menu

Wednesday 1 February 2012

တီလားဗီးယား မွေးမြူစားသုံးခြင်း ဂရုပြုသင့်



တီလားဗီးယားငါးများကို ငါးဒိုင်အတွင်း ရောင်းချနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
တီလားဗီးယားငါး မွေးမြူခြင်းနှင့် စားသုံးခြင်းတွင် ကောင်းကွက်အချို့ ရှိနေသော်လည်း ဂရုပြုဆင်ခြင်ရမည့် အချက်များလည်း ရှိနေကြောင်း သုတေသန ပညာရှင်တစ်ဦးက ပြောသည်။
"တကယ်တော့ ဒီတီလားဗီးယားငါးတွေက ပေါက်ပွားနှုန်းလည်းများပြီး ပေါလည်းပေါတော့ လူဦးရေများပြားပြီး စားသုံးမှုများတဲ့ တရုတ်၊ အီဂျစ်၊ အိန္ဒိယလိုနိုင်ငံမျိုးတွေမှာ မွေးတာများပါတယ်။ ဒါပေမယ့် တချို့ နိုင်ငံ တွေမှာ ဒီငါးကို မွေးမြူရာမှာ မွေးတဲ့နေရာတွေကို အကန့်အသတ်နဲ့ လုပ်ကိုင်ကြတာမျိုးပါ။ ဆိုလိုတာက ဒီငါးကို မွေးမြူရေး ဇုန်ထဲမှာပဲ ရှိစေပြီး သဘာဝပတ်ဝန်းကျင်ထဲကို ရောနှောရောက်ရှိမသွားအောင် ထိန်းချုပ်ကြတာ၊ အထီးတစ်မျိုးတည်း မွေးကြတာမျိုးပေါ့။ ဒီမှာတော့ အဲဒီလိုအတွေးမျိုးရှိတာ သိပ်မတွေ့ရဘူး။ ဒီတော့ အခုဆို ကျွန်တော်တို့ မျိုးရင်း ငါး တွေဖြစ်တဲ့ ငါးပြေမတို့၊ ငါးကြင်းဖြူ၊ ငါးကြင်းရွှေဝါတို့ဆိုတာ တွေ့ဖို့ခက်လာပြီ"ဟု သုတေသနပညာရှင် ဒေါက်တာ သန်းထိုက်စိုးက ပြောသည်။

တီလားဗီးယားငါးမှာ မြန်မာငါး မဟုတ်သည့်အတွက် မြန်မာနာမည် မရှိကြောင်း၊ ၎င်း၏ မူလမျိုးရင်းမှာ အီဂျစ်၊ အာဖရိက ဘက်မှဖြစ်ပြီး Fish of the Nile ဟုလည်း နိုင်းမြစ်တွင် လူသိများကြောင်း ဆိုသည်။
"မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် မှာ ကျွန်တော်တို့ ဒီကငါးမွေးမြူရေး ကန်တွေကို လေ့လာကြည့်ခဲ့တဲ့အခါ ကန်အများစုက ဖော် ရောင်းတဲ့ငါးတွေမှာ ၉၀ ရာခိုင် နှုန်းလောက်က တီလား ဗီးယားငါးတွေ ပဲဖြစ်နေတယ်။ တောင်သမန်အင်းတို့၊ မိတ္ထီလာကန်တို့ဘက်မှာ လည်း ဒီအတိုင်းပဲ။ စက်ရုံတွေကစွန့် ထုတ်တဲ့ ရေဆိုးတွေ၊ ရေညစ်တွေထဲမှာ တခြားမြန်မာငါးမျိုး ရင်းတွေက ရှင်သန်ဖို့ခက်ပေမယ့် သူတို့က နေနိုင်ပါတယ်။ မြောင်းပုပ်၊ မြောင်းစပ်တွေမှာလည်း တွေ့ရတာပဲ။ ပြီးတော့ ကြီးထွားပေါက် ပွားနှုန်းလည်း များတော့ အစာဆိုလည်း သူတို့ကပဲ လွှမ်းမိုးလာပြီး တခြားငါးမျိုးတွေက တဖြည်းဖြည်း ဘေးရောက်ပြီး ပျောက် ကုန်ပါတယ်"ဟု ဒေါက်တာ သန်းထိုက်စိုး က ဆက်လက်ပြောသည်။
အင်တာနက်မှ သတင်းများအရ တီလားဗီးယားမှာ ရေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ပြီး အီဂျစ်ပြီးလျှင် တရုတ်မှာ တီလားဗီးယား ငါးမွေးမြူမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။
"ငါးတွေမှာပါဝင်တဲ့ omega - 3 fatty acid က လူတွေရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် တီလားဗီးယား မှာတော့ ကျန်းမာ ရေးအတွက် မကောင်းတဲ့ omega- 6 ပါလို့ ငါးစားတိုင်းကောင်းတာ မဟုတ်ပြန်ပါဘူး။ ဒီငါးတွေကို မွေးမြူရာမှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်ချက်နဲ့ အကန့်အသတ်ထားပြီး လုပ်ဆောင်သင့်ပါတယ်"ဟု ဒေါက်တာ သန်းထိုက်စိုးက ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis