menu

Sunday 11 March 2012

ဂျပန်ကုန်ပစ္စည်းပြပွဲ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ



7245 ရန်ကုန်မြို့ ကမ်းနားလမ်း ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် Japan Festival 2012 ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် ဂျပန်ထုတ်ကုန် ပစ္စည်းများကို မိတ်ဆက်ပြသရောင်းချသော Japan Festival 2012 ကို ရန်ကုန်မြို့ရှိ ကမ်းနားလမ်းဟိုတယ် တွင် မတ်လ ၉ ရက်နေ့မှ ၁၁ ရက် နေ့အထိ ပြုလုပ် ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် ကုမ္ပဏီပေါင်း ၄၅ ခု ကဆိုင်ခန်းပေါင်း ၄၉ ခုဖွင့်လှစ်ကာ ဂျပန်ထုတ်ကုန်များကို မိတ်ဆက်ပြသ ရောင်းချခဲ့သည်။
“မြန်မာနိုင်ငံမှာ လာရောက်ပြသတဲ့ ထိုင်းကုန်စည်ပြပွဲ၊ တရုတ် ကုန်စည်ပြပွဲတွေနဲ့ ကွာတာကတော့ ဒီမှာပြသတဲ့ ကုန်ပစ္စည်းတွေက ဂျပန်ထုတ်ကုန်တွေ ဖြစ်တဲ့အတွက် အရည်အသွေးပိုင်း ကတော့ ပြောစရာမလို အောင် မြန်မာနိုင်ငံမှာ နာမည်ရပြီးသားပါ။ ဒါပေမယ့်လို့ ဈေးနှုန်းကတော့ ထိုင်းတို့၊ တရုတ်တို့ထက်များ နေသေးတာ ဖြစ်တဲ့အတွက် လူအများကြီး မသုံးနိုင်သေးတာက ပြဿနာ တစ်ခုပါ”ဟု အသက် ၄၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဂျပန်ထုတ်ကုန်ပြပွဲကို Japan External Trade Organization မှ ဦးစီး ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဂျပန်ကုန်ပစ္စည်းများကို မိတ်ဆက်ပြသခြင်းနှင့် ဂျပန် လုပ်ငန်းရှင်များနှင့် မြန်မာ လုပ်ငန်းရှင်များကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် ဖြစ်ပေါ်လာစေရန် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Japan External Trade Organi- zation ရန်ကုန်မှ အုပ်ချုပ်မှု ဒါရိုက်တာ Toshihiro Mizutani  က “နောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ များလာမယ်လို့ ထင်ပါတယ်။ ဂျပန်နိုင်ငံက လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ ဆိုရင် လွယ်ကူလာတဲ့ အနေအထားတွေ ဖြစ်လာခဲ့ မယ်ဆိုရင် လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေလိုမျိုးတွေ၊ အထူးစီးပွားရေးဇုန် ဥပဒေလိုမျိုးတွေက သေသေချာချာ တိတိကျကျနဲ့ ပြတ်ပြတ်သားသား ဖြစ်လာပြီဆိုတဲ့ အခါမျိုး ကြရင် ပိုပြီးရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ပြုလုပ်လာကြရင် နှစ်နိုင်ငံ ကုန်သွယ်မှုတွေလည်း မြင့်မားလာမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
လာရောက်ကြည့်ရှုသူ များပြားပြီး စိတ်ပါဝင်စားစွာ မေးမြန်းဝယ်ယူကြသည့်အတွက် နောက်ပိုင်းတွင်လည်း အလားတူပြပွဲမျိုးကို ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis