menu

Sunday 27 May 2012

ဘကြီးညို၏ အောက်ကစ(ဦးတင်မောင်လတ် (မွန်ပြည်နယ်ကျောင်းကျန်းမာရေး))


ရိုးသားသော မွန်လူမျိုး ဘကြီးညို ... မွန်နာမည်ကိုတော့ နိုင်ကွန်ဒေဟု ခေါ်ကြသည်။ မွန်ပြည်နယ်၏ အေးချမ်းသော မွန်ရွာကလေး တစ်ရွာတွင် မူလ တန်းပြဆရာအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုလုပ်ခဲ့သူ ဖြစ်၏။ ဆရာညို သည် သူ၏ကျောင်းဆရာအလုပ်ကို အလွန်တန်ဖိုးထားပြီး ၎င်း၏တပည့် ကလေးများအပေါ် သံယောဇဉ်ကြီးမား သော ဆရာတစ်ယောက်ဖြစ်၏။
၎င်း၏ ခေတ်က မိမိနေထိုင်ရာ မွန်ရွာကလေး တွင် ကျူရှင်ဆိုသည်မှာ ကြားတောင် မကြားဘူးချေ။
လူပျိုကြီးဖြစ်၍ မိသားစု သံယောဇဉ်ဟူ၍ သူ့တွင်မရှိ။ သူ တွယ်တာရသော သံယောဇဉ်ဆိုသည် မှာ သူ့တပည့်ကလေးများသာ ဖြစ်၏။

မိမိ၏စေတနာ၊ မေတ္တာ၊ ကရုဏာများကို ၀ါသနာများဖြင့် ပေါင်းစပ်ပြီး ရစ်ပတ် ဖွဲ့နှောင်ထားသော သူ့သံယောဇဉ် ကြောင့် ဉာဏ်ရည် နိမ့်ပြီး အထူးသဖြင့် စာမလိုက်နိုင်သော သူ၏တပည့်ကလေး ငယ်များအား ညနေ ၅ နာရီမှ ၆ နာရီ အထိ မိမိအိမ်တွင် အခမဲ့စာသင် ပေးပြန် သည်။
စာအသံများဖြင့် အသံမစဲ ညံဆူ နေသော သူ့အိမ်ရှေ့ ဖြတ်သန်းလျှောက် လှမ်းသွားသည့်အခါ စာသင်သံ၊ စာအံ သံများကို ကြားရသဖြင့် ၀မ်းသာပီတိ ဖြစ်ရလေသည်။
မေတ္တာ စေတနာ ကြီးမားသော မြတ်ဆရာ ဘကြီးညိုပါ တကား။ အသက် ၆၀ ပြည့်သည့်အခါ ဘကြီး ညို အနားရလေပြီ။
ရရှိသောပင်စင် လစာ ငါးရာ ခြောက်ရာဖြင့် မြန်မာအို တော့ ကျောင်းကြိုကျောင်းကြားဆိုသည့် စကားအတိုင်း ဆရာတော်ကြီး ဦးဇင်း ဦးနိုင်ဒုတ်ကျောင်းတွင် ကပ္ပိယရာထူး ဖြင့် အလုပ်ရလေပြီ။ ဆရာတော်ကြီး ကျွေးသော ထမင်းကိုစား၍ ဆရာတော် ကြီး ပေးသော ကျောင်းနေရာလေးတွင် ကျောခင်းလဲလျောင်းရင်း ရာဂဏန်းဖြင့် မိမိရရှိသော ပင်စင်လစာငွေမှာ မိမိ အတွက် ကွမ်းဖိုး၊ ဆေးဖိုးတော့ ရလေသည်။
တုံးလုံးစာတော့ ရ၏။ သို့သော် ပက်လက်စာတော့ မရှိ။
ပင်စင်လစာများ တိုးလာလေမလားဟု ဘကြီးညို မျှော် ခဲ့သည်။ စစ်အစိုးရခေတ်တစ်လျှောက် လုံးပါပဲ။ သို့သော် ကံကောင်းထောက်မ ၍ အရပ်သားအစိုးရသစ် ပေါ်ထွန်းလာ သောအခါ ဘကြီးညို အနှစ်နှစ်အလလ က စောင့်မျှော်ခဲ့သော ပင်စင်လစာငွေ များ တိုးမြင့် ခံစားခဲ့ရလေပြီ။
ရာဂဏန်း အရေအတွက်ရှိသော ပင်စင်လစာငွေ များ သောင်းဂဏန်းနှင့်ချီပြီး တစ်သောင်း ကျော် ရရှိလာသဖြင့် ဘကြီးညို အပျော် ကြီး ပျော်နေသည်။ သူ၏ဦးဦးဖျားဖျား တိုးမြှင့်ပင်စင်လစာငွေတစ်သောင်း ကျော်ဖြင့် ဆရာတော်ကြီးအား ဆွမ်း တစ်အုပ်နှင့် သင်္ကန်း တစ်စုံ ကပ်လှူလေ သည်။
ရာဂဏန်းဖြင့်သာ ရရှိသော ပင်စင် လစာငွေမှ သောင်းဂဏန်းနှင့်ချီသော ပင်စင်လစာငွေ တစ်သောင်းကျော် ရရှိ လာသဖြင့် ကွမ်းဖိုး၊ ဆေးလိပ်ဖိုးထက် တော့ ပိုပြီပေါ့။
ပုဆိုးအသစ်ကလေး၊ အင်္ကျီအသစ်ကလေးတစ်ထည်တစ်လေ လောက်တော့ ၀ယ်ဝတ်နိုင်ပြီလေ။
ငပိရည်ချို၊ မျှစ်ချဉ်ဟင်း၊ ချဉ်ပေါင်ဟင်း တစ်ခါတစ်ရံ ၀က်သားဟင်း၊ ငါးဟင်း လေး စားနေရသော ဘကြီးညို ခုတော့ ချိုချဉ် ကလေးများလည်း ၀ယ်စားနိုင်လေ ပြီ။
ဆရာတော် ကျွေးသောထမင်းဟင်း ဖြင့် အသက်ရှင်နေရသော ဘကြီးညို နံနက်ည၀တ်ပြုလေတိုင်း နိုင်ငံတော် သမ္မတကြီး အသက်ရှည်ရန် ကျန်းမာရန် ဆုတောင်းရသည်မှာ အမော။
အဘယ် ကြောင့်ဆိုသော် ဤသမ္မတကြီး လက် ထက် အငြိမ်းစားဝန်ထမ်းများ ပင်စင် လစာတိုး၍ ရရှိကြသောကြောင့်ပင် နိုင်ငံတော်အစိုးရအား အငြိမ်းစားလစာ နည်းဝန်ထမ်းများအတွက် ဤထက်ပို၍ ပင်စင်လစာငွေများ တိုးပေးနိုင်ပါရန် ဆုတောင်းရသည် အမော။
အမှန်တော့လည်း အသက်ရွယ်အိုမင်းလာသော ဘကြီးညိုကဲ့သို့သော အငြိမ်းစား ၀န်ထမ်းငယ်လေးများအတွက် နိုင်ငံ တော်၏ ထောက်ပံ့ငွေသည်သာ တစ်ခု တည်းသော အားကိုးရာဖြစ်၏။
တစ်သိန်းခွဲ နှစ်သိန်းနီးပါး ရရှိသော အဆင့် မြင့်ဝန်ထမ်းများ၏ ပင်စင်လစာမှာ ဘ၀အတွက် ပူပင်စရာမရှိတော့်သော် လည်း တစ်သောင်းကျော် နှစ်သောင်း ကျော် ရရှိသည့် ပြန်တမ်းဝင်အောက် အငြိမ်းစားလစာမှာ အလွန်ကွာခြားလှ ၏။
ဘ၀အတွက် ရပ်တည်နိုင်ရန်လည်း အလွန်ခက်ခဲ၏။
လက်ရှိဝန်ထမ်းများအား အပိုကြေး ငွေကျပ်သုံးသောင်းစီ တိုးမြှင့်ပေးခဲ့ပါလျှင် လစာနည်းအငြိမ်းစားဝန်ထမ်းများ အတွက်လည်း အထိုက်အလျောက် တိုးမြှင့်ပေးသင့်သည်ဟု ဘကြီးညို ယုံကြည်သည်။
အငြိမ်းစားဝန်ထမ်းများ မှာ အနည်းငယ်သောလစာဖြင့် ၎င်း အပေါ် အခြေခံ၍ရရှိသော အနည်းငယ် သော ပင်စင်ဖြင့် နှစ်ပေါင်း ၃၀ ကျော် နိုင်ငံ တာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ပြီးသူ များ ဖြစ်၏။
နေ့စဉ် ထမင်းနှစ်နပ်စားနေ ရသော ၀န်ထမ်းများနည်းတူ ပြန်တမ်း ၀င်အောက် အနည်းငယ်သော ပင်စင် လစာဖြင့် ဘ၀နေ၀င်ချိန်ကို ဖြတ်သန်းနေ ရသောဝန်ထမ်းကောင်း၊ ၀န်ထမ်း ဟောင်းတို့အတွက် စားရေး၊ ၀တ်ရေး ထက် နာရေးသေရေးစရိတ်က ပိုလာ သည်။
ဤသည်ကို နိုင်ငံတော်မှ ပြန်လည် စဉ်းစားပြီး စာနာစိတ် ကရုဏာစိတ်တို့ ဖြင့် အတိုင်းအတာတစ်ခုခုဖြင့် ဆောင် ရွက်ပေးသင့် ကြောင်း ဘကြီးညို ယုံကြည် ၏။
ဧပြီလ ၁ ရက်နေ့မှစ၍ ၀န်ထမ်းများ အပိုကြေးငွေ သုံးသောင်းကျပ်စီ ခံစား ခွင့်ပြုသော အမိန့်ကြော်ငြာစာနှင့်အတူ အငြိမ်းစား ၀န်ထမ်းများအတွက် တစ်စုံ တစ်ခုသော အတိုင်းအတာဖြင့် တိုးမြှင့် ထောက်ပံ့ငွေများ ခံစားနိုင်သည့် အမိန့် ပြန်တမ်းများ ပါ မလာသဖြင့် ဘကြီးညို စိတ်ပျက်အားငယ်မိသည်။
ဘကြီးညို အတွက် ဘုရားဝတ်ပြုလေတိုင်း ထပ်မံ ဆုတောင်းရမည်မှလွဲ၍ အဘယ်မှာ တတ်နိုင်ပေဦးမည်နည်း။ ဘကြီးညို တစ်ယောက် နံနက်တစ်ကြိမ်၊ ညတစ် ကြိမ်အပြင် နေ့လယ်တစ်ကြိမ် အပို ဆောင်း၍ မြတ်ဗုဒ္ဓအား ၀တ်ပြုဆု တောင်းနေပြန်သည်။
ဘကြီးညို၏ တစ်နေ့သုံးကြိမ် ဘုရားရှင်အား ၀တ်ပြု ဆုတောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀န၏ ပြောပြချက်အရ ဤသို့သိရှိရ ပါသည်။
ဘကြီးညိုသည် မွန်လူမျိုးဖြစ်သည့် အလျောက် ဘုရားဝတ်ပြုဆုတောင်း ခြင်းကို မွန်ဘာသာဖြင့် ဆိုလေသည်။
မြန်မာလို ဩကာသ၊ ဩကာသ၊ ဩကာသဆိုသည်ကို မွန်ဘာသာ၊ မွန် အသံထွက်ဖြင့် "အောက်ကစ၊ အောက် ကစ၊ အောက်ကစ" ဟုဆိုလေသည်။
ဤသို့မွန်ဘာသာဖြင့် "အောက်ကစ" သုံးကြိမ်ရွတ်ဆို၍ ဘုရားဝတ်ပြုဆု တောင်းခဲ့ပုံများကို မွန်ကိုရင်လေး ဇ၀န က ဤသို့မြန်မာလို ပြန်ပြသည်။
"အရှင်မြတ်ဘုရား တပည့်တော် မောင်ညိုသည် ကျောင်းဆရာတစ်ဦး အနေဖြင့် နှစ်ပေါင်းသုံးဆယ်ကျော် နိုင်ငံတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့ ပြီးဖြစ်ပါသည်ဘုရား။ နိုင်ငံတော်မှ ပေးအပ်ခဲ့သော ၀န်ထမ်းကောင်းဆု တံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ဆုတံဆိပ် များလည်း ရရှိခဲ့ပြီးဖြစ်ပါသည် ဘုရား။ ယခုနိုင်ငံတော်တာဝန်ထမ်း ဆောင်နေသူ ၀န်ထမ်းများ အပို ထောက်ပံ့ကြေးငွေများ သုံးသောင်း ရရှိခဲ့သော်လည်း နိုင်ငံတော်အတွက် အနှစ်သုံးဆယ်ကျော် တာဝန်ထမ်းရွက် ပြီးဖြစ်သော တပည်တော်တို့ အငြိမ်းစား ၀န်ထမ်းဟောင်းများ အပိုကြေးငွေ တစ်သောင်းလောက်တော့ မရထိုက်ပေဘူးလားဘုရား။ အငြိမ်းစားလစာငွေ တစ် သိန်း တစ်သိန်း အထက် ရရှိကြသော စစ်ဘက် နယ်ဘက်အကြီးစားဝန်ထမ်း များအတွက်တော့ တပည့်တော် မဆိုလို ပါဘုရား။ ပြန်တမ်းဝင် မဟုတ်သော အရာရှိများနှင့် အောက်ဝန်ထမ်း ဟောင်းများအတွက်တော့ အပိုကြေးငွေ အထိုက်အလျောက်ရရှိရန် အရှင်ဘုရား ကူညီမစပေးပါဘုရား။ ဒကာကြီး သူရ ဦးရွှေမန်းကိုလည်း အငြိမ်းစားဝန်ထမ်း ငယ်များအတွက် အပိုထောက်ပံ့ကြေးငွေ ကူညီ ပံ့ပိုးပေးရန် လွှတ်တော်တွင် ထပ်မံ တင်ပြပေးပါရန် တိုက်တွန်းပေးပါ ဘုရား။ ပြည်ခိုင်ဖြိုးအမတ်မင်းတစ်ဦးကလည်း လွှတ်တော်တွင် ၅,၀၀၀ ကျပ် တန် လက်ကိုင်ဖုန်းကိုင်ဆောင်နိုင်ရန် တင်ပြမည်ဟု ကြားသိရသဖြင့် တပည့်တော်တို့ ပြန်တမ်းဝင်အောက် ၀န်ထမ်း ငယ်များအတွက်လည်း အပိုထောက်ပံ့ ကြေးငွေတစ်သောင်းလောက်တော့ ထပ်မံပံ့ပိုးရန် တင်ပြပေးရေးအတွက် တိုက်တွန်းပေး ပါဘုရား။ စစ်တပ်မှ ကိုယ်စားလှယ်ကြီးများ၊NDF ၊ NLD နှင့် အခြားပါတီအသီးသီးနှင့် တိုင်းရင်း သားကိုယ်စားလှယ်များကလည်း ၀ိုင်း ၀န်းထောက်ခံပေးရန် တိုက်တွန်းပေးပါ ဘုရား။ တပည့်တော် ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုကို နိုင်ငံတော် သမ္မတကြီးနှင့် တကွ ၀န်ကြီးအဖွဲ့ဝင် အားလုံး လွှတ်တော်ဥက္ကဋ္ဌကြီးများနှင့် တကွ လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများအားလုံးတို့အား အမျှပေးဝေပါ ၏။ ထိုပုဂ္ဂိုလ်များအားလုံး အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် နိုင်ငံနှင့် လူမျိုးတို့၏အကျိုး၊ နိုင်ငံနှင့် နိုင်ငံ သားများ၏အကျိုး၊ နိုင်ငံ့ဝန်ထမ်း နှင့် နိုင်ငံတော်အငြိမ်းစားဝန်ထမ်းတို့၏ အကျိုးကို သက်တော်ရာကျော်ရှည်သည့် တိုင်အောင် ထမ်းရွက်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သပါသည်ဘုရား။ "အောက်ကစ၊ အောက်ကစ၊ ပွုင့်လီ အောက်ကစ" ဩကာသ၊ ဩကာသ သုံးလီ ဩကာသဟု နိဂုံးချုပ်ဝတ်ပြု ရွတ်ဆိုမှုအပြီး ကိုရင်လေး ဇ၀န၏ မွန်ဘာသာဖြင့် "စပ်ထု၊ စပ်ထု၊ စပ်ထု (သာဓု၊ သာဓု၊ သာဓု) သုံးကြိမ်ခေါ်ဆိုမှုနှင့်အတူ ရိုက်ခတ်လိုက်သော ကြေးစည် သံသည် ဆရာတော်၏ ကျောင်းတစ် ကျောင်းလုံး ပဲ့တင်ထပ်အောင် မြည်ဟီးသွားလေတော့သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis