menu

Sunday 11 March 2012

ဘယ်သူ့ကို မဲပေးကြမှာလဲ ... (၂)(ဇေ၀င်းနောင်)


မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ပြန်လာပါလိမ့်မယ်


''ကျွန်တော်ဘယ်သူ့ကို မဲပေးလိုက်သလဲ ကျွန်တော်သိတာပေါ့။ သူတို့လည်း သိမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်မဲ ဘယ်သူရသွားလဲဆိုတာ တော့ သူတို့ပဲသိတယ်''
ဘရာဇီးလ်က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ အမီလ်ကာ ဘရူနာဇိုဖီလ်ဟို ပြောတာပါ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ...။ အင်း။ ထားပါတော့လေ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။
အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်လုပ်တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ စိတ်ကျေနပ်မှုရလောက်တဲ့ အခြေအနေမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကတော့ မျှော်လင့်မထားဘဲကို ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စခဲ့တာ လုံးဝမဟုတ်ပါဘူး။ တက်လာတဲ့ ကြံ့ခိုင်ရေးအစိုးရ လက်ထက်မှာမှ စခဲ့တာပါ။ ဒါကိုတော့ အသိအမှတ် ပြုရပါမယ်။ Revolution ကို မကြုံချင်တဲ့ အစိုးရသစ်ဟာ R ဖြုတ်ပြီး ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့ ဆင့်ကဲဖြစ်စဉ် Evolution အတိုင်း အပြောင်းအလဲကို လုပ်ပေးခဲ့တယ်လို့ ထင်တာပါပဲ။

နှစ်နှစ်အကြာမှာတော့ ရွေးကောက်ပွဲတွေ တစ်ကျော့ ပြန်လာပါပြီ။ ဒီတစ်ခါ ရွေးကောက်ပွဲကတော့  အစိုးရအဖွဲ့နဲ့ အုပ်ချုပ်မှုအာဏာပိုင်းမှာ အပြောင်းအလဲ ကြီးကြီးမားဖြစ်စေနိုင်တဲ့ အတိုင်းအတာမှာ မရှိပါဘူး။ သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေ၊ ပြည်နယ် ၀န်ကြီးတွေဖြစ်သွားကြတဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်များရဲ့ လစ်လပ်သွားတဲ့နေရာ အနည်းငယ်ကိုပဲ ပြန်ရွေးကြရမှာပါ။
ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အာဏာအပြောင်းအလဲဖြစ်ဖို့ (ဒါမမဟုတ်) အာဏာ ဆက်လက်တည်မြဲဖို့အတွက် အဓိကကျတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျ အပြောင်းအလဲအပေါ် မြန်မာအစိုးရ တကယ် လျှောက်နေတယ်ဆိုတာ သက်သေပြရမယ့် ရွေးကောက်ပွဲပါ။ အတိုက်အခံတွေဘက်ကလည်း နိုင်ဖို့ထက် မျှတတယ်၊ မမျှတဘူးဆိုတာကို အဓိကစောင့်ကြည့်ဖို့၊ အဲဒီအပေါ်မှာ ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ အဓိကကျတဲ့ ရွေးကောက်ပွဲပါ။ ကျွန်တော်တို့ ပြည်သူတွေ အတွက်ကရော။ ရွေးချယ်စရာ ပိုမိုစုံလင်လာတဲ့ ရွေးကောက်ပွဲမှာ ကိုယ်ပေးတဲ့ မဲတစ်ပြား ပေးတဲ့သူဆီ အမှန်တကယ် ရောက် မရောက် ဒုတိယ အကြိမ်မြောက် ဆန်းစစ်ရမယ့် ပွဲပါ။ ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများရဲ့အစ ဖြစ်လာနိုင်ပါ တယ်။ ရွေးချယ်စရာ စုံလင်လာတဲ့ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ သွားပေးကြည့်တာတော့ မမှားဘူး ထင်ပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲ မစခင် စဉ်းစားကြည့်မိတယ်။ ပြောင်းပြန်စောက်ထိုး စဉ်းစားပုံနဲ့ပါ။ ဘယ်လိုလူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးဘူးလဲ ဆိုတာကိုပါ။ အဲဒီတုန်းက မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်း ရေးခဲ့ပါသေးတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲမှာလည်း မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်းက ပြန်စကြည့်ပါမယ်။
  • (၁) ဒေါင်းယောင်ဆောင်သော ကျီး
  • (၂) သစ္စာဖောက်
  • (၃) အခွင့်ရေးသမား၊ သာကူး
  • (၄) လက်ဝေခံ၊လက်ကိုင်တုတ်
  • (၅) ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ၊ ပါလေရာတွေ
  • (၆) နေ့ခင်းကြောင်တောင် အိပ်မက်မက်သူတွေ ဆိုပြီးတော့ပါ။
ဒီခြောက်မျိုးထဲ မပါတဲ့သူမျိုး ရွေးသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ အခု နှစ်နှစ်လောက် ရှိလာပြီဆိုတော့လည်း ဘယ်သူတွေက ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ၊ ဘယ်သူတွေကတော့ လက်ကိုင်တုတ်တွေ၊ ဘယ်သူတွေကတော့ အခွင့်အရေးသမားတွေ ဆိုတာ တော်တော်လေးတော့ ရှင်းရှင်းလင်းလင်း ဖြစ်လာပါပြီ။ စင်ဒရဲလားလေးနဲ့မှ တော်မယ့်ဖိနပ်ကို မိထွေးသမီးတွေစွပ်လို့ မတော်ဘူးဆိုတာလည်း ပြောတဲ့အတိုင်း ဖြစ်လာခဲ့တာပါပဲ။
နေ့ခင်းကြောင်တောင် အိပ်မက်မက်ခဲ့သူတွေလည်း အိပ်မက်က လန့်နိုးလာကြပြီ ထင်ပါတယ်။ လက်ဝေခံတို့၊ သာကူးတို့ဆိုတာကတော့ ခေတ်တိုင်း၊ နိုင်ငံတိုင်းက နိုင်ငံရေးနယ်ပယ်မှာ ရှိနေဦးမှာဆိုတော့ အဲဒါတော့ မတတ်နိုင်ဘူးပေါ့။ ကိုယ့်ဘာသာကိုယ် ကြည့်ရွေးကြပေါ့။
တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူအပြစ်။ နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူကိုက အတာ။ အလိမ် ခံရတဲ့သူ အပြစ်ဖြစ်သွားပြီ။ အဲဒီတော့ အလိမ်မခံရအောင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်ရင်ထဲ ရှိတဲ့အတိုင်း မှန်မှန်ကန်ကန် မဲပေးရုံနဲ့ မပြီးပါဘူး။ အဲဒီမဲတွေ မှန်မှန်ကန်ကန် ဖြစ်ဖို့ပါ အားလုံးက တတ်နိုင်သရွေ့ ၀ိုင်းဝန်းကြရမှာပါ။
ရွေးကောက်ပွဲ မသမာမှုဆိုတာ အစိုးရဘက်က ဖြစ်စေ၊ အတိုက်အခံတွေဘက်က ဖြစ်စေ ဘယ်ဘက်ကမဆို လုပ်နိုင်တာပါပဲ။ ၂၀၁၀ ပြည့်နှစ်တုန်းကတောင် အောင်ပွဲရ ကြံ့ခိုင်ရေး ပါတီကိုယ်တိုင်က တချို့ မဲဆန္ဒနယ်တွေမှာ သူတို့ကိုယ်စားလှယ်တွေ မဲ အလိမ်ခံရတယ်ဆိုတဲ့ ကိစ္စတွေ ကော်မရှင်ကို တိုင်ခဲ့ပါသေးတယ်။ ဒါကိုကြည့်ရင် မသမာမှုဆိုတာ ရှိနိုင်တယ်။ ဟိုဘက်ကရော၊ ဒီဘက်ကပါ ခံရနိုင်တယ်ဆိုတာ ရှင်းနေပါတယ်။
ဒီတော့ မဲဆိုတာ ဘယ်လိုခိုးလို့ ရတယ်၊ ဘယ်လို မသမာမှုလုပ်လို့ ရတယ်ဆိုတာကိုပါ သိထားရင် ပိုကောင်းပါလိမ့်မယ်။ ဒါမှအဲဒါတွေကို မဲဆန္ဒရှင်တွေက ဟန့်တားနိုင်မှာပါ။
မဲ မသမာမှုဆိုတာ အခြေခံအားဖြင့် ခွဲရင် နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်စားလှယ်လောင်းတစ်ဦး မဲများအောင် မသမာမှုလုပ်တာ၊ နောက်တစ်မျိုးက ပြိုင်ဘက် ကိုယ်စားလှယ် မဲနည်းအောင် မသမာမှုလုပ်တာပါ။ ကျွန်တော်တို့က မဲခိုးတယ်၊ မဲခိုးတယ်ဆိုရင် ဒီဘက်ပုံး ထဲများအောင်လုပ်တာပဲ မျက်လုံးထဲ ပေါ်တတ်ကြတာ။ ဟိုဘက်ပုံးထဲ နည်းအောင်လုပ်ရင်လည်း ရနိုင်တယ်ဆိုတာကို သတိ မမူမိတတ်ကြဘူး။ မဲများအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ မဲဝယ်တာ၊ သူများကိုပေးထားတဲ့ မဲကို ခိုးတာ၊ မဲလာမပေးတဲ့ သူရဲ့ မဲကို ကိုယ့်မဲ လုပ်ပစ်တာဆိုပြီး ရှိပါတယ်။ သေသွားတဲ့သူကိုတောင် မဲပေးဖို့ အတုမှတ်ပုံတင်ပြီး ထည့်တာ ရှိပါတယ်။ ဒါကတော့ ဖုတ်သွင်းမဲပေးနည်း (zombie voting)လို့ ခေါ်ရင်ကောင်းမယ်။
ကိုယ့်လူကို မဲရုံတွေပတ်ပြီး မဲထည့်ခိုင်းတာလည်း ရှိပါတယ်။ ဒီတစ်ယောက်ထဲက ဟိုမဲရုံလည်း အမည်ပေါက်၊ ဒီမဲရုံလည်း အမည်ပေါက်နေတာမျိုးပေါ့။ မကြာသေးခင်က ရုရှားရွေးကောက်ပွဲမှာ လူတွေကို ကားတွေနဲ့ တင်ပြီး အဲဒီလိုမျိုး မဲရုံတွေ ပတ်ထည့်ခိုင်းတာတဲ့။ အဲဒါကို ချားရဟတ် မဲခိုးနည်း carousel voting လို့ ခေါ်ပါတယ်။ ကျွန်တော်ကတော့ အဲဒါကို ချားစီးမဲခိုးနည်းပဲ ခေါ်ချင်ပါတယ်။ အဲဒီလိုပဲ ကိုယ်ရောက်နေတဲ့ နယ်မှာ လည်း အမည်ပေါက်၊ အဲဒီမှာ ကြိုတင်မဲထည့်ခဲ့ပြီးတော့ ကိုယ့်ဇာတိပြန်လာပြီး နောက်တစ်ခါထပ်ထည့်။ ဒါမျိုးလည်း ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း တစ်ပြိုင်နက်ကောက်ထားတာ မရှိလေတော့လည်း ခက်တာပါပဲ။
နောက်တစ်မျိုးကတော့ မဲပုံးချိန်း၊ မဲပုံးပေါင်းပေါ့။ ဒါမျိုးကတော့  မဲရုံကိုယ်စားလှယ်တွေ သိက္ခာရှိရင် လုပ်လို့ မလွယ်ပါဘူး။ မဲရုံတွေက သေးသေး သေးသေးနဲ့ အများကြီးဖြစ်နေပြီး သိက္ခာရှိတဲ့သူက နည်းနေရင်တော့ ပြဿနာရှိပါတယ်။ ပြိုင်ဘက်ကိုယ်စားလှယ်ရဲ့ မဲနည်းအောင် လုပ်တဲ့အကြောင်း ပြောရပါဦးမယ်။ အဲဒါကတော့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တဲ့နည်းက အဓိကပေါ့။ မင်းအဲဒီလူကိုပေးရင် ဘာဖြစ်သွားမယ်။ ဘာညာပေါ့။
နောက်တစ်နည်းက မဲရုံနားမှာ အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်ပြီး လူတွေမဲလာ မပေးကြအောင် လုပ်တာပါ။ ပြီးတော့ ပြိုင်ဘက်ကိုယ်စားလှယ်ရတဲ့ မဲတွေကို ပယ်မဲထဲ များများထည့်ပစ်လိုက်တာပါ။ အမှန်ခြစ်က မပီသဘူး၊မှန်သလို မှားသလို ဖြစ်နေတယ် ဘာညာပေါ့။
ရိုးရှင်းပြီး တစ်ခေတ်တစ်ခါက အနောက်နိုင်ငံတွေမှာတောင် အသုံးများတဲ့ မဲမသမာတဲ့ နည်းတစ်နည်းလည်း ရှိပါသေးတယ်။ ဒါကတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ ''မာကင်'' နည်းပဲ။ လျို့ဝှက် မဲ ပေးရပေမဲ့ ကိုယ်ဘယ်သူ့ကို ပေးတယ်ဆိုတာ သိသွားအောင် မဲ မှာ အမှတ်အသားလုပ်တဲ့ နည်းပေါ့။ အဲဒီတော့ ဟိုလူ့ကို ငါပေးမှန်းသိရင် ငါ့ကိုများ ဒုက္ခပေးလေမလားဆိုပြီး ကြောက်ကြတာပေါ့။ အမှန်တော့ ရဲရင့်တဲ့သူများရင် ဘာမှလုပ်လို့မရပါဘူး။

ကြားဖြတ် ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်ကမလှ ဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။ မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ ပြန်လာပါလိမ့်မယ် . . .
နောက်ဆုံးတစ်မျိုးကတော့ ကြိုတင် မဲ တွေကို မသမာမှုလုပ်တဲ့ နည်းပါ။ အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်းတွေဟာ မဲ ပေးတဲ့နေ့မှာ တာဝန်ကျနေရင် လာပေးဖို့ မလွယ်ပါဘူး။ တချို့ဆို မဲရုံ ၀န်ထမ်းလည်း လုပ်ရတော့ အဲဒီအချိန်ကျမှ ပေးဖို့ ဘယ်လွယ်မလဲ။ အဲဒီတော့ သူတို့လည်း မဲမပေးရ မရှိစေရအောင် ဒီလိုလုပ်ပေးထားတာပါ။ ဒါပေမဲ့ ကြိုတင်မဲက လာပေးတဲ့မဲလောက်၊ ဒါမမဟုတ် လာပေးတဲ့မဲထက် များနေရင်တော့ မူမမှန်ဘူးပေါ့။ ''မာကင်''လုပ်ထားတဲ့ ကြိုတင်မဲ ဆိုရင်တော့လည်း ဘယ်လာတရားတော့မှာလဲ။ မဲပေးတာတောင် တရားမျှတမှုမရှိရင် ဘယ်လာဒီမိုကရေစီ ဖြစ်တော့မှာလဲ။ ကြိုတင်မဲပေးလည်း လွတ်လွတ်လပ်လပ် လျို့ဝှက်စွာ ပေးခွင့်ရှိအောင် လုပ်ပေးကြဖို့ လိုပါတယ်။
လာပေးနိုင်တဲ့သူများအဖို့မှာ တော့လာပေးကြတာပဲ ကောင်းပါတယ်။ မဲရုံရှေ့မှာ တန်းစီရတာ ပျော်စရာမဟုတ်လား။ ပေးရမယ့် မဲရုံနဲ့ စာရင်းကိုတော့ ပေးမယ့်နေ့မတိုင်ခင်ကတည်းက ကြိုစစ်ဖို့ လိုပါလိမ့်မယ်။ နာမည် မှားတာ၊ နှစ်နေရာမှာ ပါနေတာ၊ ပါကိုမလာတာ စသဖြင့် စစ်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။
မဲရေတွက်မှုမှာလည်း တရားမျှတဖို့ စောင့်ကြည့်ရမယ့် နှစ်ဆင့် ရှိပါတယ်။ ဥပဒေအတိုင်း ကြိုတင်မဲတွေကို မဲရုံမဖွင့်မီ အများရှေ့မှာ ရေတွက်ဖို့၊ အဲဒီမဲတွေဟာ ရှိသင့်တာထက် မများဖို့၊ မဲရုံပိတ်ခါနီးမှ ကြိုတင်မဲတွေ ရောက်လာတာမျိုး မရှိဖို့ စောင့်ကြည့်ခွင့် ရှိရပါမယ်။ နောက်တစ်ချက်ကတော့ မဲရေတွက်ရာမှာ ထင်သာမြင်သာရှိဖို့ပါ။
များသောအားဖြင့် နယ်က မဲရုံတွေက ခြံဝင်းရှိတဲ့ အဆောက်အအုံထဲမှာထားပြီး မဲရေချိန် ခြံထဲတောင် ၀င်မရတာမျိုးက မဖြစ်သင့်ပါဘူး။ ခပ်လှမ်းလှမ်းကပဲဖြစ်ဖြစ် ရပ်ကြည့်ခွင့် ပေးသင့်ပြီး အားလုံးရှေ့မှာ ရေတွက်သင့် ပါတယ်။ ကျေးရွာများတဲ့ နယ်တွေမှာ ဆိုရင် မဲရုံတွေက အရမ်းများတာကြောင့် သက်ဆိုင်ရာပါတီက မဲရုံစောင့်သူတွေတင် မကဘဲ ရပ်မိရပ်ဖတွေ ပြည်သူတွေအားလုံးက စောင့်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။
အခု ရွေးကောက်ပွဲဟာ ခွပ်ဒေါင်းနဲ့ ခြင်္သေ့ အားပြိုင်ပွဲ မဟုတ်ပါဘူး။ အဲဒီထက် ပိုအရေးပါပါတယ်။
အာဏာအပြောင်းအလဲမဖြစ်နိုင်တဲ့ မဲဆန္ဒနယ် အနည်းငယ်ပဲ ပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်က မလှဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။
မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ပြန်လာပါလိမ့်မယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis