menu

Wednesday 1 February 2012

ကြားဖြတ်ရွေးကောက်ပွဲ နေ့တွင် မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား တိုက်တွန်း





ကြားဖြတ်ရွေးကောက်ပွဲနေ့ တွင် မဲပေးကြရန် ပြည်သူများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က လောင်းလုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူများအား နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကိုယ့်ရဲ့အင်အားကို ကိုယ်ယုံကြည်ရမယ်။ အဲဒါတော့ ကျွန်မ သတိပေးပါရစေ။ ပြည်သူတွေဟာ ကိုယ့်အင်အားကို ကိုယ်ယုံကြည်ပါ။ ငါတို့ဟာ ဆင်းရဲလို့ဆိုတာ၊ ဆင်းရဲသားဆိုတာမျိုးကို စိတ်ထဲလုံးဝမထား ပါနဲ့။ ဆင်းရဲသားမှာလည်း မဲတစ်ပြားရှိတယ်။ သူဌေးမှာလည်း မဲတစ်ပြားပဲရှိတာပဲ။ အားလုံးဟာ ရွေးကောက်ပွဲနေ့မှာ တန်းတူညီတူပဲ။ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်ကနေ အစ ဘာရာထူးမှ မရှိတဲ့ နိုင်ငံသူ၊ နိုင်ငံ သားအားလုံးဟာ မဲတစ်ပြားပဲပေးခွင့်ရှိတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲနေ့မှာ ငါဟာ လူတိုင်းနဲ့ တန်းတူပဲဆိုပြီး ပြောလို့ရတယ်။ ငါဟာ သမ္မတကြီးနဲ့ တန်းတူပဲဆိုတာကိုလည်း
ရွေးကောက်ပွဲနေ့မှာ ပြော ပိုင်ခွင့်ရှိတယ်။ ငါဟာ နိုင်ငံခေါင်းဆောင်ပဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ကြားဖြတ် ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ။ နောက်ပြီးတော့ မဲပေးလည်း မမှားကြပါနဲ့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးကြပါ။ တနင်္သာရီက ပြည်သူပြည်သားတွေ ကျန်းမာ ချမ်းသာကြပါစေ။ ကောင်းကျိုး လိုရာဆန္ဒနဲ့ အမြန်ဆုံး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis