menu

Sunday 4 March 2012

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် အိန္ဒိယအလုပ်သမားများအား မြို့ပြင်တွင်နေထိုင်ရန် သီးခြားနေရာသတ်မှတ်




တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်
တရုတ် - မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် Punj Lloyd PTE ကုမ္ပဏီမှ အိန္ဒိယအလုပ်သမားများ နေထိုင်ရန်နေရာကို မြို့ပြင်တွင် ပြောင်းရွှေ့နေထိုင်ရန် နေရာသတ်မှတ်ထားကြောင်း သိရသည်။
ယခင်က အိန္ဒိယနိုင်ငံမှ အလုပ်သမားများသည် ကျောက်ဖြူမြို့တွင် နေအိမ်ငှားပြီး နေထိုင်ခဲ့ရာ ဒေသခံများနှင့် မကြာခဏ ပြဿနာဖြစ်ပွား သည့်အတွက် သက်ဆိုင်ရာက အဆိုပါအလုပ်သမားများ နေထိုင်ရန် ကျောက်ဖြူမြို့နှင့် ၁၁မိုင်အကွာ သစ်ပုတ်တောင် ရေတပ်စခန်းလမ်းခွဲ ငါးဖာလုံအတွင်း ပြတဲကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး အခြေခံစခန်း(၁) နေရာ၌ သတ်မှတ်ပေးထားသည်။

''မြို့တွင်းမှာဆိုရင် အိန္ဒိယက အလုပ်သမားတွေဟာ ညအချိန်မတော် အရက်သောက်တာရယ်။ အရက်သောက်လို့ မူးလာရင် ဒေသခံလူငယ်တွေက သူတို့နေတဲ့အိမ်တွေ ဆီ လိုက်ပို့ရတယ်။ နောက်ပိုင်း ဒေသခံတွေက သူတို့မြို့တွင်းမှာနေတာကို သဘောမကျတာကြောင့် သက်ဆိုင်ရာက မြို့ပြင်မှာ နေထိုင်ခွင့်ပြုလိုက်တာ'' ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောကြားသည်။
ကျောက်ဖြူမြို့နယ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်တွင် Punj Lloyd PTE  ကုမ္ပဏီမှ အိန္ဒိယ အလုပ်သမားဦးရေ ၄၀၀ ရှိပြီး ယခု သတ်မှတ်ထားသည့်နေရာသည် စီမံကိန်း လုပ်ငန်းဧရိယာနှင့် နီးသည့်အတွက် သူတို့အနေဖြင့် သက်ဆိုင်ရာမှ နေရာရှာထားပေးခြင်းဖြစ်ကြောင်း သိရသည်။ Punj Lloyd PTE ကုမ္ပဏီမှ အိန္ဒိယအလုပ်သမားများသည် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် ကုန်းတွင်းပိုင်း ပိုက်ဆက်ခြင်း၊ ပိုက်လိုင်းလမ်းကြောင်းတစ်လျောက် လမ်းဖောက် လုပ်ခြင်းစသည့် လုပ်ငန်းများကို လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis