menu

Tuesday 1 May 2012

မန္တလေး-မြစ်ကြီးနား အဆန်ရထားတစ်စင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လမ်းချော်မှုကြောင့် ခရီးစဉ်များ ရပ်ဆိုင်းထား




ပေါက်ကွဲမှုကြောင့် လမ်းချော်သွားသည့် မန္တလေး-မြစ်ကြီးနား (၃၃) အဆန်ရထားကို တွေ့ရစဉ်
ဧပြီလ၂၈ ရက်နေ့က မန္တ လေးမြို့မှ ထွက်ခွာသော မန္တလေး-မြစ်ကြီးနား ၃၃ အဆန်ရထား တစ်စင်းသည် ဧပြီလ၂၉ ရက်နေ့ နံနက် ၁  နာရီခန့်တွင် နန့်စီအောင်ဘူတာနှင့် မော်ဟန်ဘူတာအကြားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လမ်းချော်ခဲ့မှုကြောင့်  မန္တလေးမှ ထွက်ခွာမည့် မန္တလေး-မြစ်ကြီးနား ရထားခရီစဉ်များကို ဧပြီလ ၂၉ ရက်နေ့မှစ၍ ခေတ္တရပ်နားထားကြောင်း သိရသည်။
''မန္တလေး-မြစ်ကြီးနားကို ပြေးဆွဲတဲ့ရထားက တစ်နေ့ကို ခြောက်စင်းရှိတဲ့ထဲမှာ နံနက်၇ နာရီထွက်တဲ့ လော်ကယ်(နဘား)ရထားကတော့ ဒီနေ့ ထွက်သွားပြီ။ ကျန်တဲ့ ရထားငါးစင်းမှာလိုက်ပါမယ့် ခရီးသည်တွေကို လက်မှတ် ပိုက်ဆံတွေပြန်အမ်းပြီးတော့ ဒီနေ့ ပြေးဆွဲမှု ရပ်ထားတယ်။ အစုန်ရထားတွေကတော့ ဒီနေ့ အကုန်ဝင်နိုင်မယ်လို့ ထင်ပါတယ်''ဟု မန္တလေးဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ်ကြီးက ပြောကြားသည်။


''အခုပေါက်ကွဲမှုကြောင့် ဒီနေ့ ၂၉ ရက်နေ့ကစပြီး နောက်ထပ်သုံးရက်လောက်တော့ မြစ်ကြီးနား-မန္တလေး ခရီးစဉ် မထွက်နိုင်သေးပါဘူး။ ရထားတွဲတစ်တွဲက ပွင့်ထွက်သွားပြီး ကျန်တဲ့ရှစ်တွဲက တွဲချော်သွားတာမို့ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ လမ်းကြောင်းပြန် လည်ပြေးဆွဲနိုင်အောင် ဆောင်ရွက်ရမှာမို့ မေလ ၂ ရက်လောက်မှပဲ ပြန်လည် ပြေးဆွဲနိုင်ဖို့ များပါတယ်'' ဟု မြန်မာ့မီးရထား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် တာဝန်ကျသော အရာထမ်းတစ်ဦးက ဆိုပါသည်။

ပေါက်ကွဲမှုဖြစ်သော ရထားမှာ မန္တလေး-မြစ်ကြီးနား ၃၃ အဆန်(အထူးအိပ်စဉ်)ရထားဖြစ်ပြီး နန့်စီအောင်နှင့် မော်ဟန်ဘူတာအကြား  ၂၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်က မိုင်းကွဲမှုကြောင့် ရထားကိုးတွဲ လမ်းချော်ခဲ့ပြီး လူစီးတွဲ တစ်တွဲ ပျက်စီးခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများအား အသေးစိတ် မသိရှိရသေးကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis