ဘ၀ပြိုင်ပွဲ
လူ့ဘ၀ဆိုတာ
ပြိုင်ပွဲတစ်ခုပါ။ လူတစ်ဦးချင်းစီဟာ ပြိုင်ပွဲတစ်ခုစီမှာ
ပါဝင်ယှဉ်ပြိုင်နေကြတာပါ။ ပါ ချင်သည်ဖြစ်စေ၊ မပါ ချင်သည်ဖြစ်စေ
ပါဝင်နေကြရတာပါ။ ပါဝင်မှန်းမသိ ပါဝင်နေရတဲ့ ပြိုင်ပွဲတွေကလည်း မနည်းမနောပါ။
ပြိုင်ပွဲဆိုတာ အခမ်းအနားတစ်ခုအနေနဲ့ သီးသီးသန့်သန့် ကျင်းပမှ ပြိုင်ပွဲမဟုတ်ပါဘူး။
ငါးရောင်းတဲ့
မပြား မနက် စောစောထ ဈေးကိုစောနိုင်သမျှ စောစောရောက်ဖို့ ကြိုးစားရပါတယ်။
ဒါတောင် သူ့ထက် ၀ီရိယကောင်းတဲ့ ငါးသည်တွေ ငါးဒိုင်မှာ ရောက်နေကြပြီ။
သူနောက်ကျ ကျသလောက် ငါးကောင်းကောင်းရရေးမှာ ရှုံးသွားတာပေါ့။သည်အတွေ့အကြုံက
နောက် တစ်ကြိမ်သည် ထက်စောလာရေးအတွက် တွန်းအားပေးလိုက်တာပါပဲ။
စာရေးကြီးကိုမြမောင်
အိပ်ရေး မ၀တ၀နဲ့ အိပ်ရာမှထရပါတယ်။ ငှက်တွေနဲ့အတူ မနက်စောစောလေကို
ရှူရှိုက်ရင်း ရေကို ကမန်းကတန်း ချိုးပါတယ်။ မနက်စာကို အမြန်ဆုံးနှုန်းနဲ့
စားသောက်လိုက်ပါတယ်။ အ၀တ်အစားကို မြန်မြန်လေးဝတ်ပြီး ကားမှတ်တိုင်ကို
အသော့လေး နှင်ရပြန်ပါတယ်။
ကားမှတ်တိုင်မှာ လူတွေလူတွေ။ ဘာပဲဖြစ်ဖြစ် ကျင့်သားရနေတဲ့
မျက်စိခြေသလုံးတွေက ကားလာတာနဲ့ ဘယ်လိုတက်ရမယ်ဆိုတာ နောကျေပြီးသားပါ။
ကားစီးနေကျ လူတွေအချင်းချင်း အထာနပ်နေကြပြီးသားပါ။ သည်လိုနဲ့
ကားပေါ်ရောက်လာပြန်ပါရော။ ကားတွေကလည်း မြင်းဇောင်းက လွှတ်လိုက်တဲ့မြင်းတွေလို
တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင်ပေါ့။
ရုံးရောက်တော့လည်း ၉ နာရီ
မင်နီအသားမခံရခင် လက်မှတ် အမြန်ပြေးထိုးရပြန်ပါတယ်။ ဒါတောင် သူ့အထက်မှာ
ငါးယောက် ရောက်နေပါပြီ။ သည်လိုနဲ့ နေ့စဉ်မပြီးဆုံးနိုင်တဲ့
ပြိုင်ပွဲရှည်ကြီးကို ဖြတ်သန်းနေခဲ့ရတာ ကြာခဲ့ပြီကော။ နိုင်လိုက်
ရှုံးလိုက်။ မှိုင်လိုက် ပြုံးလိုက်။
မယဉ်ကျေးသူတို့ရဲ့ ပြိုင်ပွဲ
စည်းကမ်းသတ်မှတ်တဲ့
ပြိုင်ပွဲတွေကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျင်းပလာတာပါ။ လူနဲ့ ခြင်္သေ့
ပြိုင်ပွဲ၊ ကျေးကျွန်အချင်းချင်း ပြိုင်ပွဲ၊ စစ်သုံ့ပန်းအချင်းချင်း
ပြိုင်ပွဲဆိုပြီး အသက်ကို လောင်းကြေးထပ် ပြိုင်ရတဲ့ ပြိုင်ပွဲတွေပါ။
ရှုံးသူကို အသေသတ်သလို၊ နိုင်သူကို ကျေးကျွန် ဘ၀က လွှတ်ပေးလိုက်ပါတယ်။
အဲသည်ပြိုင်ပွဲတွေမှာ
သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက ကျင်းပတဲ့ပုဂ္ဂိုလ်တွေရဲ့
စိတ်သဘောအတိုင်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သူတွေဘက်က ဘာမှ အကာအကွယ်မရှိပါဘူး။
အနိုင်ရလိုက်လို့ ကျွန်အဖြစ်က လွှတ်ပေးမယ်လို့ ဆိုထားပေမယ့် အုပ်ချုပ်သူရဲ့
မဟာ ကရုဏာတော်အတိုင်း ဖြစ်ပါတယ်။သူ့ကို လွှတ်မပေးချင်ဘူးဆိုရင် နောက်ထပ်
သူမနိုင်လောက်တဲ့သူနဲ့ ထပ်ပြိုင်စေပါတယ်။ သည်လိုထပ်ပြိုင်ရင်း
ထပ်ပြိုင်ရင်း နောက်ဆုံးသူ့ခမျာ ရှုံးသူအဖြစ်နဲ့ အသတ်ခံလိုက်ရတာပါပဲ။
တကယ်တော့ သည်လိုပြိုင်ပွဲတွေဟာ မယဉ်ကျေးသေးတဲ့ အောက်တန်း နောက်တန်းကျသေးတဲ့ ခေတ်ကာလလူတွေရဲ့ မမျှတတဲ့ ပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။
ယဉ်ကျေးသူတို့ရဲ့ ပြိုင်ပွဲ
ခေတ်ကာလအရ
လူတွေ ယဉ်ကျေးလာကြပါပြီ။ ယဉ်ကျေးလာမှုရဲ့နောက်မှာ
ကျင်းပလာတဲ့ပြိုင်ပွဲတွေဟာ စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ရေးဆွဲရပါတယ်။
အဲသည်စည်းကမ်းတွေဟာ ပြိုင်ပွဲကို ဦးစီးကျင်းပတဲ့ လူတွေရော၊
ပြိုင်ပွဲဝင်သူတွေရော၊ ပြိုင်ပွဲကို ကြည့်ရှုသူတွေပါ
လက်ခံနိုင်တဲ့မူတွေဖြစ်အောင် အားလုံးပါဝင်ညှိနှိုင်းရပါတယ်။
ဘာပြိုင်ပွဲကျင်းပမှာလဲ။ ဘယ်သူတွေကို ပါဝင်စေမှာလဲ။ ဘယ်နေရာမှာ ကျင်းပမှာလဲ။ ငွေကြေးဘယ်လောက် ကုန်ကျမှာလဲ၊ ... စသည် စသည်။
ပြိုင်ပွဲဆိုတာ
ပြိုင်သူတွေရဲ့ ခွန်အား၊ ကျွမ်းကျင်မှု၊ အရည်အချင်း၊ စိတ်ဓာတ် စတာတွေ
ပြည့်စုံရုံနဲ့ ပြိုင်ပွဲဟာ မပြည့်စုံနိုင်ပါဘူး။ ပြိုင်ပွဲဝင်တွေရဲ့
ရိုးသားမှု၊ မရိုးသားမှု၊ ညစ်ပတ်မှု၊ သန့်ရှင်းမှုဆိုတာတွေလည်း ပြိုင်ပွဲကို
လှပစေသလို အရုပ်ဆိုး အကျည်းတန်စေပါတယ်။
လူအများစိတ်ဝင်စားကြတဲ့ လာလီဂါဘောလုံးပြိုင်ပွဲ၊ ပရီမီးယား
လိဂ်ပြိုင်ပွဲ။ မြန်မာပြည်က MNL ဘောလုံးပြိုင်ပွဲတွေမှာ ဘောလုံးသမားတွေရဲ့
ကျွမ်းကျင်မှုတွေအပြင် ပရိယာယ်ကလည်း အတော်လေး အရေးပါပါတယ်။
ပယ်နယ်တီဧရိယာအတွင်း
ဟန်ဆောင်လှဲချပြီး ပယ်နယ်တီ တောင်းတတ်ကြပါတယ်။ လက်နဲ့လှမ်းဖမ်းပြီးမှ
သူ့လက်နဲ့မထိ ဟန်ဆောင်တာမျိုးလည်း တွေ့ဖူးကြမှာပါ။ တစ်ဖက်လူကို ဖျက်ရာမှာ
တမင်တကာ ကြမ်းကြမ်းရမ်းရမ်း ဖျက်တာမျိုးလည်း ကြည့်ဖူးမှာပါ။
ပရိသတ်တွေကလည်း
သူ့ဘက်ကိုယ့်ဘက် လိုသလိုဆွဲပြီး အားပေးကြ၊ မြှောက်ပေးကြ၊ ချီးကျူးကြ၊
တစ်ကွင်းလုံးဆူညံနေတာပါ။ ဘယ်သူမှန်သလဲ၊ ဘယ်သူမှားသလဲ၊ ကိုယ်ထင်ရာ
ကိုယ်ပြောနေလို့ ရမလား။ အင်အားကြီးတဲ့အသင်းက အမှန်လား။ ပရိသတ်များရင်
မှန်တယ်တဲ့လား။
အမှန်တရားကို ဘယ်လိုဆုံး ဖြတ်မလဲ။
အမှန်တရားကို ဘယ်သူဆုံး ဖြတ်မလဲ။
သည်လိုနဲ့အမှန်တရားကို ဆုံးဖြတ်မဲ့ ဥပဒေစည်းမျဉ်းတွေ ပေါ်ပေါက်လာပါတယ်။
အမှန်တရားကို ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းပေးမယ့် လူ၊ ပုဂ္ဂိုလ်၊
အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါတော့တယ်။ သူတို့တွေကို ကစားပွဲတွေမှာ၊
ပြိုင်ပွဲတွေမှာ ဒိုင်လို့ ခေါ်ကြပါတယ်။
ဒိုင်နဲ့ အမှန်တရား
ဒိုင်ဆိုတာနဲ့အမျှ
အဲဒီစကားလုံးနဲ့အတူ တွဲဖက်ပါဝင်လာတာက အမှန်တရားနဲ့ တန်းတူညီမျှမှုတို့ပါပဲ။
အမှန်တရားဆိုတာ အမှန်ကိုတရားသဖြင့် ဖြစ်ခြင်းလို့ ဆိုပါရစေ။ ဒါပေမယ့်
အမှန်တိုင်းဟာ တရားသဖြင့် ဖြစ်ထွန်းခွင့် မရကြပါဘူး။ အမှန်ကိုတရားတဲ့ဘက်နဲ့
မတရားတဲ့ဘက် နှစ်ဖက်စလုံးက လုနေကြတာပါ။ တရားတဲ့ဘက်ကလည်း အမှန်ကို
သူ့နည်းသူ့ဟန်နဲ့ သရုပ်ဖော်ပါတယ်။ မတရားတဲ့ဘက်ကလည်း အမှန်ကို
သူ့နည်းသူ့ဟန်နဲ့ အပိုင်ကြံပါတယ်။
တရားတဲ့ဘက်က အားသာနေချိန်မှာ အမှန်ဟာ ဖြူစင်သန့်ရှင်းနေပါတယ်။
မတရားတဲ့ဘက်က အားသာနေချိန်မှာ အမှန်ဟာ အညစ်အနွမ်းတွေနဲ့ ညစ်ပတ်နေပါတယ်။
သည်လိုနဲ့ အမှန်ခမျာ တရားမှုနဲ့ မတရားမှုကြားမှာ ဗျာများနေရတဲ့အတွက်
ဖြူစင်တဲ့အမှန်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်မယ့် ဒိုင်ကို အားကိုးလာရပါတယ်။
ဒိုင်ဟာ
ပြိုင်ပွဲကို အရှုံးက အနိုင်ဖြစ်အောင် အနိုင်က အရှုံးဖြစ်အောင်
တရားမှုနဲ့မတရားမှုကို ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။
ပယ်နယ်တီမပေးသင့်ဘဲ ပေးလိုက်လို့ နိုင်ရမယ့်အသင်း ရှုံးသွားတာမျိုး၊
ရှုံးရမယ့်အသင်း နိုင်သွားတာမျိုး ဘောလုံးလောကမှ မကြာခဏ ကြုံဖူးကြ၊
တွေ့ဖူးကြမှာပါ။ အဲသည်လို ဒိုင်ရဲ့မတရားသဖြင့် ဆုံးဖြတ်လိုက်တာကို
ဘယ်ပရိသတ်ကမှ မနှစ်မြို့ကြပါဘူး။ ဒါဟာ အားကစားပြိုင်ပွဲ ဖြေဖျော်မှု
တစ်ရပ်သာဖြစ်လို့ ဒိုင်ရဲ့ ဘက်လိုက်မှုက သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်လှပါဘူး။
မိနစ် ၉၀ သာရှိတဲ့ အနိုင်အရှုံးမှာ မှားသွားတဲ့ အမှားက ဖြေသာပါသေးတယ်။
အမှားခံရတဲ့လူတွေအတွက် ဘ၀ မပျက်လောက်ပါဘူး။
မတရားမှုကို ဘယ်သူကမှ မကြိုက်ပါဘူး။ ဒါကြောင့် အများထုအတွက် တရားမှုတွေ
ထွန်းကားပါစေ။ မှန်ကန်မျှတတဲ့ အဆုံးအဖြတ်အောက်မှာ ပြိုင်ပွဲကို
အောင်မြင်စွာ အဆုံးသတ်ကြပါစို့ ...
|
ဒါပေမယ့် ဘ၀ရဲ့အဆုံးအဖြတ် ပြိုင်ပွဲတွေ၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့
ပြိုင်ပွဲတွေမှာ ဘယ်လိုနည်းနဲ့မှ မှားလို့ မရပါဘူး။ မှားခွင့်မရှိပါဘူး။
ဘွာ ခတ်တောင်းပန်လို့လည်း မရပါဘူး။
ဘာဖြစ်လို့ သည်မျှ တင်းတင်းရင်းရင်း ပြောနေရတာလဲ။
အဲသည်အမှားက နိုင်ငံတော်အတွက် နစ်နာလွန်းလို့ပါ။
လူပေါင်းများစွာရဲ့ ဘ၀တွေ နစ်နာလွန်းလို့ပါ။ မှားမိရင် ပြန်ပြင်ရ ခက်လွန်းလို့ပါ။
ရွေးကောက်ပွဲ
ရွေးကောက်ပွဲဟာ
ပြိုင်ပွဲတစ်ရပ်ပါ။ ပြိုင်ပွဲဆိုပေမယ့် အားကစားပြိုင်ပွဲတွေ၊
ဘောလုံးပြိုင်ပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေလိုမျိုး
ပြိုင်ပွဲတစ်ရပ်နဲ့တော့ မတူပါဘူး။ နိုင်ငံတော်အတွက် သေရေး ရှင်ရေး
ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ အဲသည်ပြိုင်ပွဲတွေရဲ့ အဆုံးအဖြတ်တွေကြောင့်
အချို့တိုင်းပြည်တွေ စစ်မီးလျံကြား ရောက်သွားပါတယ်။ အချို့တိုင်းပြည်တွေ
ငြိမ်းချမ်းသွားကြပါတယ်။ တိုင်းပြည်ကို ချောက်ထဲပို့မလား၊ တိုင်းပြည်ကို
နတ်ပြည်ပို့မလား၊ ရွေးကောက်ပွဲနဲ့ ပတ်သက်သူတိုင်းရဲ့ တာဝန်ပါ။
ရွေးကောက်ပွဲနဲ့ ပတ်သက်နေသူများ
ရွေးကောက်ပွဲနဲ့ ပတ်သက်နေသူတွေက မြန်မာနိုင်ငံသားအားလုံးဖြစ် ပါတယ်။
အဲသည်လို ပတ်သက်နေသူတွေထဲမှာ သူ့နေရာနဲ့ သူတာဝန်ရှိကြပါတယ်။
ပြည်သူတွေက
မိမိကြိုက်နှစ် သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရပါမယ်။ မဲပေးရပါမယ်။
မိမိကြိုက်နှစ်သက်ခြင်းဟာ မိမိနဲ့ပဲ ဆိုင်ပါတယ်။ မိမိတစ်ဦးရဲ့
လွတ်လပ်တဲ့အခွင့်အရေးပါ။ ဘယ်သူ့ကိုမှလည်း မြွက်ဟဖွင့်ဆိုဝန်ခံစရာ
မလိုပါဘူး။ ခြိမ်းခြောက်ခံစရာလည်း မလိုပါဘူး။ ကြောက်စရာလည်း မလိုသလို
မောက်စရာလည်း မလိုပါဘူး။ သူများပြောတာ နားယောင်စရာလည်း မလိုပါဘူး။
ကိုယ်ကြိုက်တာကို ရွေးချယ်ပါ။
ပါတီတွေက သူတို့ပါတီအလိုက်
သူတို့စည်းရုံးကြပါလိမ့်မယ်။ ပါတီဆိုတာ မြန်မာလို ခြုံပြောလိုက်တာပါ။
သူတို့ကိုယ်ပိုင်နာမည်နဲ့ သူတို့အမည်တွေ မတူကြပါဘူး။ Party, League,
Congress စတဲ့ အမည်တွေ ဖြစ်ပါတယ်။ အမည်တွေမတူသလို ပါတီတွေရဲ့ မူဝါဒတွေ
သဘောတရားတွေ ကျင့်သုံးတဲ့လမ်းစဉ်တွေလည်း မတူကြပါဘူး။ ဆိုတော့
မဲပေးမယ့်ပြည်သူတွေက ပါတီတစ်ခုချင်းစီရဲ့ မူဝါဒတွေ သဘောတရားတွေ
ကျင့်သုံးတဲ့ လမ်းစဉ်တွေကို အသေအချာ လေ့လာရပါမယ်။ ပြည်သူတွေ
လေ့လာခွင့်ရအောင်လည်း ပါတီတွေက သူ တို့ရဲ့ သတင်းအချက်အလက် မှန်သမျှ
ထုတ်ပြန်ပေးနေရပါမယ်။ ပြည်သူတွေကို ညံ့အောင် ဘာမှမသိအောင် မျက်စိပိတ်ပြီး
မဲထည့်ခိုင်းတာမျိုး မလုပ်သင့်သလို ပြည်သူတွေကလည်း သိအောင်ကြိုးစားပြီး
ပြည်သူတွေမညံ့ကြောင်း ထုတ်ဖော်ပြသကြရပါမယ်။
နောက်အရေးကြီးတဲ့အချက်က ပါတီတွေက လျာထားပေးလိုက်တဲ့
ကိုယ်စားလှယ်လောင်းတွေပါပဲ။ သူတို့ဟာ ပါတီကိုကိုယ်စားပြုသလို
ပြည်သူတွေကိုလည်း ကိုယ်စားပြုတဲ့သူတွေ ဖြစ်ပါတယ်။ ထို့အတူ
နိုင်ငံတော်ကိုလည်း ကိုယ်စားပြုကြမယ့် သူတွေဖြစ်နေပါတယ်။
တကယ်တော့သူတို့ဟာ
သာမန်ပြည်သူတွေပါ။ သူတို့ဟာ ပြည်သူတွေရွေးမှ လုပ်ပိုင်ခွင့်တွေရကြမယ့်
ပုဂ္ဂိုလ်တွေပါ။ ပြည်သူကမရွေးရင် သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။
ဒါကိုပြည်သူတွေ ကောင်းကောင်းသိထားရမယ့် အချက်ပါ။ ဒါဟာ
ဒီမိုကရေစီကျင့်စဉ်ပါ။
ခမောက်သိရုံ၊ စပါးနှံသိရုံ၊ ခြင်္သေ့သိရုံ၊ ခွပ်ဒေါင်းသိရုံနဲ့ ပြည်သူတွေ
မလုံလောက်ပါဘူး။ သည့်ထက်သိအောင် နိုင်ငံရေးအသိ နိုးကြားနေရပါမယ်။ ပြည်သူတွေ
ပြိုင်ပွဲဝင်နေကြတယ်ဆိုတာ သတိရှိကြစေလိုပါတယ်။ တို့က ခမောက်ကိုထည့်မယ်၊
တို့က စပါးနှံကို ထည့်မယ်ဆိုပြီး ပြောနေကြတဲ့အသံတွေ ကြားနေရပါတယ်။
ခမောက်ထက် ခမောက်ကို ကိုယ်စားပြုသူကိုပါ လေ့လာရပါမယ်။ ကိုယ်မဲထည့်လိုသူရဲ့
အရည်အချင်း၊ အတွေ့အကြုံ၊ ခံယူချက်၊ စာရိတ္တ စတာတွေကိုလည်း
ထည့်သွင်းစဉ်းစားရပါမယ်။
ပြိုင်ပွဲဖြစ်လာတာနဲ့အမျှ ပြိုင်ပွဲတွေမှာ ဖြစ်တတ်တဲ့ မသမာမှုတွေ၊
ဖြားယောင်းသွေးဆောင်မှုတွေ၊ လိမ်လည်မှုတွေ၊ ညစ်ပတ်မှုတွေ ရောထွေးပါလာတတ်ပါတယ်။
ဒါပြိုင်ပွဲရဲ့ သဘာဝပါ။
သည်သဘာဝကို ပြိုင်ပွဲကျင်းပပေးတဲ့
အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေ (ဒိုင်တွေ)က ကောင်းကောင်း သိထားမှာပါ။
ထိုပုဂ္ဂိုလ်တွေမှာ အမြော်အမြင် ကြီးမားမှု၊ သမာသမတ်ကျမှု၊ အမှန်အတိုင်း
(ရဲရဲတင်းတင်း) အဆုံးအဖြတ်ပေးမှု၊ ဥပဒေရေးရာ ကျွမ်းကျင်မှုစတဲ့
အရည်အချင်းတွေ၊ ဂုဏ်သိက္ခာတွေ၊ စိတ်ဓာတ်တွေ ရှိနေရပါမယ်။ ပြိုင်ပွဲဟာ
ကာလသုံးမျိုးကို ဖြတ်သန်းရပါတယ်။ ပြိုင်ပွဲ မ၀င်မီကာလ၊ ပြိုင်ပွဲ ၀င်နေစဉ်
(ကျင်းပနေစဉ်)ကာလ၊ ပြိုင်ပွဲ ပြီးဆုံးပြီး အနိုင်အရှုံး ဆုံးဖြတ်ရမယ့်
ကာလတို့ ဖြစ်ပါတယ်။ အဲသည် ကာလသုံးမျိုးစလုံးမှာ အဓိကထပ်ချပ်မကွာ
ပါဝင်နေရမှာတွေက လွတ်လပ်နေရမယ်။ မျှတနေရမယ်။ တန်းတူညီမျှ ရှိနေကြရပါမယ်။ ဥပ
ဒေ စိုးမိုးနေရပါမယ်။ အဆင့်တိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေ(ဒိုင်တွေ)ရဲ့
ကြားနေမှု၊ ဘက်မလိုက်မှု၊ အမှန်အတွက် သမာဓိရှိတဲ့ ဒိုင်တွေပီပီ
ပြတ်ပြတ်သားသား သတ္တိရှိရှိ တာဝန်ယူ ဖြေရှင်းဆုံးဖြတ်ပေးမှုတွေကလည်း မလွဲမသွေ
လိုအပ်နေပါတယ်။
အဆုံးအဖြတ်
ပြိုင်ပွဲရဲ့အဆုံးသတ်ဟာ မျှတတဲ့
အဆုံးအဖြတ်အောက်မှာ နိုင်သင့်သူ နိုင်ပြီး၊ ရှုံးသင့်သူ ရှုံးသွားတဲ့ လှပ
တဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ အဲသည် လိုနိုင်သင့်သူနိုင်ပြီး၊ ရှုံးသင့်သူရှုံး
ဖြစ်ပေါ်လာတာဟာ ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပ
ပေးသူတွေရဲ့ တည်ကြည်မှု၊ သမာဓိ ရှိမှု၊ မြင့်မြတ်မှုလည်းပဲဖြစ်ပါတယ်။
တံငါသည်မပြားကို
ငါးဒိုင်မှ သူဌေးက အခြားငါးသည်ကို မျက်နှာလိုက်ပြီး မျက်နှာသာပေး၊ သူမကို
နှိမ်ဆက်ဆံရင် မပြားစိတ်ဆိုးပါတယ်။ စာရေးကိုမြမောင်ကို ရုံးနောက်ကျသူချင်း
အတူတူ ဟိုစာရေးကိုမျက်နှာသာပေးပြီး သူ့ကိုမှ အပြစ်ပြောရင် စာရေးကိုမြမောင်
စိတ်ဆိုးပါတယ်။မတရားတဲ့ ဆုံးဖြတ်ချက်၊ မတရားမှုကို မပြားရော ကိုမြမောင်ရော
မကြိုက်ကြပါဘူး။ ဆာအဲလက်စ် ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့လည်း
မကြိုက်ကြပါဘူး။
ဆိုတော့ မတရားမှုကို ဘယ်သူကမှ မကြိုက်ပါဘူး။ဒါကြောင့် အများထုအတွက် တရားမှုတွေ ထွန်းကားပါစေ။
မှန်ကန်မျှတတဲ့ အဆုံးအဖြတ်အောက်မှာ ပြိုင်ပွဲကို အောင်မြင်စွာ အဆုံးသတ်ကြပါစို့။
EMG |
No comments:
Post a Comment