menu

Monday 13 February 2012

BOT စနစ်ဖြင့် လမ်းတံတားကြေး ကောက်ခံမှုများဒဏ် ပြည်သူများက ခံစားနေရ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရရှိထားသော်လည်း လမ်းမပြင်ဘဲ လမ်းကြေးသာကောက်ခံနေသည့် ကုမ္ပဏီအချို့ရှိနေ





တန်ပိုချိန်ရန်နှင့် လမ်းအသုံးပြုခပေးဆောင်ရန်အတွက် နေပြည်တော်ပျဉ်းမနားမြို့အနီးရှိ Toll ဂိတ်တစ်ခုတွင် တန်းစီစောင့်ဆိုင်းနေသော ကုန်ကားများအား တွေ့ရစဉ်
BOT စနစ်ဖြင့် လမ်းတံတားများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် သုံးနှစ်အခွန်ကင်းလွတ်ခွင့် အခွင့်အရေး၊ လမ်းတံတားကြေးကောက်ခံသည့် အခွင့်အရေးများရရှိသော်လည်း အခွင့်အရေးကိုသာ ရယူကြပြီး လမ်းပြင်ဆင်ပေးရမည့် တာဝန်ကိုပျက်ကွက်သည့် ကုမ္ပဏီအချို့ပင်ရှိလာကြောင်း ဆိုကြသည်။

လူစီးကားများ၊ ကုန်ကားများအား လမ်းတစ်လျောက် ကုမ္ပဏီအစုံမှ လမ်းကို အပိုင်းပိုင်းဖြင့် ပိုင်း ဖြတ်ကာ တစ်ပိုင်းချင်းကောက်ခံနေသည့် ကုန်ကျစရိတ်များကို အမှန်တကယ် ကားလုပ်ငန်းရှင်များ စိုက်ထုတ်ပေးနေရခြင်း မဟုတ်ပဲ အ များပြည်သူနှင့် စားသုံးသူများသာ စိုက်ထုတ်ပေးရခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်ဖြင့်ကိုက်ညီသည်အထိ တန်ဆာခနှင့် လူစီးကားခများအား တိုးတောင်းထားပြီးဖြစ်ကြောင်းကို ကားလုပ်ငန်းရှင်များကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် BOT စနစ် ဖြင့် လမ်းများကို လုပ်ကိုင်ခွင့်ပြုထားသည့် အရေအတွက်မှာ ၄၄ ခု ရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် အဓိကအကျဆုံး လမ်းပိုင်းများအား BOT ဖြင့်လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများသည် နိုင်ငံတော်သို့ အခွန်ပြန်လည်ပေးသွင်းရာတွင် ပထမ ၃ နှစ် အတွက် အခွန်ကင်းလွတ်ခွင့်ရရှိပြီး  နောက်ထပ် ၁၀ နှစ်အား အခွန် ၅ ရာခိုင်နှုန်းဖြင့်သာ လုပ်ကိုင်ခွင့်ပြုထားကြောင်းလည်း သိရသည်။
ယင်း ၁၀ နှစ်အပြင် နောက်ထပ် ၁၀ နှစ်ကိုလည်း အခွန် ၁၀ ရာခိုင်နှုန်းသာပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ ထိုမှတစ်ဆင့်  နောက်ထပ် ၁၀ နှစ်ကို အခွန် ၁၅ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း လည်း သိရသည်။
လမ်းပြင်ဆင်ကာ ငွေကောက်ခံသည့် ကုမ္ပဏီများရှိသကဲ့သို့ လမ်းမပြင်ဆင်ပဲ ငွေကောက်ခံသည့် ကုမ္ပဏီအချို့လည်းရှိနေကြောင်း ကုန်ကားလုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစရိတ်များတွင် အပိုကုန်ကျနေခြင်းများ စစ်တမ်းတစ်စောင်၌ လမ်းတံတားဂိတ်ကြေး၊ ကတ္တားကြေးများသည် ကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိပင် ပါဝင်နေကြောင်း
''လမ်းပြင်ပြီးသင့်တင့်တဲ့ ငွေကြေးကောက်တာက နည်းနည်းတော်သေးတယ်။ အချိန်တော်တော်ကြာ လမ်းမပြင်ပဲငွေကောက်တဲ့ ကုမ္ပဏီတချို့တောင် ရှိတယ်။ ဥပမာ- မြင်းခြံ-ရေ၀န်းလမ်းက B.O.T စနစ်နဲ့ ဆောင်ရွက်နေတဲ့လမ်းပိုင်းပါ။ လမ်းကြေး ပဲကောက်ပြီး လမ်းမပြင်တော့ လမ်းအသုံးပြုသူတွေမှာ သွားလာရေးအတွက် အခက်အခဲဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ မိုးတွင်းတုန်းကဆို ကားမပြောနဲ့ နွားလှည်းတောင် မောင်းဖို့ခက်ခဲတဲ့အထိ ဖြစ်ခဲ့တယ်။ အရင် မြင်းခြံ-ရေ၀န်းလမ်းက ဖြတ်တဲ့လိုင်းကားတွေ လမ်းတံတားကြေး အများကြီးပေးရပြီး လမ်းမကောင်းလို့ တခြားလမ်းကပဲ သွားကြတော့တယ်။ ဒီတော့ လမ်းခု လတ်ကကျေးရွာတွေမှာ သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ တော်တော်လေးခက်ခဲသွားတယ်''ဟု မြစ်သားမြို့ခံတစ်ဦးက ပြောသည်။
''အာဆီယံစံနှုန်းအတိုင်း B.O.T စနစ်ကို တိတိကျကျလုပ်ရင် ကောင်းပါတယ်။ ကားလည်းသက်သာတယ်။ အန္တရာယ်လည်း ကင်းတယ်။ ဒါပေမယ့် အခုကျွန်တော်တို့သွားနေတဲ့ လမ်းပိုင်းမှာ ခြောက်ဘီးကားတွေကို ကုန်ဘယ်လောက်တင်တင် တစ်ဂိတ်ကို တစ်သောင်းခွဲကျပ်ပေးရင် ဖြတ်လို့ရနေတယ်။ တစ်ချို့ဂိတ်ဆို ငါးသောင်းကျပ်အထိတောင် တောင်းတယ်။ ဒီလိုလုပ်တော့ အာဆီယံစံနှုန်းအတိုင်းသွားတဲ့သူတွေ နစ်နာပါတယ်။ နောက်ဆုံးတော့ လမ်းတံ တားကြေးကောက်တဲ့ ဂိတ်တွေပဲ ၀င်ငွေတိုးပြီး လမ်းအသုံးပြုသူတွေက ပိုမိုကျခံနေရတယ်။ နောက်ပိုင်းမှာ လမ်းပိုင်းအများစုကတော့ ပြင်ဆင်ပေးတယ်။ တစ်ချို့တလေက တော့ပြင်ဆင်မပေးဘူး''ဟု မန္တလေး-မိုးကုတ် ကုန်စည်သယ်ယူပို့ဆောင် ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါသည်။
''မန္တလေး-မူဆယ်လမ်းပိုင်းဟာ B.O.T စနစ်လမ်းပိုင်းပါ။ လမ်းကောင်းလို့ သွားလာရေးအဆင်ပြေပေမယ့် တန်ပိုကန့်သတ်ချက်တွေကြောင့် အချိန်နှောင့်နှေးမှုတွေရှိလာတယ်။ ကားသမားတွေအနေနဲ့ တန်ပိုမှာ ကုန်တဲ့အချိန်နဲ့ နောက်တန်ပို မှာ နေရာရဖို့အတွက် အမြန်မောင်းလာကြတယ်။ ဒီလိုမောင်းတဲ့အတွက် ကားမှောက်တာတွေ၊ ကားတိုက်မှုတွေ ဖြစ်လာတယ်။ အမြန်မောင်းတဲ့ ကားသမားကို အပြစ်ပြောလို့လည်း မရဘူး။ တချို့ကုန်တွေက အချိန်ကြာကြာမခံတဲ့ကုန်တွေပါတယ်။ ဒီ တော့ သူအတွက် တန်ပိုမှာကုန်ခဲ့ရတဲ့ အချိန်တွေကို အစားထိုးဖို့လိုလာတယ်။ တကယ်တမ်းကြတော့ တန်ပိုက B.O.T ကုမ္ပဏီတွေ အကျိုးရှိဖို့ပဲဖြစ်နေတယ်။ တန်ပိုကန့်သတ်လိုက်လို့ ပေးဆောင်ရတဲ့ဒဏ်ငွေတွေဟာ နိုင်ငံတော်က အမှန်တကယ် ရတာမဟုတ်ဘဲ ကုမ္ပဏီတွေပဲ ရသွားတာကို မြင်တယ်။ ကားသမားကတော့ လမ်းတံတားကြေးများရင် တန်ဆာခမြှင့်မှာပဲ။ နောက်ဆုံးတော့ စားသုံးသူပဲ ဒီစရိတ်တွေကိုကျခံနေရတယ်''ဟု မန္တလေး-မူဆယ် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
''ကျွန်တော်တို့သွားနေတဲ့ လမ်းမှာ မန္တလေးကနေ ရန်ကုန်အထိကို ဂိတ်အချို့က တန်ပိုတူတယ်။ ဒါပေမယ့် ရေနံချောင်းနဲ့ မကွေးအ၀င်က ကတ္တားကြီးတွေမှာတော့ သူများတွေထက် ၂တန်ကျော်ပိုနေတယ်။ မန္တ လေးကထွက်လာရင် စဥ့်ကိုင်(သော် တာဝင်း)မှာ၁၀ဘီးကားက ၂၁ တန် ဆိုပါတော့။သပြေ၀ဂိတ်မှာလည်း အဲ ဒီကားက ၂၁ တန်ပဲ။ ရေနံချောင်းနဲ့ မကွေးအ၀င်က ကတ္တားကြီးလည်းရောက်ရော ဒီကုန်ဒီကားကပဲ ၂တန် ကျော်ပိုနေတယ်ဆိုပြီး ဒဏ်ကြေးကောက်ရော။ B.O.T လမ်းပိုင်းတွေမှာ လမ်းတံတားကြေး တိုးကောက်တဲ့ပုံစံမဟုတ်ပဲ တန်ပိုတယ်ဆိုပြီး ဒဏ်ကြေးကောက်ခံလာကြတယ်''ဟုလည်း ကျောက်ပန်းတောင်းမြို့မှ ကိုဇော်မျိုးက ပြောကြားခဲ့သည်။
BOT စနစ်ဖြင့်ကောက်ခံနေသည့် လမ်းတံတားကြေး၊ တန်ပို ကြေးများအားလုံးမှာ ခရီးသည်တင်ကားလုပ်ငန်းရှင်၊ ကုန်ကားလုပ်ငန်းရှင်များ ပေးဆောင်ရသည်မဟုတ်ပဲ အများပြည်သူသာ ပြန်လည်ကျခံရသည်ဟု ကားလုပ်ငန်းရှင် များက ပြောကြားခဲ့သည်။
''တစ်ပိဿာကို သယ်ယူစရိတ် ၁၁၀ ကျပ်ဆိုရင် အဲဒီအထဲမှာ တန်ပိုနဲ့ ဂိတ်ကြေးက ၂၀ ရာခိုင်နှုန်းဝန်းကျင်ကနေ ၃၀ ရာခိုင်နှုန်းအထိ ပါတယ်။အဲဒီ ၂၅ ရာခိုင်နှုန်းက တစ်မြို့နဲ့တစ်မြို့ သယ်ခပဲရှိတယ်။ မြ၀တီကနေ ရန်ကုန်ကို ရောက်လာတဲ့ ကုန်စည်ကရန်ကုန်မှာတင် ဂိတ်မဆုံးဘူး။ ပုသိမ်၊ စစ်တွေ အဲဒီလိုမြို့တွေကို ထပ်သွားသေးတယ်။ အဲဒီမှာကုန်ကျစရိတ် ထပ်ပေါင်း။ အကုန်လုံးကို စားသုံးသူခံရတာ။ ကုန်ကားထောင်တဲ့သူကတော့ ကိုက်အောင်ဈေးမြှင့်လိုက်မှာပဲ''ဟု ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်ထားသည့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးစရိတ်များတွင် အပိုကုန်ကျနေခြင်းများ စစ်တမ်း၌ လမ်းတံတားဂိတ်ကြေး၊ ကတ္တားကြေးများသည် ကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပင်ပါဝင်နေကြောင်း ဖော်ပြထားသည်။
ရန်ကုန်-မန္တလေး ၁၂ ဘီး ကုန်ကားတစ်ခေါက်စာ ကုန်ကျစရိတ်မှာ ကျပ် ၅၀၀၀၀၀ မှ ၈၀၀၀၀၀ ကျော်အထိ ကုန်ကျကြောင်း၊ အဆိုပါ ကုန်ကျစရိတ်တွင် လမ်းတံတားကြေးများ၊ ကတ္တားကြေးများ၏ ကုန်ကျစရိတ်မှာ စုစုပေါင်းကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းအထိပါဝင်နေကြောင်း ဖော်ပြထားသည်။
ရန်ကုန်-မြ၀တီ ၁၂ ဘီးကုန် ကားတစ်စီး တစ်ခေါက်စာကုန်ကျစရိတ်မှာ ကျပ် ၁၁ သိန်းကျော်အထိ ရှိနေပြီး တန်ပိုတင်သွားသည့်ကား ဆိုပါက တစ်ခေါက်တည်းဖြင့် ကျပ် ၂၂ သိန်းကျော်ကုန်ကျမည်ဖြစ် ကြောင်း၊ ရန်ကုန်-မူဆယ် ၁၂ ဘီး ကုန်ကားတစ်စီး တစ်ခေါက်စာကုန် ကျစရိတ်မှာလည်း ကျပ် ၁၀ ၀န်း ကျင်မှ ၁၂ သိန်းဝန်းကျင်အထိကုန် ကျကြောင်းလည်းသိရသည်။
''BOT လုပ်တဲ့ ကုမ္ပဏီလည်း ငွေရင်းရတာဖြစ်လို့ အကျိုးအမြတ်ယူမယ်ဆိုတာတော့ နားလည်ပါတယ်။ အကျိုးအမြတ်ယူတဲ့ အခါမျတဖို့လိုတဲ့အကြောင်း ပြောတာပါ။ သင့်တင့်အောင် ယူရင်ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုလုပ်ငန်းတွေကို နိုင်ငံတကာမှာ ပုဂ္ဂလိကကိုလုပ်ခွင့်ပေးတယ်ဆိုရင်တောင် ဥပဒေ၊ နည်းဥပဒေခိုင်မာမှ။ နိုင်ငံတကာမှာတော့ ဒီလိုလုပ်ငန်းတွေကိုအစိုးရကပဲ အဓိကတာဝန်ယူလုပ်ကိုင်တာ များတယ်။ ပုဂ္ဂလိကပေးလိုက်တဲ့အတွက် အမြတ်ကိုပဲ အဓိကကြည့်တော့ အဲဒီဒဏ်ကို ပြည်သူပဲခံရတယ်''ဟု ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့ပါသည်။
''အခုလက်ရှိကောက်ခံနေတဲ့ နှုန်းထားများကို ထက်ဝက်လောက်သာ လျော့ကျသွားမယ်ဆိုရင် ကုန်ဈေးနှုန်းကြီးတာတွေလည်း လျော့သွားမယ်။ ကုန်ပို့ခနဲ့ ကုန်ဈေးနှုန်းက ချိတ်ဆက်နေတော့ ကားခကျရင် ကုန်ဈေးနှုန်းကလည်း သက်သာလာမယ်။ လတ်တလောနိုင်ငံမှာ ဆောင်ရွက်နေတာက ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုတာတွေကို ဦးစားပေးဆောင်ရွက်နေတဲ့ ကာလဖြစ်တယ်။ အခြေခံစားသောက်ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ ဒီကုန်ကားတွေရဲ့ လမ်း၊ တံတားကြေး၊ ကားခစသည်ဖြင့်သာ လျော့ကျသွားမယ်ဆိုရင် ကုန်ဈေးနှုန်းကို လျော့ကျစေမှာပါ'' ဟုလည်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးတင်ယုက ပြောကြားခဲ့သည်။

ကားသမားကတော့ လမ်းတံတားကြေးများရင် တန်ဆာခမြှင့်မှာပဲ။ နောက်ဆုံးတော့ စားသုံးသူပဲ ဒီစရိတ်တွေကို ကျခံနေရတယ်

''လမ်းတံတားကြေး၊ ကတ္တားကြေးတွေက မြန်မာနိုင်ငံရဲ့ ဘယ်လမ်းမမှာမဆို အနည်းဆုံးက စုစုပေါင်းကုန်ကျစရိတ်ရဲ့ ၁၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ ပါနေတယ်။ အဲဒီပါဝင်တာတွေကို စားသုံးသူကျခံ နေရတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်လျော့ကျမှာ စားသုံးကုန်တွေ ရဲ့ဈေးသက်သာမှာ။ သယ်ယူပို့ဆောင်ရေးစရိတ်မှာ မလိုအပ်ပဲ အပိုကုန်ကျနေတဲ့အထဲမှာ လမ်းတံတားကြေးတွေလည်းပါနေတဲ့အတွက် ဒါတွေကို လျော့ချဖို့လည်း လိုတယ်ဆိုပြီး ပညာရှင်တွေက စစ်တမ်းကောက်ယူတဲ့အထဲမှာ သုံးသပ်ထားတယ်'' ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

အိမ်နီးချင်းထိုင်းနိုင်ငံ၏ တစ်မိုင်၊ ကုန်ချိန်တစ်တန်သယ်ယူစရိတ်မှာ ကျပ် ၁၀၀ ၀န်းကျင်သာ ကျသင့်ကြောင်း၊ အိန္ဒိယနိုင်ငံဆိုပါက အနီးအဝေးပေါ်မူတည်၍ ကျပ် ၅၀၊ ကျပ် ၆၀ ၀န်းကျင်သာကျသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်မူ ရန်ကုန်-မန္တလေးလမ်းမ ဆိုပါက ၁၃၆၁ ကျပ်အထိ ကျသင့်သည့်အတွက် များစွာကွာဟလျက်ရှိပြီး စားသုံးသူများသာ ကျခံနေရခြင်းဖြစ်၍ လမ်းတံတားကြေးအပြင် အခြားမလိုအပ်ပဲ ကုန်ကျနေရသည့် စရိတ်များကိုပါလျော့ချရန် လုပ်ဆောင်သင့်သည်ဟု သုံးသပ်ကြသည်။
EMG
ကုန်ကား ၁၂ ဘီးတစ်စီး တစ်ခေါက်စာကုန်ကျစရိတ်များ(တစ်တန်သယ်ယူစရိတ်)
ခရီးစဉ် ကုန်ကျငွေ(ကျပ်) လမ်းတံတားဂိတ်ကြေးပါဝင်မှု%
ရန်ကုန်-မန္တလေး ၅၄၅၄၅ ၃၀%
ရန်ကုန်-မြ၀တီ ၇၃၅၆၁ ၂၀%
ရန်ကုန်-မူဆယ် ၁၁၀၃၄၀ ၂၄%
မှတ်ချက်။ တန်ပိုတင်ဆောင်သည့် ၁၂ ဘီးယာဉ်ဆိုပါက အဆိုပါ ကုန်ကျစရိတ်များ၏ နှစ်ဆနီးပါး
ကုန်ကျကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် BOT စနစ်ဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်းအမျိုးအစားနှင့် အရေအတွက်
အမျိုးအစား နိုင်ငံခြားသား နိုင်ငံသား
လျှပ်စစ်စွမ်းအားဖြန့်ဖြူးခြင်း
လမ်း ၄၂
ဆိပ်ကမ်း၊ ဆိပ်ကမ်းနှင့်ဆိုင်သည့်လုပ်ငန်း
နေပြည်တော်လေဆိပ် -
စုစုပေါင်း ၅၆

BOT စနစ်ဖြင့် လုပ်ကိုင်သူများ နိုင်ငံတော်သို့ အခွန်ပေးသွင်းရမည့် သတ်မှတ်ထားချက်များ
(၁) စတင်ကောက်ခံသည့် ပထမ ၃ နှစ်တာကာလအတွက် နိုင်ငံတော်သို့ အခွန်ပေးသွင်းခြင်းကို ကင်းလွတ်ခွင့်ပြု
(၂) ၄ နှစ်မှ ၁၃ နှစ်မြောက်အထိ ၁၀ နှစ်တာကာလအတွင်း ၅ ရာခိုင်နှုန်းပေးသွင်းရန်
(၃) ၁၄ နှစ်မြောက်မှ ၂၃ နှစ်မြောက်အထိ ၁၀ နှစ်တာကာလအတွင်း ၁၀ ရာခိုင်နှုန်းပေးသွင်းရန်
(၄) ၂၄ နှစ်မြောက်မှ ၃၃ နှစ်မြောက်အထိ ၁၀ နှစ်တာကာလအတွင်း ၁၅ ရာခိုင်နှုန်းပေးသွင်းရန်
(၅) ၃၄ နှစ်မြောက်မှ ၃၈ နှစ်မြောက်အထိ ၅ နှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်း ပေးသွင်းရန်
(၆) ၃၈ နှစ်ကျော်ကာလအတွက် အချိန်တိုးမြှင့်ကောက်ခံခွင့် တင်ပြချိန်တွင် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရာခိုင်နှုန်းအတိုင်း ပေးသွင်းရန်
(၇) နှစ် ၄၀ ပြည့်ပြီးနောက် ဆက်လက်ဆောင်ရွက်လိုပါက ကောက်ခံမှုသက်တမ်းကာလကို တစ်ကြိမ်လျှင် ၅ နှစ်အထိ သုံးကြိမ် သက်တမ်းတိုးမြှင့်လုပ်ကိုင်ခွင့်ရရှိရေးကို နိုင်ငံတော်သို့ တင်ပြလျှောက်ထားရမည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis