ယောကြီးဝမှ လယ်သစ်ချောင်းပေါက်
ဖေဖော်ဝါရီလထဲမှာ ဖြစ်သည်။ မြိတ်ခရိုင် သမိုင်းမှတ်တမ်း
ပြုစုရေးအဖွဲ့တွေကို တင်ဆောင်လာတဲ့ မြိတ် တနင်္သာရီ အမြန်ရေယာဉ်က
ယောကြီးဝချောင်းကို အရှိန်ဖြင့် ဖြတ်သန်းသွားလာနေပြီး
ချောင်းအတွင်းမှာရှိနေတဲ့ ငါးဖမ်းလှေတွေ၊ ကုန်လှေတွေ၊ ဒေသခံတံငါသည်တွေ
ရဲ့လှေလေးတွေ သူတို့တွေရဲ့ အနီးနားမှာ ချောင်းအတွင်းက သဲတွေ၊ ရွှံ့တွေကို
အရှိန်အဟုန်နှင့်စုပ်နေတဲ့ သဲင်္ဘောတွေကို တရိပ်ရိပ်ဖြတ်သန်းလာခဲ့ကာ
ခရီးနှင်လျက်ရှိသည်။ တနင်္သာရီမြစ်ကြောင်းတစ်လျောက်မှာ အစုန်အဆန်သွားလာနေတဲ့
အမြန်ရေယာဉ်တွေကြောင့် ဒေသခံခရီးသွားတွေ အတော်လေးကို အဆင်ပြေသွားတာ
တွေ့ရတယ်။ မြိတ်မြို့မှ တနင်္သာရီကို လူတစ်ဦးလျှင် ကျပ် ၃၀၀၀ နှင့်
သက်သောင့်သက်သာ စီးသွားလို့ ရတယ်။ လမ်းခရီးတစ်လျှောက်မှာရှိတဲ့
ရွာတွေကိုလည်း ၀င်ရောက်ရပ်နားပေးတော့ ကျွန်းတွေပေါ်မှာ နေ ထိုင်တဲ့
ဒေသခံတွေအဖို့ ခရီးသွားရတာ အတော်လေး အဆင်ပြေသွားတာ တွေ့ရတယ်။
ကုန်းလမ်းခရီးကို ဆိုင်ကယ်နှင့်သွားပါက လူတစ်ဦးအဖို့ ဆိုင်ကယ်ခ၊
စားသောက်စရိတ်တွေနှင့် အနည်းဆုံး ကျပ်သောင်းဂဏန်းလောက်တော့ ပါသွားမှာပဲ၊
ကားနှင့်သွားရင်လည်း ချောင်ဖို့ မရှိဘူး၊ ငွေကုန်မယ့်အပြင် ခါးရိုးကလည်း
အတော်လေးသန်မာဖို့ လိုမယ်။
(BOT)စနစ်နဲ့ ဖောက်လုပ်နေတယ်ဆိုတဲ့ လမ်းတွေကလည်း နွေဆိုရင်
ဖုန်အလိမ်းလိမ်းနှင့် ချိုင့်ခွက်တွေ၊ ကျောက်တွေပေါ်မှာ သွားနေရတယ်၊ အရင်က
ဖောက်ထားပြီးသား လမ်းတချို့က တော့ ကောင်းတဲ့နေရာတွေ ရှိပါတယ်။
မိုးရာသီဆိုရင်လည်း ကျွဲလူးအိုင်မှာမောင်းတတ်တဲ့ ဆိုင်ကယ်သမားတွေ၊
ကားဆရာတွေကိုရှာဖို့ လိုမယ်။ ရေကြီးလာရင်တော့ ကူးတို့က ၂၀
ကျော်လောက်ရှိပြီး စရိတ်က ကျပ်သုံးသောင်းအထက်မှာ ရှိမယ်။ မြိတ်နှင့်
တနင်္သာရီမြို့ကို အကွာအဝေး က ၅၅ မိုင်လောက်ပဲ ရှိတယ်။ အမြန်ရေယာဉ်ကတော့
မိုးရာသီရော၊ နွေရာသီရော သွားလာနေကြပြီဆိုတော့ ခရီးသွားတွေအတွက်
အဆင်ပြေပြီး၊ သွားလာနေတဲ့ ခရီးသွားတွေ နေ့စဉ်မပြတ် ရှိနေကြတယ်။ နံနက် ၉
နာရီကျော်လောက်ထွက်တတ်တဲ့ အမြန်ရေယာဉ်တွေမှာ နံနက် ၈ နာရီ လောက်မှသွားပြီး
နေရာယူထားမှ ခုံနှင့် စမတ်ကျကျ ထိုင်နိုင်လိမ့်မယ်။ အမြန်ရေယာဉ်ကတော့
စေတ၀န်၊ မင်းသန်းနှင့် တစ်ဖက်ကမ်း မောင်လှော်စတဲ့ရွာတွေကို
ဖြတ်သန်းလာခဲ့ပြီး အနီးနားရောက်လာတဲ့ လက်မှတ်စစ်ကိုမေးကြည့်တော့
ခရီးအကွာအဝေး အလိုက်ဈေးအမျိုးမျိုးနှင့် ပြေးဆွဲနေပြီး တကူရွာအထိ
ပြေးဆွဲပေးနေတယ်လို့ ပြောတယ်။ သိပ်မကြာ လိုက်တဲ့အချိန်မှာ အံ့သြစရာ
မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတယ်။
နဂါးလှေတွေနှင့် အပြုံးပန်းဝေနေတဲ့
လယ်သစ်သားတွေ''လယ်သစ်ချောင်းပေါက်ရောက်ပြီ နဂါးလှေတွေလည်းပါတယ်၊
ဓာတ်ပုံရိုက်မယ့်လူတွေ အရင်ထွက်လိုက်''လယ်သစ်ရွာဇာတိ ဦးဝင်းနိုင်က
ဧည့်သည်တွေအတွက် စီစဉ်ပေးနေပြီး လာကြိုနေတဲ့ လှေကလေးပေါ် တက်လိုက်သွားကာ
ဓာတ်ပုံရိုက်တာတွေ လုပ်ရတယ်။ လာကြိုတဲ့ပုံစံက အံ့သြစရာမြင်ကွင်းများပင်။
နဂါးလှေလှော်တာကို တစ်ခါမျှအပြင်တွင် မတွေ့ဖူးတာကတစ်ကြောင်း၊ လူများ
ဒီလောက်အထိ လာကြိုလိမ့်မည်ဟုလည်း မထင်ထားခဲ့ သည့်အပြင် တနင်္သာရီမြစ်နှင့်
လယ်သစ် ချောင်းပေါက်ဆုံရာတွင် လာရောက်ကြိုဆိုတဲ့ပုံစံက တာဝန်ရှိသူတစ်ဦး
ရောက်လာ၍ လာကြိုသည့်အလား။ တစ်နာရီကျော်ကြာမည့် လယ်သစ်ရွာသို့
အရောက်ချောင်းရိုးတစ်လျောက် လှေလှော်သွားရမည့် နဂါးလှေအဖွဲ့သားများကတော့
နေပူထဲတွင် မမှုသည့်အပြင် အပြုံးပန်းများက ဝေနေလျက်။ မကြာခင်တနင်္သာရီမြို့မှ
သမိုင်းသုတေသီတချို့ ရောက်လာပြီး လယ်သစ်ချောင်းပေါက်ထဲကို
စတင်ခရီးဆက်ခဲ့သည်။ အေးဇာသီချင်း(ရိုးရာလှေလှော်သီချင်း) တွေဖွင့်ပြီး
နဂါးလှေနှစ်စင်းမှ လှေလှော်သားများ၏ အားမာန်နှင့် လယ် သစ်ချောင်းပေါက်တွင်
ပြေးလွှားနေပြီး လယ်သစ်ရွာအရောက်တွင် ကမ်းစပ်ရွာထိပ်၌ တာဝန်ရှိသူများ၊
ဒေသခံများက လာရောက်ကြိုဆိုကာ ရွာခံလူကြီးများက သိလိုသည်များကို
ဆွေးနွေးပေးခဲ့ကြတာကတော့ အားရစရာပင်။
နဂါးလှေသမိုင်းနှင့် နဂါးလှေသဘင်ပွဲ ပေါ်ထွက်လာဖို့
နဂါးလှေတွေ ပတ်သက်လို့ကတော့ ယခုလက်ရှိလယ်သစ်ရွာမှာ လေးစင်းအထိ
ထိန်းသိမ်းထားနိုင်ပြီး တနင်္သာရီမြို့ပေါ်မှာတော့ တစ်စင်းပဲ ရှိတော့တယ်၊
ကျန်တဲ့ရွာတွေမှာ လုံးဝမရှိတော့ဘဲ တနင်္သာရီနယ်မှာတော့ အားလုံးငါးစင်းပဲ
ရှိတော့တယ်လို့ ရွာခံလူကြီးတွေက ရှင်းပြကြတယ်။ လယ်သစ်ရွာကတော့
ထူးထူးခြားခြား တနင်္သာရီနယ်ထဲမှာ ပါနေတဲ့ ကျွန်းပေါ်က ရွာလေးတစ်ရွာဖြစ်ပြီး
သူ့အနီးနားက ရွာများအားလုံးက မြိတ်ကျွန်းစုပိုင်ရွာများ ဖြစ်နေတာတွေ့ရတယ်။
အိမ်ခြေရာနှင့်ချီရှိပြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားတဲ့
အဲဒီရွာကလေးမှာ မူလ တန်းကျောင်းအဆင့်ပဲ ထားပေးထားတာကတော့
နားမလည်နိုင်စရာပင်။ နဂါးလှေနှင့်ပတ်သက်ပြီးတော့ သမိုင်း အစရှာရာမှာတော့
ဆောင်းပါးရှင် တချို့က သုံးသပ်ထားတာကတော့ သက္ကရာဇ် ၄၈၄ ခုနှစ်တွင်
ဗျန်စက္ကပိတ်မင်းသည် ဘန်ရှောင်မြို့ကို တည်ထောင်ခဲ့တယ်လို့ သိရတယ်။
ဘန်ရှောင်မြို့ဆိုတာကတော့ ယခုတနင်္သာရီမြို့ကို သွားရာလမ်းက
မော်တုန်းရွာအ၀င်(အမြောက်တပ်ရင်းအရှေ့) မှာရှိတာပါ။ အခုတော့
မြေကုန်းကြီးပုံစံပဲ ရှိတော့တယ်။ မြို့ဟောင်းကုန်းလို့ ခေါ်ကြတယ်။
အဲဒီမြို့တည်ကာ နှစ်နှစ်သာစိုးစံပြီး တနင်္သာရီမြစ်ညှာကိုသာ ဆန်တက်ဖို့ ကြိုး
ပမ်းခဲ့တယ်လို့ သိရတယ်။ ပုဂံနေပြည်တော်၏ အာဏာစက်နှင့်ဝေးရာကို
ရှောင်ပြေးခြင်းဖြစ်တယ်လို့ သုံးသပ်ကြတယ်။
ဗျန်စက္ကပိတ်မင်းဆိုတာကတော့ သက္ကရာဇ် ၈၅ ခုနှစ်က ယောနကတိုင်း၊
သာဂရပြည်မှာအုပ်စိုးခဲ့တဲ့ ကျမိုင်းမင်းဆက်ကနေ ဆင်းသက်လာတဲ့
မင်းတစ်ပါးဖြစ်တယ်။ သာဂရပြည်ဆိုတာက မွန်နှင့်မြန်မာတွေ နေထိုင်တဲ့
သာဂရပြည်၊ ကျမိုင်းမြို့က ဖြစ်ပါတယ်။ ကျမိုင်းမြို့ကတော့
ယနေ့ကျိုက္ခမီမြို့အနီးနားတွင်ရှိကြောင်း သိရတယ်။ အဲဒီတုန်းက
အလောင်းစည်သူမင်း(၄၅၄-၅၂၉) အနေဖြင့် တိုင်းရေးပြည်ရေး
ရှုပ်ထွေးနေချိန်များမှာ ဆက်မြဲ၊ ကပ်မြဲမရှိခဲ့ဘဲ သောင်းကျန်းမှုရှိခဲ့တဲ့
တနင်္သာရီကို သွားရောက်နှိမ်နင်းခဲ့ရတယ်လို့ မြန်မာရာဇာဝင်နှင့်
မှန်နန်းရာဇ၀င်တို့မှာ ပြဆိုထားပါတယ်။ မြစ်ညှာဘက်ကို
ပြောင်းရွှေ့ပြေးရင်းနှင့်သက္ကရာဇ် ၄၈၅ မှာ ယခုသိန္ဓောရွာ
အထက်ဘက်မော်စွန်းကြီးဒေသမှာ မြို့တည်ခဲ့တယ်၊တစ်နှစ်ကြာပြီးနောက် မြစ်ညှာမှာ
မိတ်ဆွေဖြစ်ခဲ့တဲ့ နဂါးမင်းက ပတ္တမြားရွာမှာ မြို့တည်ရန်သင့်တော်ကြောင်း
မင်းကြီးသဘောကျလျှင် အကူအညီပေးမည် သို့သော် မိဖုရား၊ မောင်းမများ မခေါ်လာရန်
ကတိတောင်းကြောင်း သိရတယ်။
မင်းကြီးက မိန်းမများမခေါ်လာရန် ကတိပေးသောကြောင့် နဂါးမင်းမှ
ထောင်သောင်းမကသော နဂါးတို့ကိုခေါ်ယူလျက် လူများနှင့်အတူ မြို့ကိုတည်ခဲ့တယ်။
အဲဒီမြို့ကတော့ ယခုထားဝယ်မြို့၊ မေတ္တချောင်းဖျား အနီးတွင် ရှိသော
အောင်သာဝရဟု ခေါ်တွင်ပြီး ယခုခေတ် ရွှေတူးဖော်ရာ နေရာတစ်ဝိုက်များ ဖြစ်တယ်။
တနင်္သာရီဒေသကို အရင်က ယိုးဒယားတွေက''ထနောင်ဆီရိ'' (ရွှေပေါများရာမြေ)လို့
ခေါ်ဆိုကြတယ်လို့ သိရတယ်။ နဂါးမင်း၏ အကူအညီနှင့် မြို့တည်ရာ
မြို့ရိုးကျုံးပစ္စင်ဖြင့်များ စွာလှပကြောင်းကို နန်းတွင်းသား တွေမှတစ်ဆင့်
တောင်ညာဒေ၀ီ မိဖုရားကြီးထံ သတင်းရောက်သွားတယ်။
မိဖုရားကြီးမှ အကြိမ်ကြိမ်ပူဆာသောကြောင့် မတားနိုင်သည့်အဆုံး
ဖောင်တော်ပေါ်တွင် ဖန်ချုပ်ပြုလုပ်ကာ မိဖုရားကြီးအား ထည့်ပြီးမြို့တည်ရာကို
ခေါ်သွားရတယ်။ မြို့တည်ရာကိုရောက်တော့ လူနှင့်နဂါးများ မြို့တည်နေသည်ကို
မြင်တွေ့ရသော မိဖုရားကြီးမှာ ကြောက်လန့်တကြား ထအော်မိသဖြင့် နဂါးမင်းမှ
ကြားသိရပြီး ကတိမတည်သောမင်းအဖြစ် ဗျန်စက္ကပိတ်မင်းအား
ဒေါသအမျက်ထွက်သွားကြောင်း သိရတယ်၊ နဂါးမျက်စောင်းအကြောင်းမရွေးဟု
ဆိုသော်လည်း ဘုန်းသမ္ဘာနှင့် ပြည့်စုံသော မင်းဖြစ်သောကြောင့် ရွှေကွပ်သည့်
ခရင်းခွနှင့် ထိုးလိုက်ရာ နဂါး မင်းလည်း သေဆုံးသွားပြီး
မြစ်ညှာပိုင်းမှမျောလာ ကာန၀ကပ်တောင် (နဂါးကပ်တောင်)တွင် တင်နေပြီး
ထိုမှတဖန် ယခုဝပ်ဆင်တောင်ခြေရင်းတွင် တင်နေခဲ့တယ်။
နဂါးလှေသဘင်ပွဲတော်တွေကို သက္ကရာဇ် ၅၁၅ မှာ စတင် ကျင်းပလာခဲ့ကြောင်းကို
သမိုင်းသုတေသီတွေက သုံးသပ်ထားတာ တွေ့ရတယ်။ နှစ်ပေါင်းအားဖြင့် ယခုဆိုရင်
၈၅၈ နှစ်သို့ တိုင်လာခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး
ပွဲတော်တစ်ခုဖြစ် နေတာတွေ့ရတယ် ...
|
နဂါးမင်း အလောင်တင်ရာနေရာကို ရှေးက ခရင်းသေရွာ(ယခုတနင်္သာရီမြို့)ဟု
ခေါ်တွင်ကြောင်း သမိုင်းဆရာများက သုံးသပ်ကြတယ်။ မော်စွန်းအထက်က
ပတ္တမြားရွာ(ယခု အောင်သာဝရ မြို့ဟောင်းနေရာ)ကို သက္ကရာဇ် ၅၁၄ မှာ
အပြီးသတ်နိုင်ခဲ့တယ်။ ဗျန်စက္က ပိတ်မင်းကြီးမှာ ကျေးဇူးရှင်နဂါးမင်းကို
ရွှေခရင်းခွနှင့် ထိုးသတ်မိသောကြောင့် စိတ်နှလုံး မသာမယာဖြစ်ကာ စိတ္တဇရောဂါ
စွဲကပ်လာကြောင်း၊ ထို့ကြောင့် ပညာရှိအမတ်တို့က ရွှေလှေ၊ ရွှေလောင်း၊
ရွှေဖောင်တော်တို့တွင် နဂါးမင်းရုပ်သဏ္ဌာန်ကို စီမံပြုလုပ်ပါဟု
လျှောက်ထားကြရာ ထို အချိန်မှစတင်ပြီး တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင်
နဂါးလှေလုပ်၍ နဂါးလှေသဘင်ပွဲတော်များ ပေါ်ပေါက်လာတယ်လို့ သိရတယ်။ ဒါကတော့
ဒဏ္ဍာရီ(သို့မဟုတ်) သူရဲကောင်းမင်းတစ်ပါးရဲ့ဘုန်းတန်ခိုးကို ပြသဖွဲ့ဆိုလိုတဲ့
သဘောကို ပြကြတယ်လို့ ယူဆကြတယ်။
တိုင်းဒေသကြီးရဲ့ အမှတ်အသားပွဲတော်တစ်ခု ဖြစ်လာဖို့
ဘာပဲဖြစ်ဖြစ် နဂါးလှေသဘင်ပွဲကတော့ ခိုင်ခိုင်မာမာရှိခဲ့တယ်၊
နဂါးမင်းနှင့် ဗျန်စက္ကမင်းရဲ့ ဇာတ်လမ်းကလည်း သက္ကရာဇ်အတိအကျ၊
နေရာအတိအကျနှင့် ပြောနိုင်နေတာ တွေ့ရတယ်၊ နဂါးလှေသဘင်ပွဲတော်တွေကို သက္ကရာဇ်
၅၁၅ မှာ စတင်ကျင်းပလာခဲ့ကြောင်းကို သမိုင်းသုတေသီတွေက သုံးသပ်ထားတာ
တွေ့ရတယ်။ နှစ်ပေါင်းအားဖြင့် ယခုဆိုရင် ၈၅၈ နှစ်သို့
တိုင်လာခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံးပွဲတော်တစ်ခု
ဖြစ်နေတာ တွေ့ရတယ်။ မင်းအဆက်ဆက်လည်း ရေခင်းသဘင်ပုံစံနှင့် ကျင်းပလာခဲ့ပြီး
အရင်က အစီးရေ ရာနှင့်ချီရှိရာမှ တဖြည်းဖြည်း နည်းပါးလာကာ အခုဆို
ထူးထူးခြားခြား လယ်သစ်တစ်ရွာတည်းမှာ လေးစင်းနှင့် တနင်္သာရီမြို့မှာ
တစ်စင်းရှိနေခဲ့တယ်။ သမိုင်းမှတ်တမ်းကို ထိန်းသိမ်းချင်တဲ့ လူငယ်တွေလည်း
တနင်္သာရီနယ်မှာ အားထားလောက်စရာ ပေါ်ထွက်လာနေပြီး နဂါးလှေတွေနှင့်
ပတ်သက်ပြီးသူတို့အနေနှင့် ဖွဲ့စည်းပုံတွေ၊ ပွဲတော်ကျင်းပတဲ့ ပုံစံတွေကို
မှတ်တမ်းပြုစုပြီး သက်ဆိုင်ရာအဆင့်ဆင့် တင်ပြသွားပြီး
တနင်္သာရီတိုင်းဒေသကြီးရဲ့ အမှတ်အသား ပွဲတော်တစ်ခုဖြစ်လာဖို့ တိုင်းဒေသကြီး
အစိုးရဆီကိုလည်း တင်ပြပေးသွားဖို့ စီစဉ်နေတယ်ဆိုတာ ကြားသိရပါတယ်။
နှစ်ပေါင်းများစွာ နှစ်စဉ်မပျက်အောင်တော့ သူတို့အနေနှင့် ကထိန်ပွဲတွေ၊
အလှူပွဲတွေမှာ နဂါးလှေလှော်ပွဲတွေ ထည့်သွင်းကျင်းပစေပြီး
အစဉ်အလာမပျက်အောင်တော့ ထိန်းသိမ်းထားတာ တွေ့ရတယ်။
တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာ နဂါးလှေလှော်ပွဲတော်ကြီးတွေ
ကျင်းပလာနိုင်ခဲ့မယ်ဆိုရင်တော့ ရှေးနှစ်ပေါင်းများစွာက သမိုင်းတစ်ခုကို
ဖော်ထုတ်နိုင်မှာဖြစ်သလို ခရီးသွားလုပ်ငန်းလည်း တိုးတက်လာမှာ ဖြစ်တယ်။
အပြန်မှာတော့ လယ်သစ်သားများရဲ့ ဇာတိအားမာန်များ၊ ဧည့်ဝတ်ကျေမှုများကို
အသိအမှတ်ပြုရင်း ကျွန်တော်တို့ဌာနီ တနင်္သာရီမှ နဂါးလှေပွဲတော်ကြီး
ပေါ်ထွက်လာစေဖို့ ရည်သန်ဆုတောင်းရင်းနဲ့ . . . ။
EMG |
No comments:
Post a Comment