၄၂ တွင် ပန်းတနော် အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ်
ဆောင်ရွက်ခဲ့သည်။ ဆရာများနှင့်ပတ်သက်၍ သူ၏ အဆိုအမိန့်တစ်ရပ် ရှိပါ သေးသည်။
'ကျောင်းဆရာ တိုင်း၏ အကြီးဆုံးသောအရည်အချင်းသည် အကျင့်စာရိတ္တ
ကောင်းမွန်ရေးဖြစ်၏။ သို့မှသာလျှင် ကျောင်းသူကျောင်း သားများသည်
အကျင့်စာရိတ္တ ကောင်းနိုင်ပေမည်။ မည်သည့်အတန်းကိုပင် အောင်မြင်စေကာမူ၊
မည်ကဲ့သို့ပင် အသင်အပြ ကောင်းစေကာမူ အကျင့်စာရိတ္တ မကောင်းသောသူသည်
ဆရာအဖြစ်နှင့်မလျော်'ဟု ဆိုခဲ့ရာ သတိပြုစရာ ဖြစ်ပါသည်။
နိုင်ငံပြုတည်ဆောက်သူ ကျောင်းဆရာ အမြောက်အမြား ရှိပါဦးမည်။ ကျောင်းဆရာမှ
စာရေးဆရာ၊ သံအမတ်၊ ၀န်ကြီး၊ နိုင်ငံခေါင်းဆောင် အာဇာနည်ဖြစ်သွားသူ
အများအပြား ရှိပါသည်။ လွတ်လပ်ရေးရရန် လက်တစ်ကမ်း အလိုတွင် တိုင်းပြည်အတွက်
အသက်ပေးသွားသူ အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးအနက် လေးဦးမှာ ကျောင်းဆရာများ
ဖြစ်သည်။ သူတို့သည် သာမန်ခေါင်းဆောင်(Leader) သက်သက်မဟုတ်။
နိုင်ငံပြုတည်ဆောက်သူ(Statesman)ကျောင်းဆရာများ ဖြစ်ကြသည်။
ခုနစ်တန်းအောင်လျှင် ပင် မြို့အုပ်ဖြစ်ခွင့်ရသော ခေတ်၌
ခုနစ်တန်းအောင်ပါလျက်၊ ဘွဲ့ရပါလျက် နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ရာထူးကိုမယူဘဲ
ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ကာ ဆင်းရဲမှုအမျိုးမျိုးကိုခံ၍
တိုးတက်မှုလမ်းစ မရှိ၊ လစာအခွင့်အရေး နည်းပါးသည့် ဆရာဘ၀ကို ခံယူခဲ့ကြ သည်မှာ
တော်ရုံစိတ်ဓာတ်နှင့် မဟုတ်။ ပြင်းပြထက်သန်သည့် မျိုးချစ်စိတ်ကြောင့်
သာဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ ထိုဆရာကြီးများသည်
နိုင်ငံပြုတည်ဆောက်ရာ၌ ကိုယ်တိုင်ရှေ့ဆောင်ရှေ့ရွက်ပြု ပါဝင်ခဲ့ကြသလို
တပည့်များကိုလည်း ထိုအရည် အချင်းမျိုး စိတ်မျိုးရှိအောင်၊ လူတစ်လုံး
သူတစ်လုံးဖြစ်အောင် လမ်းပြနိုင်ကြသည်။
ကျောင်းဆရာသည် လူကိုပြုစု ပျိုးထောင်ရသူ၊ ပဲ့ကိုင်ထိန်းကျောင်းရသူ၊
ကိုယ်တွယ်ပုံသွင်းရသူ ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် သိမ့်မွေ့ပြီးနက်နဲသော
တာဝန်ကို ယူကြရသူများဖြစ်သည်။ ထို့ကြောင့် ကျောင်းဆရာအဖြစ် ဘ၀ရပ်တည်ရန်
ရွေးချယ်ပြီးနောက် ထိုတာဝန်၏ လေးနက်သော အနှစ်သာရကို ပေါ်လွင်အောင်
ကြိုးစားရပါမည်။ တကယ့်ဆရာစိတ် ရှိရမည်။ အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
စိတ်သဘောထား အမြင်ကျယ်ရမည်။ ယုံကြည်ချက် ခိုင်မာရမည်။ အတွေးအခေါ်
ဆန်းသစ်ရမည်။ အယူအဆ ခေတ်မီရမည်။ ခေတ်နှင့်ယှဉ်သည့် ပညာဝမ်းစာ
ကိုယ်ခံအားကောင်းရမည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက်
အရည်အချင်းပြည့်ဝသော တပည့်များ မွေးထုတ်ပေးရမည်။ ကိုယ်တိုင်က စံပြဖြစ်အောင်
ကြိုးစားရမည်။ ကိုယ်ကျင့်သိက္ခာနှင့် ပညာတွင် တပည့်များကိုလည်း
ထိုအရည်အချင်း မျိုးစိတ်မျိုးရှိအောင်၊ လူတစ်လုံးသူ တစ်လုံးဖြစ်အောင်
လမ်းပြနိုင်ကြသည်။ ထိုဆရာကြီးများကို စံနမူနာယူကြရပါမည်။ ဆရာကောင်းတို့၏
တပည့်ပေါင်းများစွာမှာ နယ်ပယ်အသီးသီးတွင် ထူးချွန်ပြောင်မြောက်စွာ
ဝင်ဆံ့နိုင်ကြပါသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ဦးစားပေး
ရှေ့တန်းတင်ရသော ခေတ်သမယတွင် ကျောင်းဆရာတို့၏ အခန်းကဏ္ဍမှာ
အလွန်အရေးကြီးပါသည်။
ကျမ်းကိုး
- စိန်တင်၊ တက္ကသိုလ်။ (၁၉၇၅)ကမ္ဘာ့ငြိမ်းချမ်းရေး ပိသုကာ ဦးသန့်(စတုတ္ထအကြိမ်)။ တကောင်းစာအုပ်တိုက်။ - ဇေယျာ၊ မောင်။(၂၀၀၃)။ စာပေသမိုင်းပုဂ္ဂိုလ်ရေး အတွေးအမြင်များ။ ရန်ကုန်၊ ချစ်စရာစာပေ။ - ထင်၊ မောင်။(၂၀၀၉)။ ပုဂ္ဂလအဘိဓာန်။ စိတ်ကူးချိုချို။ - ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အတ္ထုပ္ပတ္တိ။ (၁၉၆၆)။ အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်။ - သူ့တပည့်များက ပြောပြတဲ့ ဆရာကြီးဦးရာဇတ် အကြောင်း။ (၁၉၉၅။ ရန်ကုန်၊ မန္တလေးအသင်း။ )- သန့်၊ဦး။(၁၉၆၇)။ ဦးသန့်၏ စာ။ ယမုံနာစာပေ။
EMG |
No comments:
Post a Comment