menu

Sunday 4 March 2012

ရ၀မ်ဒါနှင့် မြန်မာခေါင်းဆောင်တွေရဲ့ စင်္ကာပူရောဂါ


http://byahena.com/files/2011/09/IMG_6073.jpg
စင်္ကာပူရောဂါက အာရှတိုက်တွင်သာမက အာဖရိကတိုက်အထိ ရောက်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ရန်ကုန်ကို စင်္ကာပူလို ဖြစ်အောင်လုပ်ကြပါဟု ညွန်ကြားသည်။ အာဖရိကတိုက်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု (ဂျီနိုဆိုက်) နှင့် ကမ္ဘာကျော်သည့် ရ၀မ်ဒါနိုင်ငံ လက်ရှိ သမ္မတကလည်း ရ၀မ်ဒါကို  အာဖရိက အလယ်ပိုင်းဒေသက စင်္ကာပူဖြစ်ရမည်ဟု ကြွေးကြော်ထားသည်။

အာဖရိကမှ ရ၀မ်ဒါသည် ၁၉၉၄ ခုနှစ်က လူပေါင်း ၅ သိန်း အစုလိုက်အပြုံလိုက်သေဆုံးသည့် အဖြစ်အပျက်နှင့် ကမ္ဘာကျော်ခဲ့သည်။ ထိုကာလနောက်ပိုင်း ငြိမ်းချမ်းရေးရခဲ့ပေမဲ့ စင်ကာပူလိုဖြစ်နိုင်ခြေကိုမူ မည်သို့မှ စဉ်းစားလို့ မရနိုင်ပေ။
အကြောင်းက စင်္ကာပူမှာရှိသော အားသာချက်များအားလုံး ရ၀မ်ဒါမှာ တခုတောင်မရှိ။ စင်္ကာပူက ကမ္ဘာ့ပေါ်မှာ  အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်ပြီး၊ ရ၀မ်ဒါက ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ စင်ကာပူက ကမ္ဘာပေါ်မှာ ပညာတတ်တွေ အများရှိဆုံး စုရာ ကမ္ဘာ့နိုင်ငံတနိုင်ငံဖြစ်ပြီး ရ၀မ်ဒါက လူလတ်တန်းစားတွေ ၁၉၉၄ ဂျီနိုဆိုက်မှ အသတ်ခံလိုက်ရသည်။ စင်္ကာပူက တရုတ်ပြည်၏ ဂိတ်ပေါက်ဝဖြစ်ပြီး၊ ရ၀မ်ဒါ အိမ်နီးချင်းများက ပိန်မသာလိန်မသာများ ဖြစ်နေသည်။ ဗြိတိန်က think-tank အဖွဲ့တဖွဲ့ဖြစ်တဲ့ Legatum Institute အလိုအရ ယူဂန်ဒါက အဂတိလိုက်စား၊ ဘရွန်ဒီက ဆိုးဆိုးရွားရွား၊ ကွန်ဂိုက ထိုထက် ပိုဆိုးသည်ဟု ဆိုသည်။


ထိုကိစ္စတွင်တော့ ရ၀မ်ဒါနှင့် စာလျှင် မြန်မာပြည်က အခြေအနေကောင်းသည်ဟု ဆိုရမည်။ စင်္ကာပူ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနက ဒေါက်တာ Aekapol Chongvilaivan က စင်ကာပူမှာ ကျယ်ပြန့်သော ပြည်တွင်းဈေးကွက် မရှိပေမယ့်၊ မြန်မာပြည်မှာက ရှိနေသည်၊။ စင်္ကာပူမှာ သဘာဝသယံဇာတတွေ မရှိပေမဲ့၊ မြန်မာပြည်မှာ ရှိနေသည်ဟု ထောက်ပြသည်။ မြန်မာပြည်နှင့် မြန်မာအပြန်အလှန်ပူးပေါင်းဆောင်ရွက်လျှင် တနိုင်ငံ၏ အားနည်းချက်ကို နောက်တနိုင်ငံက ဖြည်းဆည်းပေးရာရောက်မည်ဟု ဆိုသည်။
သို့တစေ ရည်မှန်းချက်ကြီးသော ရ၀မ်ဒါကို မြန်မာပြည်က မမှီသေးသော အချက်များစွာ ရှိနေသေးသည်။ ရ၀မ်ဒါတွင် ဥပဒေစိုးမိုးမှုရှိသည်။ Legatum Institute ၏ အလိုအရ ၀ရမ်ဒါနိုင်ငံ၏ ဥပမာသည် အာဖရိကတွင်လည်း တရားဥပဒေ စိုးမိုးမှုသဘောတရား အမြစ်တွယ်နိုင်သည်ဆိုသော အချက်၏ သက်သေဟု ဆိုသည်၊ ရ၀မ်ဒါတွင် တရားဥပဒေ စိုးမိုးရေးဖြစ်လာနိုင်သည့် မျှော်လင့်ချက်ရှိသည်ဟု ခန့်မှန်းချက်ဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးတွင် ရ၀မ်ဒါက အာဖရိကစံအရ အခြေအနေကောင်း၊ ဗိုလ်စွဲ ထားသည်။ လာဘ်စားလျှင် ၀န်ကြီးလည်း ထောင်ချခံရမည်။ Transparency International ၏ လေ့လာချက်အရ ရ၀မ်ဒါက ဂရိနှင့် အီတလီတို့ထက် အခြေအနေ ကောင်းသည်။ (သို့တစေ အာဏာရပါတီ၏ ကုမ္မဏီများက စီးပွားရေးမှာ လက်ဝါးကြီး အုပ်မှုက အမှန်ပင်ရှိပါသည်)။  ထိုကိစ္စတွင် စင်ကာပူက ကမ္ဘာ့နံပါတ်ဖြစ်ပြီး၊ မြန်မာပြည်က အခြေအနေဆိုးသော အောက်ဆုံး နားတွင်ရှိနေသည်။
ရ၀မ်ဒါတွင် ကြိုးနီစနစ်လည်း ကင်းသည်။ ကမ္ဘာ့ဘဏ်က စီးပွားရေးလုပ်ကိုင်မှု လွတ်လပ်မှု  အဆင့်သတ်မှတ်ရာတွင် (အညွန်းကိန်းတွင် ၄၅) တောင်အာဖရိကအထက်တွင် ရှိနေသည်။ ကုမ္မဏီတခု မှတ်ပုံတင်ရန် အချိန် ၃ ရက်သာ စောင့်ရပြီး အကုန်အကျလည်း အလွန်နည်းသည်။ တဦးချင်းပစ္စည်းပိုင်ဆိုင်မှုတွင် အာမခံချက်ရှိသည်။ ဥပမာ အနေဖြင့် အစိုးရက လယ်သမားတွေ အတွက် တရားဝင်နာမည်ပေါက်ထားသဖြင့် လယ်အသိမ်းခံရမှာ မစိုးရိမ်ရပေ။
တကယ်တမ်း ရ၀မ်ဒါသမတ လက်ရှိ သမ္မတ Kagame လည်း အငြင်းပွားဖွယ်ရာ လူစားပင်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရပ်တန့်အောင်လုပ်ပေးသည့်တိုင် ဂျီနိုဆိုက် ကျူးလွန်သော စစ်သွေးကြွများကို အိမ်နီးချင်းနိုင်ငံ ကွန်ဂိုအထိ မောင်းထုတ်ရင်း  သူ့တပ်တွေက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အတုအယောင်ပင်။
ကောင်းကွက်ကို ပြရလျှင် သူ့လက်ထက်တွင် ရ၀မ်ဒါ၏ ဆိုးရွားလှသော အင်စတီကျူးရှင်းများကို ကောင်းမွန်လာအောင် အချိန်တို အတွင်းဆောင်ရွက်နိုင်ခဲ့သည်၊ စီးပွားရေးကို ဦးမော့လာအောင် မလုပ်နိုင်လျှင် တိုင်းပြည်နောက်တခါ ကျဆုံးမည်ကို သိသည်။ ထိုကြောင့် စီးပွားရေးသမားတွေကို စီးပွားရေးလုပ်နိုင်သည့် အခြေအနေများဖန်တီးပေးခဲ့သည်။
သို့နှင့် ၁၉၉၄ ခုနှစ်က စလို့  ပျမ်းမျှ ၀င်ငွေ နှစ်ဆကျော် တိုးတက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများအတွက်အဆင်ပြေစေလောက်အောင် ရ၀မ်ဒါက ဆိုင်တွေက cash machines တွေနဲ့ ကမ္ဘာကြီးက ကွန်ယက်တွေကို ချိတ်ဆက်ထားသည်။
သို့တစေ စိန်ခေါ်မှုတွေက ဒုနှင့်ဒေးရှိနေသည်။ ကုမ္မဏီများတွင် ကျွမ်းကျင်လုပ်သား ရှားပါးလှသည်။ ပြည်တွင်းလုပ်သား၏ ၅ ဒသမ ၇ ရာခိုင်နှုန်းသာ အထက်တန်းအောင်ထားကြသည်။ ရ၀မ်ဒါက ပညာရေးစနစ်ကလည်း လူတွေကို လွတ်လွတ်လပ်လပ်၊ ထွင်းထွင်းဖောက်ဖောက် စဉ်းစားနည်းတွေကို သင်ပေးမထား။
ရ၀မ်ဒါ လူမျိုးတွေ ကိုယ်တိုင်က သူတို့ခမျာ အရောင်းအ၀ယ်ကိစ္စတွေမှာ နုံချာလှသည်ဟု ၀န်ခံကြရှာသည်။ ကျေးလက်တွင် သာမန် အရောင်းအ၀ယ် (ဥပမာ ဘက်ထရီအားသွင်း၊ ဘေထုပ်ဆိုင်။ ကော်ဖီဆိုင်) တို့ပင် မရှိပေ။ အစိုးရက ကျွမ်းကျင်မှုပြသနာကို ဖြေရှင်းနိုင်ရန် ရဲရဲဝံ့ဝံ့ခြေလှမ်း- လှမ်းလိုက်သည်။ အနောက် နိုင်ငံတက္ကသိုလ်များတွင်ဘွဲ့ရ၊ ပြည်ပရောက် ပညာတတ်များကို ပြန်ခေါ်သည်။  ဘရွန်ဒီ၊ ကင်ညာ၊ တန်ဇန်နီးယား၊ ယူဂန်ဒါတို့မှ အလုပ်သမားများကိုလည်း ခေါ်ယူသည်။
ရ၀မ်ဒါတွင် အခွန်ကိစ္စသည် နောက်ထပ်ခေါင်းခဲစရာဖြစ်နေသည်၊ ရ၀မ်ဒါက ပြည်သူအများစုသည် အခွန်ပေးနိုင်သော အခြေအနေမရှိသေး၊ ဆင်းရဲလွန်းကြသည်။ ထိပ်ဆုံးက အခွန်ထမ်းသူ ဦးရေ ၂၀၀ အပေါ်တွင် တိုင်းပြည်အခွန်အားလုံး၏ ၇၅ ရာခိုင်နှုန်းက ၀န်ပိနေသည်။ ထို့အပြင် အခွန်ပေးရက် တရက်နောက်ကျလျှင် နှစ်ဆတိုးပြီ မှတ်ပေတော့။  ဘဏ္ဍာရေး ၀န်ကြီးက ပြည်သူ အားလုံး တန်းတူရည်တူ အခွန်စနစ်ကို စဉ်းစားနေသည်။
အခြေခံအဆောက်အအုံပိုင်းက ကရော်ကမည်၊ ဖြစ်ကတတ်ဆန်း၊ လျှပ်စစ်ဓာတ်အားက မစို့မပို့နှင့် ဈေးကြီးပေးရသည်။ အစိုးရက ၂၀၁၇ အရောက်တွင် လျှပ်စစ်ဓာတ်အားကို ၁၀ ဆ မြင့်တင်မည်ဟု သံဓိဌာန်ချထားလေသည်။ သယ်ယူပို့ဆောင်ရေးက ခက်ခဲသည်၊ ကုန်ပစ္စည်းတွေ ဆိပ်ကမ်း တခုကို ရောက်ရန် လမ်းပမ်းဆက်သွယ်ရေး ဒုက္ခက မသေးလှပေ။ အခွန်ဂိတ်ပေါင်း ကုန်တင် (ယာဉ်ချိန်စက်) များစွာကို ဖြတ်ရပြီး၊  ဂိတ်တိုင်းက  ယူနီဖောင်းဝတ်တွေက အေးဓားမြ တိုက်ကြသည်ချည်းဖြစ်သည်။
အထက်ပါကိစ္စများတွင် ရ၀မ်ဒါနှင့် မြန်မာပြည်မှာ ပိန်မသာ လိန်မသာပင်။

သို့ပေမယ့် ရ၀မ်ဒါ သမ္မတကတော့ ရ၀မ်ဒါကို ဒေသတခုလုံး၏ ကုန်သွယ်ရေး ဗဟိုချက် ဖြစ်စေလို လှသည်။ စင်ကာပူလို ဖြစ်ချင်လှသည်။ ကမ္ဘာကျော် အီကိုနော့မစ်မဂဇင်းကတော့ ရ၀မ်ဒါသမတကို “ ဒီလူကတော့ ရည်မှန်းချက်ကြီးသူ ဖြစ်ရင်ဖြစ်၊ ဒီလိုမှ မဟုတ်ရင်တော့ သက်သက် အလေဏတော စကားပြောတာပဲ” ဟု မယုံတ၀က်နှင့် ဆိုသည်၊
မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မြန်မာပြည်ကို စင်ကာပူလိုဖြစ်ချင်နေသည်။ အနည်းဆုံး ဖြစ်ချင်သည်ဟု ပြောဆိုထားသည်။ သူ့မိန့်ခွန်းများကို နားထောင်လျှင် ရေပက်မ၀င်၊ နားဝင်ပီယံရှိလှသည်။ ဘယ်သူတွေ ရေးပေးနေသည်မသိ။ ရှေ့မှာ ပြောသည့်အတိုင်း လုပ်လျှင်လုပ်၊ မလုပ်လျှင် ရည်မှန်းချက်ကြီးသူ မဖြစ်ဘဲ၊ အလေဏတော့ ပြောသူအဖြစ်သာ ဝေဖန်ခံရမည်။  
ညီစောလွင်
Maukkha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis