menu

Friday 7 February 2014

ရုပ်ရှင်အနုပညာလောကကြီးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ပုံစံအနေအထားမှာပဲ ရပ်နေတုန်းလို့ ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ ပြေတီဦး


အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပြီး မကြာသေးခင်ကမှ လက်ပံရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကယ်ဒမီပူပူနွေးနွေး ထပ်ပြီးရရှိထားတဲ့ ပြေတီဦးကို သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ အတူရုပ်ရှင်လောကပေါ်မှာမြင်မိတဲ့ အမြင်နဲ့ စိတ်ခံစားချက် တစ်ချို့ကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘အစ်ကို အခုမိုးဟေကိုနဲ့ မျက်ရည်ကင်းမဲ့ဇုန် ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေး ရိုက်နေပါတယ်။ ဒါပြီးသွားရင်လည်း နောက်ထပ် ဗီဒီယိုဇာတ်ကားလေးတွေ ရိုက်ဖို့ လက်ခံထားတာတွေရှိပါတယ်။’လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိရုပ်ရှင်လောကနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘အခုချိန်မှာတော့ အစ်ကိုတို့ ရုပ်ရှင်လောကက လိုအပ်ချက်ပေါင်းမြောက်များစွာ ရှိနေပါတယ်။ လူတွေအားလုံးက ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး အားလုံးက upgradeဖြစ်လာကြတယ်။ ဒါပေမဲ့ အစ်ကိုတို့ရဲ့ ရုပ်ရှင်အနုပညာကကျတော့ upgrade မဖြစ်လာပဲနဲ့ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကရှိခဲ့တဲ့ ပုံစံအနေအထားမှာပဲ ရပ်နေတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အစ်ကိုတို့ရဲ့ ရုပ်ရှင်လုပ်ငန်းကိုလဲ ခေတ်နဲ့ အညီအားလုံး upgradeလိုက်လုပ်ဖို့ လိုအပ်နေပြီလို့ အစ်ကိုယူဆပါတယ်’တဲ့။
နိုင်ငံခြားမှာသွားပြရုံနဲ့ နိုင်ငံတကာအဆင့်မီဇာတ်ကား ဖြစ်ပြီလို့ ပြောလို့ မရကြောင်းကိုလည်း သူက
‘နိုင်ငံခြားမှာ သွားပြီးပြနေတယ်ဆိုပေမဲ့ နိုင်ငံခြားမှာရှိတဲ့ နိုင်ငံခြားသားကိုပြတာမဟုတ်ဘူး။ နိုင်ငံခြားမှာနေနေတဲ့ မြန်မာလူမျိုးတွေကိုပဲ ပြနေတာ။ အဲဒါကြောင့်မို့လည်းပြလို့ရတာ။ တကယ့် တကယ် နိုင်ငံခြားကိုသွားပြဖို့ အဆင့်အတန်းဆိုရင် ဒီအဆင့်အတန်းနဲ့မရဘူး။ အသံတွေရဲ့ကွာလတီ၊ အရုပ်တွေရဲ့ကွာလတီတွေ၊ နောက်ဒါရိုက်တာတွေရဲ့ပညာတွေ၊ Editing တွေအစစအရာရာ အားလုံးမှာ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။ ကမ္ဘာအဆင့်အတန်းမှီလာတာ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးကို ကိုယ်ပြတဲ့အဆင့်ပဲရှိပါသေးတယ်။ နိုင်ငံတကာ အဆင့်မှီဖို့ ဘယ်လောက်ကြိုးစားရအုံးမလဲ ဆိုတော့ ကြာအုံးမယ်။ အစ်ကိုတို့ရဲ့ရုပ်ရှင်လောကမှမဟုတ်ဘူး။ ဒီမြန်မာနိုင်ငံမှာရှိနေတဲ့ ကဏ္ဍအစုံ အသီးသီးက မှားယွင်းတဲ့လမ်းကြောင်းတွေပေါ်မှာပဲ လျှောက်လာခဲ့ကြတာ နှစ်ပေါင်းတွေ အရမ်းကြာပြီဆိုတော့ ဒီဟာကြီးတစ်ခုလုံးကို ချက်ချင်း လမ်းမှန်ပေါ်ရောက်ဖို့ဆိုတာ အချိန်ကာလတိုတိုလေးနဲ့ ဘယ်လိုမှမဖြစ်နိုင်သေးဘူး။ အချိန်တွေကတော့ယူကြရအုံးမှာပဲ။ အဓိကကလိုအပ်ချက်တွေ အများကြီးရှိနေသေးတော့ အစ်ကိုတို့အနေအထားနဲ့ ကျတော့ပြောဖို့ သိပ်ပြီးမလွယ်လှဘူး။ ဘာကြောင့်လဲဆိုတော့ အစ်ကိုတို့ထက်ဝါရင့်တဲ့၊ သမ္ဘာရင့်တဲ့တတ်တဲ့ နားလည်တဲ့ ပညာရှင်တွေ အများကြီးရှိသေးတယ်ဆိုတော့ သူတို့တွေပြောပြတာ ပိုအဆင်ပြေမယ်ထင်ပါတယ်။ အစ်ကိုကတော့ အလုပ်တွေမရှိတဲ့အချိန်မှာ မိသားစုနဲ့အတူတူ နေပေးဖြစ်ပါတယ်။ သမီးလေးအပေါ်မှာထားတဲ့ မိဘမေတ္တာစိတ်ကတော့ မိဘတိုင်းရဲ့ စိတ်ခံစားချက်နဲ့အတူတူပဲဖြစ်မှာပါ။ အစ်ကိုကတော့ သမီးလေးပေးမှာ သိပ်ပြီးမျှော်လင့်မထားပါဘူး။ သူဘာကိုဝါသနာပါတာလဲ။ သူဘာဖြစ်ချင်တာလဲ။ သူဘာလုပ်ချင်တာလဲ။ ဖြစ်ချင်တဲ့အရာပေါ်မှာပဲအကောင်းဆုံး Support လုပ်ပေးဖို့ပဲ စဉ်းစားထားပါတယ်။ နောက်ထပ်ကလေးရဖို့ရှိရင်လည်း ယူအုံးမှာပါ’လို့ သူက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis