menu

Sunday 4 March 2012

၁.၃.၂၀၁၂ ခုနှစ်တွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း(သန်းထွဋ်အောင်)




၃၁.၃.၂၀၁၁ မှာ မိန့်ခွန်းပြောကြားခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ဟာ သူ့ရဲ့သမ္မတသက်တမ်း တစ်နှစ်ပြည့်ခါနီး မတ်လကုန်ပိုင်းလောက်မှာ တိုင်းပြည်ကို တစ်နှစ်ပြည့်မိန့်ခွန်း  ပြောကြားလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ၁၁ လပြည့် ချိန်မှာပဲ ပြောကြားခဲ့လို့ အချိန်ရွေးချယ်မှုအတွက် အံ့သြစရာဖြစ်ခဲ့ရပါတယ်။ ဒီမိန့်ခွန်းပြောကြားမှာကို ကြိုသိတဲ့ လေ့လာဆန်းစစ်သူတွေနဲ့ ပြည်သူအများက သမ္မတမိန့်ခွန်းမှာ လွှတ်တော်နဲ့သဘောကွဲလွဲတဲ့ ၀န်ထမ်းလစာကိစ္စနဲ့ နိုင်ငံရေးအရ အဖြေကျန်နေသေးတဲ့ တိုင်းရင်းသားအရေး ကိစ္စတို့ ပါဝင်မယ်လို့ ကြိုတင်တွက်ဆ ထားခဲ့ကြပါတယ်။

ပထမဆုံးမိန့်ခွန်းမှာ အစိုးရရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် ကြေညာထားခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရပေါ်ပေါက်ရေးဆိုတဲ့ အစီအစဉ်ကိုတော့ ဒီတစ်နှစ်ပြည့်မှာ အကျယ်တ၀င့် ရှင်းလင်းသွားခဲ့တာ မရှိပေမယ့် ဒုတိယ လုပ်ငန်းစဉ်ဖြစ်တဲ့ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး လုပ်ငန်းစဉ်ကိုတော့ အကျယ်တ၀င့် ဂုဏ်ယူစွာ ရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။ တတိယလုပ်ငန်းစဉ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ယခင်တစ်ခါ ရှင်းလင်းတာထက် ပိုမိုဒီမိုကရေစီကျပြီး ဆန့်ကျင်ဘက် အင်အားစုတွေ၊ အမြင်ကွဲ လွဲသူတွေရဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်ခြင်း ထပ်တူဖြစ်အောင် ပူပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့တာတွေ့ရပါတယ်။

ဒီတစ်ကြိမ် သမ္မတမိန့်ခွန်းဟာ ယခင်တစ်ကြိမ် မိန့်ခွန်းတွေထက်စာရင် လူထုနဲ့ ပိုမိုရင်းနှီးတဲ့ အသွင်ဆောင်ပြီး မိဘပြည်သူများလို့ သမ္မတတစ်ဦးအနေနဲ့ စတင်သုံးစွဲခဲ့တာကို တပ်မတော်သာအမိ၊ တပ်မတော်သာ အဖလို့ နှစ်ပေါင်းများစွာ နားယဉ်ခဲ့ရတဲ့ လူထုအတွက် အံသြစရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ နဲ့ပတ်သက်ပြီး သမ္မတဟာ ယုံကြည်မှုအပြည့် ပြောကြားသွားခဲ့ပြီး ဒီမိန့်ခွန်းတစ်ခုလုံးမှာ သမ္မတပြောကြားသွားတဲ့ အကြောင်းအရာအားလုံးဟာ Online Media တွေ၊ စာနယ်ဇင်းတွေမှာ ရေးသားဖော်ပြထားခဲ့တဲ့ ပြည်သူလူထုရဲ့ အသံ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဂျာနယ်လစ်များသာမက သဘောထား ကွဲလွဲသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုပါ ရယူပြီး ပြောကြားသွားခဲ့တာဖြစ်ပြီး ဒီမိုကရေစီ အလေ့အကျင့်ကို သမ္မတတစ်ဦးအနေနဲ့ စတင် ကျင့်သုံးနေပြီဆိုတာကို ပြသခဲ့တဲ့ မိန့်ခွန်းပဲဖြစ်ပါတယ်။

Online Media တွေ၊ စာနယ်ဇင်းတွေမှာ ရေးသားဖော်ပြထားခဲ့တဲ့ ပြည်သူလူ ထုရဲ့အသံ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဂျာနယ်လစ်များသာမက သဘောထားကွဲလွဲသူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုပါရယူပြီး ပြောကြားသွားခဲ့တာဖြစ်ပြီး ဒီမိုကရေစီအလေ့အကျင့်ကို သမ္မတတစ်ဦးအနေနဲ့ စတင်ကျင့်သုံးနေပြီဆိုတာကို ပြသခဲ့တဲ့ မိန့်ခွန်းပဲဖြစ်ပါတယ်။
သမ္မတကြီးအနေနဲ့ လူထုရဲ့ အသံနားထောင်နေပြီဆိုတာ ထင်ရှားပေမယ့် ဒုတိယသမ္မတများ၊ အစိုးရအဖွဲ့ဝင်များ၊ ဗျူရိုကရေစီ ယန္တရား တစ်ခုလုံးကတော့ ဒီလိုအလေ့အကျင့်မျိုး လေ့ကျင့်ထားကြောင်းကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။ အချို့အချက်တွေမှာ ယေဘုယျဆန်ပြီး လက်တွေ့ဘ၀နဲ့ ကွာဟနေတာတွေ၊ တိတိကျကျရှိရမယ့် လမ်းစဉ်တွေ၊ အချိန်ကာလ သတ်မှတ်ချက်မပါတာတွေ အပေါ်မှာတော့ ဝေဖန်ချက်တွေရှိမှာ ဖြစ်ပါတယ်။
7231
နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားသည့် ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက် လာကြသူများကို တွေ့ရစဉ်
နိုင်ငံရေး အပြောင်းအလဲအနေနဲ့ ကမ္ဘာ့နိုင်ငံများအလယ်မှာ အသွင်ကူးပြောင်းမှုကို ဖော်ပြသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လောကပါလတရား ထွန်းကားသော နိုင်ငံသစ်တည်ဆောက်ဖို့ အဝေးကြီး လိုသေးတယ်ဆိုတာကို သမ္မတကြီးအနေနဲ့ ၀န်ခံသွားခဲ့ပါတယ်။ ယခုလက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက် အောင်မြင်မှု ကောင်းမွေ၊ ဆိုးမွေတွေအတွက် ယခုအစိုးရက တာဝန်ယူမှာဖြစ်သလို လက်ရှိ အောင်မြင်မှုတွေအတွက် အစိုးရသက်သက်ချည်းကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လွှတ်တော်အရပ်ရပ်၊ တရားစီရင်ရေး၊ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော်တွေကိုလည်း credit ပေးကာ (ချီးကျူး)သွားတာ တွေ့ရပါတယ်။
ဒီမိုကရေစီ နိုင်ငံရေးစနစ် ရှင်သန်ရေးအတွက် နိုင်ငံရေးမျိုးဆက်သစ်များ လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး မကြာမီက လွတ်မြောက်လာခဲ့သော နိုင်ငံရေး အကျဉ်းသားများ ပြည်ပနိုင်ငံ အသီးသီးရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံ့အနာဂတ်မှာ ပါဝင်ရေးကို ကြိုဆိုခဲ့ပြီး ဒီမိုကရေစီ အင်အားစုများနဲ့ တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုခဲ့တဲ့ All Inclusive Political Process ကို ရည်ညွှန်းပြောဆိုခဲ့တာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့် တရားစီရင်ရေး၊ အုပ်ချုပ်ရေး အဆင့်ဆင့်များ Autocracy ယန္တရား ရှင်သန်နေဆဲဖြစ်ပြီး အောက်ခြေ ဖိနှိပ်ခံရသူတွေ (Underdogs)တွေဟာ ခုထိဒီမိုကရေစီ အနှစ်သာရကို စတင် ထိတွေ့နိုင်စွမ်း မရှိတာကြောင့် သမ္မတကြီးအနေနဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်များ ပြောင်းလဲကြဖို့ တိုက်တွန်းတာ ဖြစ်ပုံရပါတယ်  . . .

သမ္မတကြီးအနေနဲ့ ဗမာဟာလည်း တိုင်းရင်းသားတစ်မျိုးသာ ဖြစ်တယ်ဆိုတာကို နိုင်ငံအကြီးအကဲ တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ၀န်ခံသွားခဲ့ပြီး ဗမာလူမျိုးကြီးဝါဒကို စွန့်ပယ်ကြောင်း ပြသခဲ့ပါတယ်။ တိုင်းရင်းသားများ ခံစားနေရသော ဒဏ်ရာများအပေါ် စာနာနားလည်မှုရှိကြောင်း ပြသခဲ့ပေမယ့် တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုစစ်စစ်နဲ့ ပတ်သက်လို့တော့ တစ်လုံးတစ်ပါဒမှ ပြောသွားခြင်းမရှိတာကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် Road Map လမ်းပြမြေပုံ သုံးချက်ကို ပြောပြသွားရာမှာ ပထမအဆင့် ဆောင်ရွက်မှုတွေဟာ ယခင် တပ်မတော်အစိုးရ လက်ထက်က ဆောင်ရွက်မှုမျိုးနဲ့ အသွင်သဏ္ဍာန် တူညီပြီး တိုင်းရင်းသားတွေဖက်က နိုင်ငံရေးပြဿနာ အဖြေရှာရေးကို အချိန်ကန့်သတ်မှုတစ်ခုနဲ့ တောင်းဆိုလာဖွယ်ရှိပါတယ်။
ဒုတိယအဆင့်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီထောင်၊ လွှတ်တော်တွင်းရောက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဖွဲ့စည်းပုံနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ဆွေးနွေးဖို့ ပြောထားပါ တယ်။

တတိယအဆင့်အနေနဲ့ Stakeholders တွေအားလုံး လွှတ်တော်ကြီးမှာ လက်မှတ်ထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့ သဘောတူပြင်ဆင်လို့ ပြောသွားပါတယ်။
ဒီလိုဆိုရင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်သော ကိစ္စများအားလုံးကို အာဏာရပါတီနဲ့ တပ်မတော်ကိုယ်စားလှယ် ၈၀ ရာနှုန်းကျော်ရှိသော လွှတ်တော်အတွင်း (ကြားဖြတ် ၄၈ နေရာအားလုံး အခြားပါတီများ အနိုင်ရသည့်တိုင်)၌သာ ဆွေးနွေးရမယ်လို့ အဓိပ္ပာယ်ကောက်ယူရမှာ လို ဖြစ်နေပါတယ်။ နိုင်ငံရေးပါတီထောင်ပြီး လွှတ်တော်တွင်းဝင်ရောက်ပြီးမှ ဆွေးနွေးရမယ်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးမှ (သို့) သမ္မတကြီးရဲ့လက်ထက် ကျော်လွန်မှလို့ အဓိပ္ပာယ်သက်ရောက်နေပါတယ်။ တကယ်ဖြစ်သင့်တာက သမ္မတကြီးတို့ အရင်ကပြောထားခဲ့တဲ့ သမ္မတကြီး ရဲ့သက်တမ်းအတွင်းမှာ သက်ဆိုင်ရာ  Stakeholders အားလုံးနဲ့ လွှတ်တော်ပြင်ပညီလာခံမှာ ဆွေးနွေး၊ သမ္မတကြီးတို့ပါတီနဲ့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ အခြေအနေမျိုးမှာ လွှတ်တော်မှာ အတည်ပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီမကျတာတွေ၊ တိုင်းရင်းသားနဲ့ဆိုင်တဲ့ ဥပဒေတွေ ပြင်ဆင်သွားကြရမှာလို့ မြင်ပါတယ်။
သမ္မတကြီးရဲ့ အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်ထဲ၌ ငြိမ်းချမ်းရေးနှင့်အတူ စီးပွားရေးဦးမော့လာရေးသည် လူထု၏ လက်တွေ့ဘ၀ လိုအင်ဆန္ဒကို ထင်ဟပ်မှုရှိပြီး စီးပွားရေး လုပ်ငန်းစဉ်များ၊ ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေ ရတဲ့ အချက်များထဲ၌ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှု စီးပွားရေး ပိတ်ဆို့မှု ရှိနေမှုတို့ကြောင့် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း မရှိမှုတို့ကို ထောက်ပြသွားသော်လည်း ယခင်အစိုးရ လက်ထက်ကစ၍ တည်ရှိခဲ့သော စီးပွားရေး၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်း အကျိုးဆက်နှင့် ယခုတိုင် ပြုပြင်နိုင်မှု အားနည်းခြင်းများကို ၀န်ခံသွားခြင်း မရှိသည်ကို တွေ့ရပါတယ်။ ခေတ်နှင့် မလျော်ညီသော လုပ်ထုံးလုပ်နည်းများ ဖယ်ရှားမှု၊ ငွေလဲလှယ်မှုနှုန်းထား စနစ်တစ်ရပ် တည်ထောင်မှု၊ Transactional Cost တွေ ကျဆင်းအောင် လုပ်ဆောင်မှုတွေအပေါ် ကြိုဆိုရပေမယ့် လူတစ်စုလက်ဝယ် တိုင်းပြည်စီးပွားရေး မရောက်ရှိစေမှု၊ မညီမျှမှုများ မဖြစ်စေမှု၊ ခရိုနီလူတန်းစား နောက်ထပ်တစ်စု ဖြစ်ပေါ်လာနေမှု စတဲ့ ဝေဖန်စရာတွေ ရှိနေခဲ့ပါတယ်။ လူအများ စိတ်ဝင်စားနေတဲ့ မိုဘိုင်းဖုန်းကိစ္စကို စာနာမှုရှိကြောင်း ပြသခဲ့ပေမယ့် လုံလောက်သော အကြောင်းပြချက်ပေးခဲ့ခြင်း မည်သည့်အချိန် ကာလ နောက်ခြောက်လ(သို့မဟုတ်) တစ်နှစ်အတွင်း ဆောင်ရွက်ပေးမည်ဆိုသော အာမခံချက်မျိုးကို မပေးနိုင်ခဲ့ပါ။ ၀န်ထမ်းများသာမက ပြည်သူများ၊ ဂျာနယ်လစ်များ၊ စီးပွားရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ အသိချင်ဆုံးဖြစ်သော လစာတိုးရေးကိစ္စအတွက် လုံလောက်တဲ့ အကြောင်းပြချက်၊ အချိန်ကာလ သတ်မှတ်ချက်မပါတာကိုလည်း မိန့်ခွန်းနားထောင်သူ အများစုက စိတ်မကောင်းဖြစ်ကြတာ တွေ့ရပါတယ်။ ၀န်ထမ်း ၃ ဒသမ ၃ ရာခိုင်နှုန်းအတွက်မဟုတ် ငွေကြေးဖောင်းပွမှု မရှိစေရန် ကျန်ပြည်သူ ၉၆ ဒသမ ၇ ရာခိုင်နှုန်းအတွက် ဆိုသောစကားမှာ အကြောင်းပြချက်ကောင်းတစ်ခု မဟုတ်သလို ခံစားကြရပါတယ်။  ၀န်ထမ်းလစာတိုးမှု ဆွေးနွေးတာကြောင့် ကုန်ဈေးနှုန်း အနည်းငယ် တက်ခဲ့တာမဟုတ်ဘဲ ဇန်န၀ါရီလ ၁ ရက်နောက်ပိုင်း စတင်တိုးမြှင့်ခဲ့သော မီတာခနှင့် ဓာတ်ဆီဈေးနှုန်းတို့ကြောင့် ဖေဖော်ဝါရီလရောက်မှ အကျိုးဆက် စတင်ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှု လျော့ချရေးနဲ့ ပတ်သက်၍လည်းကောင်း၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးနှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးတို့အတွက် မီဒီယာနှင့် ပြည်သူလူထုအကြား သိသာထင်ရှားသော ရလဒ် မပေါ်ပေါက်သေးသော အချက်မှာ ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့သော်လည်း သမ္မတမှအစ နိုင်ငံသားများအားလုံး အခွန်ပေးဆောင်ရေး အစီအစဉ်ကိုတော့ ကြိုဆိုရပါမယ်။

ညီမျှ၊ မျှတတဲ့ အခွန်စနစ်အောက်မှာ နိုင်ငံသားများအားလုံး အခွန်ပေးဆောင်ရေး ဆိုတာဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်အတွက် အရေးကြီးဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူခြင်း အောက်မှာ ပျောက်ဆုံးလျော့နည်းရတဲ့ ပြည်သူ့အခွန်ငွေတွေ အတွက် တိကျခိုင်မာတဲ့ ပြည်သူ့ဘဏ္ဍာအခွန်များ အကာအကွယ်ပေးဖို့ကိုလည်း စဉ်းစားသင့်တာတော့ အမှန်ပါပဲ။
သမ္မတကြီးအနေနဲ့ Rule of Law ကို အထူးအလေးပေး ပြောဆိုသွားပြီး မြန်မာ့လူဘောင်အတွင်း၌ ဒီမိုကရေစီနှင့် ထိုက်တန်သော စိတ်နေစိတ်ထား အမူအကျင့် ပြောင်းလဲရေးကို အဓိက တိုက်တွန်းသွားခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်ကြောင့် တရားစီရင်ရေး၊ အုပ်ချုပ်ရေး အဆင့်ဆင့်များ Autocracy ယန္တရားရှင်သန်နေဆဲ ဖြစ်ပြီး အောက်ခြေဖိနှိပ်ခံရသူတွေ (Underdogs) တွေဟာ ခုထိ ဒီမိုကရေစီ အနှစ်သာရကို စတင်ထိတွေ့နိုင်စွမ်း မရှိတာကြောင့် သမ္မတကြီးအနေနဲ့ စိတ်နေ စိတ်ထား၊ အမူအကျင့်များ ပြောင်းလဲကြဖို့ တိုက်တွန်းတာ ဖြစ်ပုံရပါတယ်။ Autocracy Mechanism အောက်မှာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး နေရာအသီးသီးမှာ အသာစီးရယူထားတဲ့ အခွင့်ထူးခံ လူတန်းစားတွေကို အတွေးအခေါ်၊ အမူအကျင့်တွေ ပြင်ကြဖို့ သွယ်ဝိုက်တိုက်တွန်းသွားတယ်လို့ မြင်ပါတယ်။ ဒါဆိုရင်တော့ ကြိုဆိုရပါတယ်။

အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ သမ္မတကြီးက တိုက်တွန်းသွားပြီး အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းမှ ဒီမိုကရေစီစနစ် ခိုင်မာမယ်၊ ဖောင်ဒေးရှင်းတွေ၊ အလုပ်သမား၊ လယ်သမားသမဂ္ဂတွေ စနစ်တကျ ပေါ်ထွက်ရေးအတွက် သမ္မတကြီး ကြိုးပမ်းဆောင်ရွက်မှုကို ကြိုဆိုရပြီး သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးကိုပါ ထည့်ပြောခဲ့ရင်တော့ အတိုင်းထက်အလွန်ပါ။ ပညာရည် မြင့်မားရေး၊ အကျင့်စာရိတ္တမဏ္ဍိုင် မြင့်မားရေး၊ ပညာရေးစနစ်သစ် ပြုပြင်ပြောင်းလဲမှု၌ အထောက်အကူပြုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီး၌ ပညာတတ် မျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက်  အခြေခံဖြစ်စေရေး အစရှိတဲ့ ကျောင်းသားသမဂ္ဂရဲ့ ကြီးမြတ်တဲ့အစဉ်အလာနဲ့ နိုင်ငံအတွက် အဆင်သင့်ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို သမ္မတကြီးရဲ့မိန့်ခွန်းမှာသာ ပါသွားခဲ့ရင် ပြည့်စုံတဲ့ ဒီမိုကရေစီ ဖတ်စာအုပ် တစ်အုပ် ဖြစ်သွားပါလိမ့်မယ်။
ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို စတုတ္ထမဏ္ဍိုင်များအနေနဲ့ မျှမျှတတ ထိန်းကျောင်းသွားရန်ဆိုတဲ့ သမ္မတကြီးရဲ့ သတင်းမီဒီယာများ မှတ်ချက်က ကောင်းမွန်ပါတယ်။ ဒါပေမယ့် အမျိုးသား စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးဆိုတာကိုတော့ အလေးအနက်ထားပြီး အချိန်ယူစဉ်းစား ဆောင်ရွက်စေလိုပါတယ်။ စိစစ်ရေး မူဝါဒအချို့ လျော့ပေါ့ပေးရုံနဲ့တော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ စတုတ္ထမဏ္ဍိုင် ပေါ်ထွန်းပြီလို့ ပြောလို့မရနိုင်သေးပါဘူး။ နိုင်ငံရဲ့အပြောင်းအလဲတွေမှာ တာဝန်ယူတတ်တဲ့စိတ်တွေနဲ့ တိုင်းပြည်အရေး ရဲဝံ့အနစ်နာခံ ဆောင်ရွက်တဲ့ ဂျာနယ်လစ်တွေ ရှိလာခဲ့ပေမယ့် ပုဂ္ဂလိကသတင်းစာတောင် ထုတ်ဝေခွင့်မပြုခဲ့တာ သတင်းမီဒီယာဥပဒေအစား ပုံနှိပ်ဥပဒေပဲ ပြဌာန်းဖို့ ကြိုးစားနေခဲ့တာတွေ၊ အီလက်ထရောနစ် မီဒီယာကို အစိုးရကပဲ အလုံးစုံ ချုပ်ကိုင်ထားတာ(တခြားနိုင်ငံတွေမှာတောင် ခွင့်မပြုတဲ့ အီလက်ထ ရောနစ် သတင်းမီဒီယာမှာ ထိုင်းနိုင်ငံက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ခွင့်ပြုခဲ့တာ)တွေဟာ စတုတ္ထမဏ္ဍိုင်တွေ လွတ်လပ်လာပြီ တာဝန်ယူတော့လို့ ပြောလို့ မရနိုင်သေးတဲ့ အခြေအနေပါပဲ။ သတင်းဂျာနယ်တွေ ရာနဲ့ချီ ပိုခွင့်ပြုနေတာပါပဲလို့ ဆင်ခြေပေးလို့ရပေမယ့် ၁၉၈၈ ခုနှစ် လွန်နှစ်များက နိုင်ငံရေးပါတီ ရာနဲ့ချီ မှတ်ပုံတင်ထားနေတာပဲလို့ ဗိုလ်ချုပ်ကြီးစောမောင် ခနဲ့တဲ့တဲ့ ပြောခဲ့တာကို ပြန်အမှတ်ရစေပြီး ခံရခက်စေပါတယ်။ ဒါဟာ ဒီမိုကရေစီကို အထောက်အကူပြုတဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးအောင်လုပ်တဲ့နည်းတော့ မဟုတ်ပါဘူး။
အစိုးရက တာဝန်ပေးတဲ့ ဂျာနယ်လစ် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီကြီးတွေမှာ အခွင့်အရေးအရ ဟိုကပ်ဒီကပ် တောက်တဲ့လို လုပ်တတ်တဲ့သူတွေ၊ ဂျပန်ခေတ်က စကားပြန်တွေလို အစိုးရရဲ့ စကားပြန်အဖြစ်သာ လုပ်တတ်တဲ့သူတွေသာ ရွေးချယ်တာဝန်ပေးခဲ့ရင် အမျိုးသားစာနယ်ဇင်းကောင်စီကြောင့် မလိုလားအပ်တဲ့ ပဋိပက္ခတွေကို  ဖိတ်ခေါ်သလို ဖြစ်မှာအမှန်ပါပဲ။

သမ္မတကြီးရဲ့ မိန့်ခွန်းမှာ နိုင်ငံတံခါးဖွင့်တာနဲ့အမျှ အခွင့်အလမ်းနဲ့အတူ တွဲပါလာမယ့် စိန်ခေါ်မှုတွေကို  စနစ်တကျ ဖော်ဆောင်သွားဖို့ နိဂုံးချုပ်မှာဖော်ပြသွားပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။
၂.၃.၁၉၆၂ ကစပြီး စစ်ဖက်က စတင်အာဏာသိမ်းခဲ့ပြီးတဲ့ နှစ် ၅၀ ပြည့် ၁.၃.၂၀၁၂ မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းမှာ ဝေဖန်စရာတွေ ရှိနေပေမယ့် နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံအကြီးအကဲတစ်ဦးအနေနဲ့ ပြည်သူ့ဆန္ဒကို အထင်ဟပ်နိုင်ဆုံး၊ ဒီမိုကရေစီရနံ့ အသင်းပျံ့ဆုံး မိန့်ခွန်းအဖြစ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်လိုက်ရပါတယ်။

တစ်နှစ်တာကာလအတွင်း နိုင်ငံတော်သမ္မတ၏ လုပ်ဆောင်ချက်အချို့
 ၂၀၁၁ ခုနှစ် မတ် ၃၀ - နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယကရှေ့၌ ကတိသစ္စာပြု။ ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောကြား။
၂၀၁၁ ခုနှစ် မတ် ၃၁ - ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များကို သမ္မတအိမ်တော်၌ မိန့်ခွန်းပြောကြား။
၂၀၁၁ ခုနှစ် ဧပြီ ၄ - တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗြူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ (၁၁)ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဋ္ဌ မစ္စတာကျာချင့်လင်နှင့်တွေ့ဆုံခဲ့။
၂၀၁၁ ခုနှစ် မေ ၇ - (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်။ အဆိုပါ နေ့တွင်ပင် ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘီဆစ်ဝိဇ္ဇာဇီဝနှင့် တွေ့ဆုံခဲ့။
၂၀၁၁ ခုနှစ် မေ ၁၆ - ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အချို့ ပြန်လည် လွတ်မြောက်လာသော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာချက်ကို ထုတ်ပြန်။ အမိန့်ကြေညာချက်အရ မေလ ၁၇ ရက်နေ့ မတိုင်မီ အကျဉ်းကျ ခံနေရသူများအနက် သေဒဏ်ချမှတ် ခံထားရသူများကို ထောင်ဒဏ်တစ်သက်သို့ လည်းကောင်း၊ ထောင်ဒဏ်ကျ ခံနေရသူများကို ထောင်ဒဏ်ရရှိပြီးသော လျော့ပေါ့ရက်များအပြင် တစ်နှစ်ထပ်မံလျော့ပေါ့ ရရှိစေရန်အတွက် လည်းကောင်းအစရှိသဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် မေ ၂၀ - ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား။
၂၀၁၁ ခုနှစ် မေ ၂၆ - တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်။
၂၀၁၁ ခုနှစ် မေ ၂၇ - တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတဟူကျင်တောင်နှင့် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ ဆွေးနွေးခဲ့။
၂၀၁၁ ခုနှစ် ဇွန် ၈ - ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ။
၂၀၁၁ ခုနှစ် ဇွန် ၂၂ - အိန္ဒိယနိုင်ငံပြည်ပရေးရာ ၀န်ကြီး H.E. Mr.S.M Krishna ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ။
၂၀၁၁ ခုနှစ် ဇူလိုင် ၂ - သြစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ။
၂၀၁၁ ခုနှစ် သြဂုတ် ၁၇ - ၁၉၈၈ ခုနှစ် နောက်ပိုင်း အကြောင်းမျိုးမျိုးကြောင့် ပြည်ပနိုင်ငံအသီး သီးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသား အားလုံး အမိမြန်မာနိုင်ငံသို့ ပြန်လာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဖိတ်ခေါ်ခဲ့။ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြည်တွင်းစီးပွားရေးနှင့် လူမှုရေး နယ်အသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်။
၂၀၁၁ ခုနှစ် သြဂုတ် ၁၈ - ပြည်ထောင်စု အစိုးရအဖွဲ့မှ ကြေညာချက်၁/၂၀၁၁ထုတ်ပြန်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်။
၂၀၁၁ ခုနှစ် သြဂုတ် ၁၉ - ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံ။ ထိုတွေ့ဆုံမှုသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်စေသည့် ပထမဆုံးခြေလှမ်း တစ်ရပ်ဖြစ်ခဲ့ပြီး သမိုင်းဝင်တွေ့ဆုံမှု ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ် သြဂုတ် ၂၂ - ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ - မိမိတို့အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများသို့ လိပ်မူလျက် သ၀ဏ်လွှာပေးပို့ခဲ့။ အဆိုပါ သ၀ဏ်လွှာတွင် အချက်(၁၀)ချက်ပါဝင်ခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်မှာ နှစ်ပေါင်း(၅၀) အတွင်း ပြည်သူ့အသံကို နားထောင်ပြီး လုပ်ဆောင်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်စေခဲ့သည့် အပြင် အစိုးရနှင့်ပြည်သူ အကြားရှိ နံရံများကို ဖြိုချနိုင်ခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ - နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာစာအမှတ်၄၉/၂၀၁၁ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်။ အဆိုပါ အမိန့်အရ အကျဉ်းသား ၆၀၀၀ ကျော် လွတ်မြောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀ ကျော်ပါဝင်ခဲ့ကာ ကိုသူရ(ခေါ်)ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဋ္ဌ)၊ ကိုကိုကြီး(စမ်းချောင်း)နှင့် မစုစုနွေးတို့ ပါဝင်ခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ - အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၁ - (၈)ကြိမ်မြောက် အာဆီယံကုန်စည်ပြပွဲနှင့် စီးပွားရေးရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ - အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၆ - (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ။ ဆွေးနွေးပွဲကာလအတွင်း ပြုလုပ်ခဲ့သော အစည်းအဝေးများ၌ အမေရိကန်သမ္မတ အိုဘားမားနှင့်တွေ့ဆုံခဲ့။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ - အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ရှိနေစဉ်ကာလ အတွင်း အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက် သတင်းယူခဲ့သည့် မြန်မာ သတင်းထောက်များနှင့် တွေ့ဆုံခဲ့။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံ။ နှစ်ပေါင်း ၅၀ ကျော် အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက် သည့် သမိုင်းဝင် ခရီးစဉ်ဖြစ်ခဲ့။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ - ဘယ်လာရုစ် သမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့်တွေ့ဆုံ။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၃ - စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ - ဥရောပ သမဂ္ဂနိုင်ငံခြားရေးနှင့် လုံခြုံရေးရာ အကြီးအကဲ အကြံပေးပုဂ္ဂိုလ် Mr.Robert Cooper နှင့် တွေ့ဆုံ။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ - စတုထ္ထအကြိမ် မဟာမဲခေါင် ထိပ်သီးအစည်း အဝေးကို နေပြည်တော်၌ ကျင်းပ။ နိုင်ငံတော်သမ္မတ တက်ရောက်။ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်နှင့် သီးခြားတွေ့ဆုံ။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ - ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခိုအိချိရိုဂင်းဘ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ - နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် အစိုးရသစ် လက်ထက် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်။ သေဒဏ်ချမှတ် ခံထားရသူများကို တစ်သက်တစ်ကျွန်း၊ ထောင်ဒဏ်နှစ် ၃၀ နှင့်အထက် ချမှတ်ခံထားရသူများကို ထောင်ဒဏ်နှစ် ၃၀၊ ထောင်ဒဏ်နှစ် ၂၀ အထက် ချမှတ်ခံထားရသူများကို ထောင်ဒဏ်နှစ် ၂၀၊ ထောင်ဒဏ်နှစ် ၂၀အောက် ချမှတ်ခံထားရသူများကို ထောင်ဒဏ်၏ လေးပုံတစ်ပုံအစရှိသော လျော့ချပေး။
၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၅-၆ -၁၉၅၅ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခဲ့သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျနှင့်တွေ့ဆုံ။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၂ - နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ထုတ်ပြန်။ အဆိုပါအမိန့်အရ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင် အစရှိသော နိုင်ငံရေး ခေါင်းဆောင်များ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများအပြား ပြန်လည် လွတ်မြောက်လာခဲ့။ ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း)လည်း လွတ်မြောက်လာသူများစာရင်းတွင် ပါဝင်လာ။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၂ - အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် တွေ့ဆုံ။
၂၀၁၂ခုနှစ်ဇန်န၀ါရီ ၂၄ -ပါကစ္စတန် သမ္မတအာဆစ်အလီဇာဒါရီနှင့် တွေ့ဆုံ။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၉-စင်ကာပူနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis