menu

Friday 7 February 2014

ဘ၀နှင့် ဆန္ဒ

Photo: #emg_opinions

ဘ၀နှင့် ဆန္ဒ

Written By - ကိုသိန်း (ကျောက်ကြီး)

လူရယ်လို့ ဖြစ်လာကြတဲ့အခါ ဘယ်သူမဆို လူသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေနဲ့ လူတမ်းစေ့နေထိုင်လိုကြပြီး ဖြစ်တည်လာတဲ့ ဘ၀တွေနဲ့အတူ ဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်း ထပ်တူ ရှိချင်ကြမှာပါ။ ဒါကြောင့်မို့လည်း အချိန်တန် အရွယ်ရောက်ကြကတည်းက အိုမင်းရင့်ရော်တဲ့အထိ နေ့ရောညပါ မိမိတို့ဆန္ဒတွေ ပြည့်ဝလာအောင် ဆန္ဒပြည့်ဝချင်သူတိုင်း မနားမနေ လှုပ်ရှားရုန်းကန် ဆောင်ရွက်နေကြခြင်းပဲဖြစ်ပါတယ်။ ဆင်းရဲတွင်းမှာ ကျရောက်နေကြတဲ့ ပြည်သူအများစုက ဆင်းရဲတွင်းက လွတ်ကင်းအောင် ရုန်းကန်နေကြသလို စီးပွားရေးသမားတွေကလည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အောင်မြင်သထက် အောင်မြင်အောင် နည်းမျိုးစုံသုံးပြီး ကြံဆောင်နေကြမှာပါ။ ထို့အတူ နိုင်ငံရေးပါတီအသီးသီးကလည်း သူတို့ချမှတ်ထားတဲ့ လမ်းစဉ်၊ မူဝါဒတွေ အကောင်အထည်ပေါ်လာအောင် မလျှော့သောဇွဲလုံ့လတွေနဲ့ ကြိုးပမ်းဆောင်ရွက်နေမှာဖြစ်သလို အာဏာရ အသိုင်းအ၀ိုင်းကလည်း သူတို့ရဲ့ဘ၀နဲ့ သူတို့ရဲ့အာဏာတွေ ဆက်လက်တည်မြဲနိုင်ရေး၊ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝသထက် ပြည့်ဝနိုင်ရေးအတွက် ခေါင်းစဉ်တွေအမျိုးမျိုးပြောင်းကာ လှုပ်ရှားကြံစည်နေကြမယ် ထင်ပါတယ်။

တကယ်တမ်းကျတော့ လူ့လောကရဲ့ အနှစ်သာရဟာ ငြိမ်းချမ်းခြင်းနဲ့အတူ ပျော်မွေ့စွာ အသက်ရှင်နိုင်တာအပြင် ဘာမှမရှိပါဘူး။ ဒါပေမဲ့ ယနေ့ပြည်သူအများစုရဲ့ လက်တွေ့ဘ၀ဟာ ငြိမ်းချမ်းမှုတွေကင်းဝေးပြီး ပျော်ရွှင်မှုတွေအစား နိုင်ငံအနှံ့မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပင်မှုတွေနဲ့သာ နပန်းလုံးနေကြတဲ့ သောကပင်လယ်ဝေနေကြတဲ့ ဘ၀တွေကများပါတယ်။ ပြည်သူတွေဖြစ်ချင်တဲ့ ဆန္ဒနဲ့ လက်တွေ့ဘ၀တွေဟာ ကွာခြားချင်တိုင်း ကွာခြားနေတယ်ဆိုတာ စစ်တမ်းကောက်ယူစရာတောင် လိုမယ်မထင်ပါဘူး။ ဒါကြောင့်မို့လည်း နှစ်ပေါင်းများစွာ ပြည်သူတွေရဲ့ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းနေမှုတွေကို အဆုံးသတ်နိုင်အောင် ပြည်သူတွေရဲ့ဆန္ဒ ပြည့်ဝလာအောင် လူမှုရေးအဖွဲ့အစည်းအသီးသီးနဲ့ နိုင်ငံရေးပါတီအသီးသီးဟာ ဒီနေ့ဒီအချိန်အခါမှာ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကြိုးပမ်းဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။

ဘ၀ရပ်တည်ရှင်သန်နိုင်ရေး၊ မိမိတို့ဆန္ဒတွေ ပြည့်ဝလာစေရေးအတွက် ပြည်သူအများစုက ခန္ဓာကိုယ်နဲ့ရင်းပြီး နေ့ရောညပါ ခက်ခဲပင်ပန်းကြီးစွာ ရုန်းကန်နေကြရပေမယ့် ဖုန်းလေးတစ်ချက်ဆက်၊ ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့တင် စေလိုရာစေနိုင်ကြပြီး ကြီးပွားချင်တိုင်း ကြီးပွားနေကြတဲ့ အခွင့်ထူးခံလူတန်းစားတွေ ယနေ့အချိန်ထိ ရှိနေခြင်းဟာ လူတန်းစားမညီမျှမှုတွေကို ဖော်ပြနေသလို လက်ရှိနိုင်ငံရေးသရုပ်ကို ဖော်ပြနေခြင်းလည်းဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေအရ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေပြီလို့ ကြွေးကြော်ထားပေမယ့် လက်တွေ့မှာ လွတ်လပ်တဲ့ စီးပွားရေးဈေးကွက် အစစ်အမှန် ပျောက်ဆုံးနေပြီး လက်ဝါးကြီးအုပ် စီးပွားရေးစနစ်သာ ရှင်သန်နေတယ်ဆိုတာ မသိကျိုးကျွန်ပြုနေရမယ့်အချိန် မဟုတ်တော့ပါဘူး။ နိုင်ငံအနှံ့မှာရှိနေကြတဲ့ ပြည်သူအများစုက သူတို့ရဲ့ဘ၀ ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေပူမိုးရွာမရှောင် တစ်နေကုန်တစ်နေခန်း ကုန်းရုန်းလုပ်မှ လုပ်အားခအဖြစ် ငွေကျပ် ၃၀၀၀ ကျော်ခန့်သာ ရရှိနေချိန်မှာ ပုဂ္ဂလိကနာမည်ကြီးရုပ်သံလိုင်းတွေ ပိုင်ဆိုင်ထားတဲ့ ခရိုနီတွေကတော့ ကြော်ငြာခတစ်မျိုးတည်းမှာတင် အခွန်အခကင်းစွာနဲ့ တစ်မိနစ်ကို ငါးသိန်းကနေ ၁၁ သိန်းအထိ ရရှိနေခြင်းတွေဟာ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ရှင်သန်နေမှုတွေကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။

အမှန်တကယ်တော့ နိုင်ငံသားတိုင်း အခွင့်အရေးတွေ တန်းတူညီမျှမှုမရှိခြင်းဟာ ယနေ့လို ပွင့်လင်းထင်သာ မြင်သာလာတဲ့ အချိန်အခါမျိုးမှာ မဖြစ်သင့်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့သဘောသူ ဆောင်နေကြတာပါပဲ။ 
ငါ့ကိုလုပ်သမျှ အကောင်းပဲလို့ထင်နေကြတဲ့ တစ်ဖက်သတ်လုပ်ရပ်နဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေ၊  တစ်ဖက်သတ်အမြင်တွေ၊ စကားစကား ပြောပါများ စကားထဲက ဇာတိပြဆိုသလို ငါတို့ပြောသမျှခံရမှာပဲလို့ထင်ပြီး ပြောဆိုချင်တိုင်း ပြောဆိုနေကြတဲ့ အနှောင့်အသွားမလွတ်တဲ့စကားတွေဟာ ဘယ်ဆီဘယ်ဝယ် ခြေလှမ်းလှမ်းနေကြသလဲဆိုတဲ့ အမြင်တွေကို ပိုပြီးထင်ဟပ်စေပါတယ်။ 
တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကို "သတ်တာ"ပါ။ ဒါပေမဲ့ နှစ်ဖက်စလုံးသေသွားပြီး ဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကိုတော့ သတိမူဖို့လိုကြပါလိမ့်မယ်။ ပုဒ်မ ၅၉ (စ)အပါအ၀င် အရေးကြီးပုဒ်မများအားလုံး မပြင်ဆင်ရန် လူတစ်သိန်းကျော်အကြံပြုထားတယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ ဖော်ပြချက်ဟာ အခြေအမြစ်မရှိ ဖန်တီးမှုတစ်ခုသာဖြစ်နိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထားမှုတွေကိုကြည့်ရင် တစ်ဖက်သတ်ဆန်တဲ့လုပ်ရပ်တွေအဖြစ် သုံးသပ်နိုင်ကြမယ်ထင်ပါတယ်။ တစ်ဖက်သတ်အမြင်နဲ့ တစ်ဖက်သတ်ဆန္ဒတွေရှိနေသမျှ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ် ပီပြင်စွာပေါ်ပေါက်လာဖို့ဆိုတာ အလှမ်းဝေးနေဦးမယ် ထင်ပါတယ်။ 

ဒီလိုပါပဲ အုပ်ချုပ်သူလူတန်းစားတွေနဲ့ အုပ်ချုပ်ခံထားရတဲ့ ပြည်သူတွေဟာ ဘ၀တွေကွာခြားနေကြတော့ အမြင်တွေနဲ့ဆန္ဒတွေ အမျိုးမျိုးကွဲပြားနေမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးအတွက် တူညီတဲ့အမြင်၊ တူညီတဲ့ဆန္ဒတွေရှိနေကြဖို့တော့ လိုပါလိမ့်မယ်။ အရာရာမှာ ပြီးပြည့်စုံနေပြီဖြစ်တဲ့ အုပ်ချုပ်သူအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ၊ အခွင့်ထူးခံလူတန်းစားတွေ၊ ခရိုနီလူတန်းစားတွေအနေနဲ့ အောက်လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတဲ့ လက်တွေ့ဘ၀တွေကို ဘယ်နည်းနဲ့မှ ပြည့်ပြည့်၀၀ နားလည်သိရှိမှာမဟုတ်သလို အောက်ခြေလူတန်းစားတွေရဲ့ ဆန္ဒတွေကိုလည်း နားလည်အောင် ကြိုးစားပေးကြမှာ မဟုတ်ပါဘူး။ ဒီလောက်တောင် ငါတို့လုပ်ပေးထားပါလျက်၊ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးထားပါလျက်နဲ့ ဘာတွေများ ထပ်ပြီးတောင်းဆိုနေချင်ကြတာလဲဆိုတဲ့ စိတ်မျိုးတွေ ၀င်နေကြမှာ သေချာလှပါတယ်။ "ငါ"ဆိုတဲ့ အတ္တစွဲကို ရှေ့တန်းတင်ထားသမျှ စာရေးသူတို့ရဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ ငြိမ်းချမ်းမှုရနိုင်မှာမဟုတ်သလို တရားမျှတမှုဆိုတာလည်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။

ဘ၀တွေရှိနေရင်တော့ ဆန္ဒတွေဖြစ်ပေါ်လာတာဟာ ဓမ္မတာပါပဲ။ ယခင်စစ်အစိုးရ အဆက်ဆက်က မညီမျှမှုတွေကို ပြည်သူအများစုက အားမတန် မာန်လျှော့ကာ မျိုသိပ်ထားခဲ့ကြရပေမယ့် ယနေ့လို ပွင့်လင်းထင်သာမြင်သာရှိလာတဲ့ အခြေအနေတွေမှာ ပြည်သူတွေရဲ့ဆန္ဒတွေ ပွင့်အန်လာကြလို့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တာတွေ၊ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပုဒ်ထီး၊ ပုဒ်မတွေ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာတွေ၊ နိုင်ငံပိုင်မြေနေရာနဲ့ အဆောက်အအုံတွေကို မဖြစ်စလောက်နှုန်းထားတွေနဲ့ မတရားသိမ်းယူခဲ့မှုအပေါ် ဆန္ဒပြခဲ့မှုတွေ၊ လက်ပံတောင်းတောင်ဖြစ်စဉ်တွေ၊ မြစ်ဆုံဖြစ်စဉ်တွေ၊ လယ်ယာမြေနဲ့ ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးခဲ့မှုဖြစ်စဉ်တွေကြောင့် နိုင်ငံအနှံ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဟာ ပြည်သူတွေရဲ့ ဆန္ဒမှန်တွေပဲဆိုတာ နားလည်လက်ခံပေးကြဖို့ လိုပါလိမ့်မယ်။

လက်ရှိအနေအထားတွေအရ ပြည်သူအများစုဟာ သူတို့ဘ၀နဲ့ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေ တစ်ထပ်တည်းမကျခဲ့လို့ ရုန်းကန်လှုပ်ရှား ကြိုးစားသလောက် အကျိုးအမြတ် မခံစားကြရလို့ ညီမျှမှုမရှိတဲ့ အခွင့်အရေးတွေ၊ မျှတမှုမရှိတဲ့ တရားစီရင်ရေးတွေရှိနေသေးလို့ လက်ရှိနိုင်ငံရေးအခြေအနေတွေကို ပြုပြင်ပြောင်းလဲနေချင်ကြတာပါ။ ဒီနေ့အချိန်အခါမှာ ပြည်သူအများစုရဲ့ ဘ၀နဲ့ဆန္ဒ အစစ်အမှန်တွေကို ပြုပြင်ပြောင်းလဲနေချင် ကြတာပါ။ ဒီနေ့ဒီအချိန်အခါမှာ ပြည်သူအများစုရဲ့ ဘ၀နဲ့ဆန္ဒ အစစ်အမှန်တွေကို ပစ်ပယ်ထားလို့ မရနိုင်တော့ပါဘူး။ ပြည်သူတွေရဲ့ လက်တွေ့ဘ၀တွေကို ပြုပြင်ပြောင်းလဲ တိုးတက်စေချင်တဲ့ ဆန္ဒအစစ်အမှန်ရှိကြမယ်ဆိုရင် ပြည်သူတွေရဲ့ လက်တွေ့ဘ၀ထဲ အရောက်ဆင်းကြဖို့တော့ လိုကြပါလိမ့်မယ်။ သို့ဖြစ်၍လည်း နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို ရှေးရှုပြီး ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအ၀င် ပြည်သူ့အကျိုးနဲ့ နိုင်ငံတော်အကျိုးစီးပွားကို အမှန်တကယ်လိုလားတဲ့ ဆန္ဒအစစ်အမှန်ရှိကြတဲ့ တပ်မတော်သားအပေါင်းတို့ဟာ ပူးပေါင်းလက်တွဲပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းထက် သာလွန်ကောင်းမွန်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးနိုင်မှသာ ပြည်သူတွေရဲ့ ဘ၀နဲ့ဆန္ဒတွေ ပြောင်းလဲ ပြည့်ဝလာလိမ့်မယ် ထင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

(လက်ပံတောင်းတောင်အနီးတွင် သံဆူးကြိုးချဲ့ထွင်ခတ်မှုကြောင့် ဒေသခံများနှင့် လုံခြုံရေးများ ဖေဖော်ဝါရီ ၅ ရက်က ထိပ်တိုက်တွေ့ဆုံစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis